ဘင်္ဂလားဒေ့ရှ် ဘာသာရေးဆိုင်ရာ ပြည်နယ်ဝန်ကြီး ရှိတ်အဗ္ဗဒူလာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံး

၁၅ ဇွန်

ဘင်္ဂလားဒေ့ရှ် ပြည်နယ်ဝန်ကြီး ရှိတ်အဗ္ဗဒူလာ သည် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် မြို့တော်ဒါကာရှိ ဆေးရုံတစ်ရုံတွင် စနေနေ့ညက သေဆုံးသွားကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောကြားခဲ့သည်ဟု Efe မှာ ဖော်ပြထားသည်။

 

ဘာသာရေးဆိုင်ရာ ပြည်နယ်ဝန်ကြီး အဗ္ဗဒူလာသည် အသက်ရှူကျပ်ကာ ရင်ဘတ်နာကျင်မှုများကြောင့် ဆေးရုံရောက်သည့်အချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆရာဝန်များက ပြောသည်။ ဆေးရုံသို့ လာရာလမ်းတွင်ပင် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက် ခါလစ်ဒ် မာမွတ် ချောင်ဒရီ က Efe သတင်းဌာနကို ထုတ်ဖော်ပြောကြားသည်။

 

အဗ္ဗဒူလာ သေဆုံးပြီးနောက်  စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု ယမန်နေ့က အတည်ပြုခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပြည်နယ်ဝန်ကြီး ချောင်ဒရီက ပြောကြားသည်။ အသက် ၇၅ နှစ် အရွယ် အဗ္ဗဒူလာသည် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

 

စနေနေ့အစောပိုင်းကလည်း ကျန်းမာရေးဝန်ကြီးဟောင်း မိုဟာမက် နာဆမ် သည် ဒါကာဆေးရုံတွင် ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ဆေးကုသမှုခံယူနေရင်း သေဆုံးခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် အခြား ဝန်ကြီးနှစ်ဦးလည်း ဆေးရုံတက်ရောက်ကုသမှု ခံယူနေဆဲဖြစ်သည်။

 

ကျန်းမာရေးအာဏာပိုင်များ၏ ပြောကြားချက်အရ စနေနေ့က ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၂၈၅၆ ဦး ရှိရာ အတည်ပြုကူးစက်ခံရသူပေါင်း ၈၄၃၇၉ ဦး နှင့် သေဆုံးသူ ၁၁၃၉ ဦး ရှိကြောင်း သိရသည်။

 

နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အလွန်များပြားလာပြီး ဆရာဝန် ၁၀၀၃ ဦး နှင့် သူနာပြု ၁၀၁၀ ဦးတို့လည်း ကူးစက်ခံနေရကြောင်း သိရသည်။

 

ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ထုတ်ပြန်သော အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အရေအတွက်မှာ တရုတ်နိုင်ငံ ရောဂါကူးစက်မှုထက် ပိုမိုများပြားခဲ့ပြီး ထိခိုက်မှုအများဆုံး နိုင်ငံများစာရင်းတွင် နံပါတ် ၁၈ နေရာ၌ ရှိကြောင်း သိရသည်။

 

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ရန် မတ် ၂၆ ရက်တွင် နိုင်ငံအတွင်း အဝင်အထွက်ပိတ်ဆို့မှုကို ချမှတ်ခဲ့ပြီး မေ ၃၁ ရက်တွင် အဝင်အထွက်ပိတ်ဆို့မှု အချို့ကို ရုပ်သိမ်းခဲ့သည်။

ကိုးကား- အိန္ဒိယဒေါ့ကွန်း

ဘာသာပြန်-မြင့်မြင့်ချို