ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၃)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့ အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မတ် ၂၆

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၃)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့  အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့  Lotte  Hotel ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E. Dr.Md.Monwar Hossain က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ နိုင်ငံခြားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလွင်ဦးနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးနှင့်ဇနီးတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၃)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။
    

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး ဒုတိယ၀န်ကြီးနှင့်ဇနီး၊ သံအမတ်ကြီးနှင့် ဇနီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားသို့ တက်ရောက်ကြသူများအား သံအမတ်ကြီးနှင့်ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

 

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေး၀န်ကြီး ဉီးဗိုလ်ဌေး နှင့်ဇနီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး ဉီးကျော်စိုးမိုးနှင့်ဇနီး၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာ၀န်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)