ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများနှင့် တွေ့ဆုံမေးမြန်းခြင်း

၈ ဇွန်

အပိုင်း (၁)

မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး သဘောတူညီချက်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ကြပါသည်။

ထို့ပြင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ ၁၉၉၃ ခုနှစ် သဘောတူညီချက်တွင် သဘောတူညီခဲ့သည့်အတိုင်း နေရပ်စွန့်ခွာသူများ ပြန်လည် ရောက်ရှိလာလျှင် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခြင်း မရှိပါက အရေးယူခြင်း ပြုမည်မဟုတ်ကြောင်း နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါသည်။

ယခုအခါ မိမိသဘောဆန္ဒဖြင့် ပြန်လည် ဝင်ရောက်လာသော နေရပ်စွန့်ခွာသူ အချို့မှာ အကြမ်းဖက်မှုတွင် ပါဝင်ခဲ့ခြင်း ရှိ ၊ မရှိ စိစစ်မှုခံယူပြီးနောက်     မောင်တောမြို့နယ်ရှိ မိမိတို့နေရပ် အသီးသီးတွင် ပြန်လည်ရောက်ရှိ နေထိုင်နေကြပြီဖြစ်ရာ ၎င်းတို့အား  သတင်းအဖွဲ့က သွားရောက် တွေ့ဆုံမေးမြန်းထားပါသည်။

 

အီမာနူရ်ဆောင်း

နေရပ် - ယခင် ရွှေဇားကျေးရွာအုပ်စု ၊ ရွှေဇားအလယ်ကျေးရွာ

ယခု - ရွှေဇားအုပ်စု မိမိနေအိမ်

ဒီမြန်မာနိုင်ငံဘက်ကို ဟိုဘက်ကမ်းကနေ    ပြန်ရောက်လာခဲ့ပါတယ်။ ကျွန်တော့် မိသားစုကတော့ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းကို သွားနေပါတယ်။ ကျွန်တော်ကတော့   မြန်မာနိုင်ငံဘက်ခြမ်း ကျွန်တော့်အိမ်ကို ကျွန်တော် ပြန်လာနေထိုင်တာပါ။ ကျွန်တော့်မိသားစုကိုလည်း ပြန်ခေါ်မှာပါ။ သူတို့က ဒုက္ခသည်စခန်းမှာ သွားနေတာ ဖြစ်တဲ့အတွက် ဒုက္ခသည် စာရင်းအတိုင်း ပြန်လာမှာကိုပဲ ကြိုဆိုနေမှာပါ။ ဒီမှာနေရတာ အဆင်ပြေပါတယ်။ ဒီမြန်မာနိုင်ငံမှာ ပြန်လာတာဖြစ်တဲ့အတွက် NVC ကတ်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ကျွန်တော်နာခံပါမယ်။ ဒီမှာ စားဝတ်နေရေး အတွက်ကိုတော့ အရင်တုန်းကလိုပဲ   ငါးဖမ်းလုပ်ငန်းကိုပဲ ဆက်ပြီးတော့ လုပ်ကိုင်မှာပါ။

 

ဆူဖရာဘီဘီ

နေရပ် - ယခင်  ကညင်တန်းကျေးရွာအုပ်စု မောင်နီရွာ

ယခု ကညင်တန်း(မြို့မ) ၊ မိမိနေအိမ်

ဒီကို  ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းကနေ  ပြန်ရောက်လာတာပါ။    ကျွန်မ မြန်မာနိုင်ငံက ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာပဲ နေချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကိုတော့ ဆေးကုဖို့ပဲ သွားခဲ့တာပါ။   ကျွန်မက အခု အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း နေပါမယ်။    NVC ကတ်လုပ်ဖို့ အတွက်ကတော့ မိသားစုနဲ့ တိုင်ပင်ရပါဦးမယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ရှိတဲ့သူတွေကိုလည်း မြန်မာနိုင်ငံဘက်ကိုပဲ ပြန်လာစေချင်ပါတယ်။

 

ဖေရုဒုစ်

နေရပ် - မြို့မတောင်ရပ်ကွက်၊ ဖေဇီရွာ

ယခု - ကညင်တန်း(မြို့မ)

ကျွန်မလောလောဆယ်တော့ မြို့မကညင်တန်းမှာ အဖေနဲ့ နေပါတယ်။   ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားခဲ့တာက  ကျွန်မညီမတစ်ယောက် လက်ကျိုးသွားလို့ သူ့ကို စောင့်ရှောက်ဖို့၊ ဝိုင်းဝန်းကူညီပေးဖို့အတွက် လိုက်သွားခဲ့တာပါ။   ဆေးရုံမှာ ခြောက်ရက်တိတိ နေခဲ့ပါတယ်။ ခြောက်ရက်နေပြီး ဆေးရုံဆင်းတာနဲ့ ဒီမြန်မာနိုင်ငံဘက်ကမ်းကို ပြန်လာပါတယ်။ အခုဒီကနေ ထွက်ပြေးတဲ့သူတွေ နေတဲ့နေရာနဲ့ ဆေးရုံနဲ့ အဝေးကြီးပါ။ အဲဒီဘက်ကိုတော့ မသွားခဲ့ပါဘူး။

အဲဒီဘက်မှာ လူတွေအများကြီး ရောက်နေတယ် ဆိုတာတော့ သတင်းကြားပါတယ်။ သူတို့ တွေကို ဘင်္ဂလားဒေ့ရှ်ဘက်က အထောက်အပံ့တွေ ပေးနေတာကိုလည်း ကြားပါတယ်။ ကျွန်မက မြန်မာနိုင်ငံမှာ နေတဲ့အတွက် မြန်မာနိုင်ငံကိုပဲ သဘောကျပါတယ်။ အခု NVC ကတ်ကတော့ ကျွန်မ တစ်ယောက်တည်းပဲ ရထားပါတယ်။ ကျွန်မအဖေကတော့ NVC ကတ်ကို မယူပါဘူး။ ကျွန်မက မြန်မာနိုင်ငံမှာ နေတဲ့အတွက် မြန်မာနိုင်ငံရဲ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီးတော့ နေမှာပါ။

 

နော်ဂူမူလ္လာ

နေရပ် - (ယခင်  ညောင်ချောင်းကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာ)

(ယခု ) ညောင်ချောင်းကျေးရွာ

ကျွန်တော်ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆေးကုဖို့အတွက် သွားခဲ့တာပါ။ ဆေးကုရင်းနဲ့ ဘာလူကာလီ ဒုက္ခသည်စခန်းကိုတော့ တစ်ရက်နှစ်ရက် သွားနေပြီး အဲဒီက အုပ်ချုပ်ရေးမှူးရုံးမှာ တည်းခိုခဲ့ ပါတယ်။   အခုကတော့ ပြန်ပြီးနေကောင်းသွားပါပြီ ။ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို လောလောဆယ် တော့မသွားတော့ပါဘူး။ အဲဒီ ဒုက္ခသည် စခန်းမှာတော့ ကျွန်တော့်ရဲ့ ဆွေမျိုးသားချင်းလည်း မရှိပါဘူး။ သူငယ်ချင်းတွေလဲ မရှိပါဘူး။ ကျွန်တော် ဆေးကုဖို့ အချိန်မကျသေးတဲ့အတွက်ကြောင့် အဲဒီ ဒုက္ခသည်စခန်းမှာ နှစ်ရက်လောက် သွားပြီးနေတာပါ။

ကျွန်တော့မိသားစုကလည်း မြန်မာနိုင်ငံမှာရှိပါတယ်။ မောင်တောမြို့မှာပဲနေကြပါတယ်။ NVC ကတ်ကတော့ ကျွန်တော်တစ်ယောက်တည်းပဲရထားပါတယ်။ ကျွန်တော့မိသားစုမှာတော့ မရှိပါဘူး။ မြန်မာနိုင်ငံမှာ ရှိသရွေ့ NVC ကတ်ကို လုပ်ရမယ်လို့ ကျွန်တော် ထင်ပါတယ်။   အသက်မွေးဝမ်းကျောင်းအနေနဲ့ကတော့ ကျွန်တော်က အရင်က အငှား အလုပ်သမား တစ်ယောက် ပါ။ အခုကတော့ ကျွန်တော်ဆိုင်ခန်းတစ်ခန်းဖွင့်ဖို့အတွက် စိတ်ကူးနေပါတယ်။ ဟိုဘက်မှာရှိနေတဲ့ သူတွေကိုလည်း ပြန်လာဖို့အတွက် အကြံပေးချင်ပါတယ်။

 

အော်ဒါဟူဆောင်း

နေရပ် - ယခင် (ကျောက်ပြင်ဆိပ်ကျေးရွာ အုပ်စု ၊ တောင်ရွာ)

ယခု ( ကျောက်လှေကားကျေးရွာ၊ ဦးလေးနေအိမ်)

ကျွန်တော်ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ နှစ်လတိတိနေခဲ့ပါတယ်။   ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ကျွန်တော့် မိသားစုလေးယောက်ရှိပါတယ်။ ကျွန်တော်ပြန်လာမယ်ဆိုတော့ သူတို့ကို ခေါ်ပါတယ်။ ဒါပေမယ့်မလာကြပါဘူး။    ကျွန်တော်ကတော့ NVC ကတ်ရှိတဲ့အတွက် ဒီဘက်မှာပဲနေမှာပါ။   ဒီဘက်ခြမ်းကိုပြန်လာဖို့အတွက်ကိုတော့ ဘင်္ဂလားဒေ့ရှ်ဘက်က အာဏာပိုင်တွေ တာဝန်ရှိသူတွေ ပြောလို့မဟုတ်ပါဘူး။ ကျွန်တော့်စိတ်နဲ့ကျွန်တော် ပြန်လာတာပါ။

ဘဝနေထိုင်မှုအတွက် လုံခြုံတာကတော့ ဒီဘက်မှာပဲ ကောင်းပါတယ်။   ဒီဘက်ကိုပြန်ရောက်တော့ မြန်မာအစိုးရဘက်နေ အိုး၊ ခွက်တွေ ထောက်ပံ့ပေးထားပါတယ်။

 

မာမတ်အီလီယာ့စ်

နေရပ် - ယခင် (ရွှေဇားကျေးရွာအုပ်စု ရွှေဇားမြောက်ကျေးရွာ)

ယခု ( ရွှေဇားမြောက်ကျေးရွာ)

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ   ငါးရက်လောက်နေပြီး မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်လာတဲ့ အချိန်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက် လောက်က သွားခဲ့တာပါ။ ကျွန်တော့် မိသားစုကတော့ မောင်တောမြို့မှရှိပါတယ်။

အခုကတော့ ကျွန်တော့်မှာ NVC ကတ်ယူထားပါတယ်။ NVC ကတ်လုပ်ထားရင်   ကျွန်တော်တို့ စီးပွားရေးအတွက် အထောက်အကူဖြစ်နိုင်မယ် ဆိုပြီးတော့ ယူထားပါတယ်။ ကျွန်တော့်မိသားစု ကတော့ NVC ကတ် မယူပါဘူး။ ကျန်တဲ့သူတွေ NVC ကတ် ဘာကြောင့် မလုပ်ဘူးဆိုတာကိုတော့ ကျွန်တော်   မသိပါဘူး။ အသက်မွေးဝမ်းကျောင်း အနေနဲ့ကတော့ ဆိုက်ကားနင်းပါတယ်။

အချုပ်ကနေ ထွက်ပြီးတဲ့နောက်ပိုင်း ဆန်ရယ်၊ ဆီ၊ ပဲနီ၊ အိုးခွက်ပန်းကန်တွေ၊ အင်္ကျီနဲ့ ပုဆိုးကို အစိုးရကနေ ထောက်ပံ့ပေးပါတယ်။ အခုလောလောဆယ် ဆိုက်ကားမရှိတော့ တက္ကစီမောင်းပြီးတော့ ဝင်ငွေရအောင်လုပ်ဖို့ စဉ်းစားနေပါတယ်။

ဖြစ်စဉ်ဖြစ်ပြီး နောက်ပိုင်းမှာ ထွက်ပြေးသွားတဲ့သူတွေကိုလည်း မြန်မာနိုင်ငံမှာ ပြန်လာကြမယ်ဆိုရင် ကျွန်တော့် အနေနဲ့ကြိုဆိုပါတယ်။

 

မဟာဘေဇူရာမန်

နေရပ် - ယခင် (ငါးခူရကျေးရွာအုပ်စု၊ တောင်ရွာ)

ယခု (ငါးခူရကျေးရွာအုပ်စု၊ မှိုဝင်ကျေးရွာ၊  )

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာတော့ ဘာလူဟာလီဆိုတဲ့ ကျေးရွာ ဒုက္ခသည်စခန်းမှာ နေခဲ့ပါတယ်။ အဲဒီ မှာကျွန်တော့်မိသားစုနဲ့ နေတာပါ။ အခုပြန်လာကတော့ အဲဒီမှာ မနေချင်တဲ့အတွက်ကြောင့်  မြန်မာနိုင်ငံဘက်ကို ပြန်လာတာပါ။ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းကိုတော့  ဒီမှာဖြစ်စဉ်တွေ ဖြစ်ပြီး နောက်ပိုင်းမှ မိသားစုနဲ့ ထွက်ပြေးသွားခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာတော့ တူရကီနိုင်ငံက ထောက်ပံ့ပစ္စည်းတွေ ပေးပါတယ်။ အခြားနိ်ုင်ငံတွေကလည်း ထောက်ပံ့ပေးတယ် ဆိုတာတော့ သိရတယ်။ ဒါပေမယ့် ဘယ်နိုင်ငံဆိုတာတော့ အတိအကျ မသိဘူး။ တူရကီနိုင်ငံကိုပဲ သိခဲ့တာပါ။

ဒီမြန်မာနိုင်ငံဘက်ကို ပြန်လာဖို့အတွက်တော့ ကျွန်တော့်ဘာသာ ကျွန်တော်ပဲ ပြန်လာတာပါ။ အသက်မွေးဝမ်းကျောင်း အနေနဲ့ကတော့ ကျွန်တော့်မှာ အရင်က ဆိုင်ရှိပါတယ်။ အဲဒီဆိုင်ကလည်း မီးလောင်တဲ့အထဲမှာ ပါသွားပါပြီ။ အခုလောလောဆယ်တော့ အလုပ်အကိုင် မရှိသေးပါဘူး။  အခု မြန်မာနိုင်ငံအစိုးရကတော့ အိုး ခွက်၊ ဇွန်း ၊ ပန်းကန်၊ ဆန်၊ ဆီ၊ ဆား၊ ပဲနီနဲ့ ပုဆိုး၊ အင်္ကျီတွေ ထောက်ပံ့ပေးထားပါတယ်။ ကျွန်တော်ကတော့ မြန်မာနိုင်ငံမှာ နေဖို့ပဲ ဆန္ဒရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်မိသားစုကတော့ သူတို့ဆန္ဒအတိုင်းပဲ ဖြစ်ပါတယ်။ ကလေးတွေကတော့ ဘင်္ဂလားဒေ့ရှ် ဘက်က အာရ်ဗီကျောင်းမှာ လက်ရှိကျောင်းတက်နေပါတယ်။   ကျွန်တော့်  NVC ကတ်လုပ်ထားပြီ ဖြစ်ပါတယ်။

 

မာမက်အာယာ့စ်

နေရပ် - ယခင် (ရွှေဇားကျေးရွာအုပ်စု ရွှေဇားမြောက်ကျေးရွာ)

ယခု (ရွှေဇားမြောက်ကျေးရွာ)

ဘင်္ဂလားဒေ့ရှ်ဘက်မှာ   ငါးရက်လောက် နေခဲ့ပါတယ်။ ငါးရက်နေပြီး မြန်မာဘက်ကို ကူးလာတဲ့ အချိန်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။ ဘာတစ်ခုမှ လုပ်ဖို့သွားတာ မဟုတ်ပါဘူး။ အခုနှစ်၊  နှစ်လပိုင်းက သွားတာပါ။ ဟိုဘက်မှာ ဒီဘက်က သွားတဲ့လူတွေနဲ့ မတွေ့ပါဘူး။   မောင်တောမြို့မှာ ကျွန်တော်တို့ မိသားစု ဓာတ်ပုံလုပ်ငန်းလုပ်ပါတယ်။

 

မာမက်ဂျူဘာရ်

နေရပ် - ယခင် (အလယ်သံကျော်ကျေးရွာအုပ်စု မော်တူလာကျေးရွာ)

ယခု (ကညင်တန်း(မြို့မ) ဂျော်မိလ်နေအိမ်)

ဘင်္ဂလားဒေ့ရှ်ကို သွားခဲ့တာကတော့ နှစ်နှစ်ဝန်းကျင်လောက် ရှိပါပြီ။ ဘင်္ဂလားကနေ  အခု ဒီဘက် ကမ်းကို ပြန်လာပါတယ်။ ပြီးတော့ ကညင်တန်းကျေးရွာမှာ နေပါတယ်။ ဒီဘက်မှာ တစ်နှစ်နီးပါး လောက်နေထိုင်ခဲ့ပါတယ်။

လောလောဆယ်တော့ ဘာအလုပ်မှမလုပ်ရသေးဘူး။   ဘင်္ဂလားဒေ့ရှ်မှာ နေရတာထက် မြန်မာနိုင်ငံမှာ နေရတာက ပိုအဆင်ပြေပါတယ်။ အလယ်သံကျော်မှာ အိမ်ထောင်စုစာရင်း ပယ်ဖျက်ခံရတော့ အုပ်ချုပ်ရေးမှူးတွေပြောပြီး ကညင်တန်းမှာ နေရပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း နေထိုင်ခွင့်ကတ် ယူရပါတယ်။ ကတ်မရှိရင် ရဲတွေက ဖမ်းပါတယ်။

အခု မြန်မာနိုင်ငံမှာ NVC ကတ်လုပ်ပြီးပြီဆိုတော့ ဘင်္ဂလားဒေ့ရှ်ကို ပြန်မသွားတော့ပါဘူး။ မိသားစုကို ဒီဘက်ကိုခေါ်ဖို့တော့ ကြိုးစားနေပါတယ်။   ကျွန်တော့်အနေနဲ့ကတော့ ဒီဘက်ကို လာစေချင်တယ်။

လောလောဆယ်တော့ ပိုက်ဆံမရှိ၊ အိမ်မရှိ ဆိုတော့ ဒီမှာအမျိုးတစ်ယောက်ရှိပါတယ်။ သူ့ဆီမှာ ကားတစ်စီးရှိပါတယ်။ အဲဒီကားနောက်မှာ စပယ်ယာလိုက်ပါမယ်။ အခုတော့ကျွန်တော်က တစ်ကောင်ကြွက်ဖြစ်သွားပြီ။  မိသားစုက ဟိုဘက်မှာရှိတော့ သူတို့လာရင်တအားပျော်ပါတယ်။

 

အဒူရော်ဟိန်း

နေရပ် - ယခင် (ဥဒေါင်းကျေးရွာအုပ်စု ပါစ်ကိုရီကျေးရွာ)

ယခု (အလယ်သံကျော် အိုစမော်ဟိုကျေးရွာ)

ဒီဘက်မှာ ဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်ကို သွားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်မှာတော့ တန်ခါလီဆိုတဲ့ ဒုက္ခသည်စခန်းမှာ နေပါတယ်။ အလုပ်အကိုင်တော့ ဘာအလုပ်မှ မလုပ်ပါဘူး။ အဲဒီဘက်မှာ မိသားစုလိုက် နေပါတယ်။   ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ မြန်မာနိုင်ငံကို ပြန်သွားဖို့ မပြောပါဘူး။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်လာခြင်းဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာနိုင်ငံကို ပြန်ရမယ်ဆိုပြီး တိုက်တွန်းတာမရှိပါဘူး။   အခုမောင်တောမြို့နယ်မှာ နေရတာကတော့ ပျော်ပါတယ်။  ကျွန်တော့်မိသားစုကို ဘင်္ဂလားဒေရှ် ကနေ ဒီကိုခေါ်လာပြီး ဘဝတည်ထောင်မယ်ဆိုရင် ကျွန်တော် ပျော်ပါတယ်။

ကျွန်တော့်ရဲ့ စိတ်ဆန္ဒကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က မိသားစုကို လာစေချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်မှာ နေရင် သူတို့ရဲ့စည်းမျဉ်းစည်းကမ်းကို လိုက်နာရသလို မြန်မာနိုင်ငံမှာ နေရင်လည်း မြန်မာနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းကို လိုက်နာပါမယ်။

 

ဇာဟိတ်ဟူစိန်

နေရပ် - ယခင် (မြင်းလွတ်မြို့၊ ရှီးဒါးရပ်ကွက်)

ယခု (အလယ်သံကျော် မော်ဇော်ဖူးတူဆောင်း နေအိမ်)

ဖြစ်စဉ်ဖြစ်ပြီးချိန်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားခဲ့ပြီး  တစ်လအကြာမှာ ပြန်လာပါတယ်။ အမျိုးအနွယ်တွေ မောင်နှမတွေ ဒီဘက်ခြမ်းရောက်နေလို့ ပြန်လာပြီး တွေ့တာပါ။ ဘင်္ဂလားဒေ့ရှ် ဘက်မှာတော့ တန်ခါလီ   ဒုက္ခသည်စခန်းမှာ နေပါတယ်။ ဘင်္ဂလားဒေ့ရှ် ကနေ ပြန်လာတာမို့ လောလောဆယ် အလုပ်အကိုင်တော့ အဆင်မပြေသေးပါဘူး။ အမျိုးတစ်ယောက်ဆီမှာ ကပ်နေပါ တယ်။

မြန်မာနိုင်ငံကို ပြန်လာတာကတော့ တန်ခါလီကျေးရွာကနေ လောင်းနဲ့ကူးပြီး ရောက်လာခြင်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်မှာ နေတုန်းက နေရပ်ပြန်ဖို့အတွက် အစိုးရ အချင်းချင်း သဘောတူထားတယ်ဆိုတာ မကြားခဲ့ပါဘူး။

အခုနေရတာကတော့ အဆင်ပြေပါတယ်။   ကျွန်တော့် မိသားစု က ဘင်္ဂလားဒေ့ရှ်ဘက်မှာပါ။ ဒီဘက်ခြမ်းက ခေါ်ဖို့ အဆင်သင့်ရှိမယ်ဆိုရင် သူတို့လာမယ်ဆိုရင် ကျွန်တော်ကြိုဆိုပါတယ်။

 

ဆော်ယူဆလန်

နေရပ်- ယခင် (ဧတာလျာကျေးရွာအုပ်စု ဇူလကျေးရွာ)

ယခု (ကညင်တန်းကျေးရွာ)

ဘင်္ဂလားဒေ့ရှ်ဘက် သွားခဲ့တာကတော့ ခြောက်လ၊ ခုနစ်လလောက်ရှိပြီ။ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ကတော့ မူဆိုနီဒုက္ခသည်စခန်းမှာ နေခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကိုပြန်လာ တာကတော့ ဒီမှာ သမီးရှိလို့ လာခဲ့တာပါ။ အရင်ကတော့ ဆောက်လုပ်ရေးအလုပ် လုပ်ပါတယ်။ ဒီမှာနေရတာလည်း အဆင်ပြေပါတယ်။ ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာတာလည်း ဂေါ်ဒူသာရ ကျေးရွာဘက်က ပြန်လာတာပါ။ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း မြန်မာနိုင်ငံကိုပြန်ဖို့ တိုက်တွန်း တာတွေမရှိပါဘူး။

အခု NVC  ကတ် လုပ်ထားပြီးပါပြီ။   မြန်မာနိုင်ငံကို လာမယ်ဆိုတော့ ဒီနိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းတွေကို ဒုက္ခသည် စခန်းမှာနေစဉ်ကတည်းက သိထားပါတယ်။ မိသားစုကို ခေါ်ဖို့လည်း တင်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေကိုလည်း လိုက်နာမှာပါ။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာလည်း သုံးလနေခဲ့ပါတယ်။ အဲဒီစခန်းကနေ မြန်မာနိုင်ငံကို လာချင်တဲ့ လူတွေလည်းရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေရတာထက် မြန်မာနိုင်ငံမှာ နေရတာ ပိုအဆင်ပြေပါတယ်။ ခွင့်ပြုမယ်ဆိုရင် ကျွန်တော့်မိသားစုကို မြန်မာနိုင်ငံ ခေါ်ချင်ပါတယ်။

 

နေဆာအူလ္လာ

နေရပ် - ယခင် (သူဦးလာကျေးရွာအုပ်စု ကံပြင်ရွာ)

ယခု (သူဦးလာ မိမိနေအိမ်)

ကျွန်တော်က ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံဘက်ကို ထွက်လာခဲ့တာ မိဘကို မပြောဘဲ ခိုးထွက်လာခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်မှာတော့ ဇမ်တိုလီ (Jamtoli) ဒုက္ခသည် စခန်းမှာနေပါတယ်။ အခုလောလောဆယ်တော့ ထောင်က ထွက်လာတာဆိုတော့ အလုပ်မရှိသေးပါဘူး။ အရင်ကတော့ လယ်သမားအလုပ် လုပ်ပါတယ်။ နိုင်ငံတော်က အဆင်ပြေသလို ထားမယ်ဆိုရင် မိသားစုကို ပြန်ခေါ်ချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာနိ်ုင်ငံကို လာတာကတော့ ဘယ်သူမှ တိုက်တွန်း လို့လာတာတော့ မဟုတ်ပါဘူး။ ကျွန်တော့်ဘာသာ ခိုးထွက်ပြီးလာခဲ့တာပါ။

ဒုက္ခသည် စခန်းတွေမှာလည်း မြန်မာနိုင်ငံကို ပြန်ဖို့ ကြော်ငြာ ကပ်ထားတာတွေလည်း မရှိပါဘူး။ မြန်မာနိုင်ငံကို ပြန်လာမယ်ဆိုရင် ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတွေကိုလည်း မသိခဲ့ရပါဘူး။ ကျွန်တော်ကတော့ NVC  ကတ် လုပ်ပြီးပါပြီ။ မိသားစုကိုလည်း NVC ကတ် လုပ်ဖို့ပြောမှာပါ။ လှဖိုးခေါင်စခန်းကနေပြီးတော့ ဆန်တွေ၊ အိုးတွေ ပေးပါတယ်။     အဖြစ်ချင်ဆုံးဆန္ဒကတော့ ကျွန်တော့် မိသားစု ကို တွေ့မြင်လိုပါတယ်။ သူတို့ပြန်လာမယ်ဆိုရင် တအားပျော်မှာပါ။

 

မာမွတ်ဆွေယော့စ်

နေရပ် - ယခင် (သူဦးလာကျေးရွာအုပ်စု၊ ကံပြင်ရွာ)

ယခု (သူဦးလာ မိမိနေအိမ်)

အကြမ်းဖက်မှု ဖြစ်စဉ်တွေ ဖြစ်ပွားပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်တဲ့အချိန်တုန်းက ကျွန်တော်တို့ မိသားစုတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကြောက်လို့ ထွက်ပြေးသွားခဲ့ပါတယ်။ နောက်ပြီး တဖြည်းဖြည်း  အဆင်မပြေဘူး။   တစ်ဖက်နိုင်ငံမှာ မနေချင်တဲ့အတွက်ကြောင့် မိဘတွေမသိအောင် ငါးဖမ်းတဲ့လောင်းနဲ့ ဒီမြန်မာနိုင်ငံဘက်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဇမ်တူလီကမ့် ဆိုတဲ့ ဒုက္ခသည်စခန်းမှာ နေပါတယ်။   ကိုယ့်နိုင်ငံ မဟုတ်တဲ့အတွက် နေရတာ အဆင်မပြေပါဘူး။ အသက်မွေးဝမ်းကျောင်း အနေနဲ့ကတော့ လယ်သမား အလုပ်ကို လုပ်ပါတယ်။ အခုကတော့ ကျွန်တော် တစ်ယောက်တည်းပဲ ဝင်လာတာဖြစ် ပါတယ်။ အခုဒီမှာနေရာ အဆင်ပြေပါတယ်။ ကျွန်တော့်မိသားစုကိုလည်း ခေါ်ဖို့ ဆန္ဒရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ဒီဘက်ကို ပြန်လာလို့ ရတယ်ဆိုတဲ့ အစီအစဉ်တွေကို ပြောတာတော့ မရှိဘူး။ ကြားလည်းမကြားမိပါဘူး။ ကြော်ငြာတွေ ကပ်ထားတာကိုလည်း မတွေ့မိပါဘူး။ ဒုက္ခသည် စခန်းမှာ ခုနစ်လခွဲတိတိ နေခဲ့ရပါတယ်။ မြန်မာနိုင်ငံကို ပြန်လာရင်လုပ်ရမယ့် လုပ်ထုံးလုပ်နည်းတွေအတိုင်း ကျွန်တော်ကတော့ လက်ခံပါတယ်။ မိသားစုအတွက် ကိုလည်း  NVC ကတ်လုပ်ဖို့ အတွက် ဆန္ဒရှိပါတယ်။

 

မာမတ်ဇာဘေရ်

နေရပ် - ယခင် (သူဦးလာကျေးရွာအုပ်စု ၊ ကံပြင်ရွာ)

ယခု  (သူဦးလာမိမိနေအိမ်)

အကြမ်းဖက်မှုဖြစ်စဉ်တွေ ဖြစ်ပွားတဲ့အချိန်တုန်းက ကျွန်တော်တို့ မိသားစုတွေ ဘင်္ဂလားဒေ့ရှ် ဘက်ကို ကြောက်လို့ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီကနေ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ မပျော်ဘူး။   ကျွန်တော်မြန်မာနိုင်ငံမှာနေရတာ ပျော်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်မှာ တုန်းကတော့ ဇမ်တူလီကမ့် ဆိုတဲ့ ဒုက္ခသည်စခန်းမှာ နေပါတယ်။

အရင်တုန်းကတော့ ကောက်စိုက်တယ်၊ လယ်ထွန်တယ် ၊ အဲဒီအလုပ်တွေ လုပ်တယ်။ ဒါပေမယ့် အခု လောလောဆယ်ကတော့ ဘာအလုပ်မှ မလုပ်ပါဘူး။ ကျွန်တော်မိသားစုကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ဇမ်တူလီကမ့်မှာ ကျန်နေခဲ့ပါတယ်။ ကျွန်တော်မိသားစုတွေကိုတော့ ခွင့်ပြုမယ်ဆိုရင် မြန်မာနိုင်ငံမှာ ပြန်နေဖို့ အဆင်သင့်ပါ။ ဘင်္ဂလားဒေ့ရှ်ဘက်နေ လမ်ဘာဘီလီ ကျေးရွာကနေ လာပါတယ်။ သွားတာလဲ အဲဒီကနေသွားပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံကိုပြန်ဖို့ တိုက်တွန်းတာ မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကို ပြန်လာရင်လုပ်ရမယ့် စည်းမျဉ်း စည်းကမ်းတွေကိုလည်း ကြိုပြီးမသိထားပါဘူး။ ကျွန်တော် မိသားစုတွေကိုလည်း NVC ကတ်လုပ် ပေးဖို့ အချိန်မရှိခဲ့ပါဘူး။

သတင်းအဖွဲ့