ဘက်တီးရီးယားဆိုတိုင်း ဆိုးသလား

၁၅ ဒီဇင်ဘာ

ဘက်တီးရီးယားလို့ ဆိုလိုက်တာနဲ့ လူတွေကို ဒုက္ခပေးတဲ့ ရောဂါပိုးတွေအဖြစ် မှတ်ထားကြတာများပါတယ်။ လူတွေ မှတ်ထားကြသလိုပဲ ဘက်တီးရီးယားတိုင်းက ဆိုးတာလား။

ဘက်တီးရီးယားတိုင်းက မဆိုးပါဘူး။ ဥပမာပြောရရင် စစ်တပ်နဲ့ တောခိုနေတဲ့ သူပုန်တွေလိုပေါ့။ နှစ်ဘက်လုံးကတော့ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်နေပေမယ့် တစ်ဘက်က တိုင်းပြည်ကို အကျိုးပြုတာ တစ်ဘက်ကဆိုးကျိုးတွေပေးတာ။ နောက်ဆုံးကျ သူတို့ပဲ အချင်းချင်းပြန်တိုက်ရတာပဲ။

ဆိုးတဲ့ ဘက်တီးရီးယားတွေဆိုတာ ကိုယ်ခန္ဓါပြင်ပက ဘက်တီးရီးယားတွေကို ပြောတာပါ။ အပြင်က ဝင်လာတာမဟုတ်ဘဲ ခန္ဓါကိုယ်ထဲမှာ နဂိုတည်းက ရှိနေတဲ့ ဘက်တီးရီးယားတွေရှိပါတယ်။ သူတို့ကတော့အကျိုးပြု ဘက်တီးရီးယား (Probiotics) တွေပါ။ အပြင်က ဝင်လာတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ဖို့ သူတို့က တာဝန်ယူရပါတယ်။ ကိုယ်တွင်းစစ်တပ်ကြီးပေါ့။

အကျိုးပြု ဘက်တီးရီးယား (Probiotics) ဆိုတာဘာလဲ

အကျိုးပြု ဘက်တီးရီးယား (Probiotics) တွေဟာ အူလမ်းကြောင်းမှာ အခြေချနေထိုင်တဲ့ ဘက်တီးရီးယား အုပ်စုတွေပါ။ ဒီ Probiotics တွေဟာ အစာခြေစနစ်ကြီး ကျန်းမာဖို့အဓိက တာဝန်ယူရပြီး စားလိုက်တဲ့အစားအစာတွေကို ခြေဖျက်ဖို့နဲ့ နုနယ်သေးတဲ့ကလေးရဲ့ အူလမ်းကြောင်းထဲ ပြင်ပကဝင်လာတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်ဖို့အတွက် သူတို့ က မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။

 

အပြင်က မကောင်းတဲ့ ဘက်တီးရီးယားတွေကို နိုင်ဖို့အတွက် ဒီကိုယ်တွင်းစစ်တပ်ကြီး့အကျိုးပြု ဘက်တီးရီးယား (Probiotics) တွေ အားအင်ပြည့်ဝနေဖို့လိုပါတယ်။ ဒီလို အားရှိနေမှ ကျန်းမာတဲ့ ကိုယ်ခန္ဓါဖြစ်အောင် သူတို့က စောင့်ရှောက်ပေးမှာကိုး။ ဒီတော့ အကျိုးပြု ဘက်တီးရီးယား(Probiotics) တွေအားရှိဖို့အတွက် သူတို့အစာဖြစ်တဲ့ အကျိုးပြု ဘက်တီးရီးယားအာဟာရ (Prebiotics) တွေလိုအပ်ပါတယ်။

အကျိုးပြု ဘက်တီးရီးယားအာဟာရ (Prebiotics) ဆိုတာ ဘာလဲ

အကျိုးပြု ဘက်တီးရီးယား(Probiotics) တွေ အတွက် lcFOS လို Prebioticsတွေလိုအပ်ပါတယ်။ Prebiotics ဆိုတာ အူထဲမှာချေဖျက်စုပ်ယူလို့မရပေမယ့် အစာခြေလမ်းကြောင်းထဲမှာကျန်ရှိနေပြီး အူတွင်းဘက်တီးရီးယားတွေအတွက် အာဟာရအဖြစ်ထောက်ပံ့ပေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေ သို့မဟုတ် အမျှင်ဓါတ် တွေဖြစ်ပါတယ်။ lcFOS ဆိုတာprebiotic တစ်မျိုးဖြစ်တဲ့ long chain fructo-oligosaccharides ရဲ့ အတိုကောက်ဖြစ်ပါတယ်။ မိခင်နို့ နဲ့ နို့မှုန့်တချို့မှာ ပါရှိတဲ့ lcFOS က ကလေးရဲ့အူမကြီးအတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်ပဲ ကလေးတွေမှာ ဝမ်းမှန်စေပြီးမွေးကင်းစအရွယ်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Prebiotics တွေက အစာချေဖျက်နိုင်စွမ်းနဲ့ အာဟာရနဲ့ သတ္တုဓါတ်တွေ စုပ်ယူနိုင်စွမ်းကိုကောင်းမွန်စေတဲ့အပြင် ခွန်အားတိုးစေပြီး ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။

ဒီတော့ခိုင်းနှိုင်းပြောရရင် ရှေ့တန်းရောက်နေတဲ့ စစ်သား အကျိုးပြု ဘက်တီးရီးယား(Probiotics) တွေကို ရိက္ခါတွေ ဖြစ်တဲ့ အကျိုးပြု ဘက်တီးရီးယားအာဟာရ (Prebiotics) တွေ ပို့ပေးရသလိုပေါ့။ ဒီနေရာမှာ ရိက္ခါပို့ဖို့တာဝန်ယူတဲ့သူဟာ မေမေတို့ ဖြစ်သွားပါပြီ။

ဒီလို (Prebiotics) တွေကို ဘယ်ကနေရသလဲ

(Prebiotics) တွေကို ဂျုံပြောင်းနှံတွေ၊ သစ်သီး၊ အသီးအရွက်တွေနဲ့ တခြားအမျှင်ဓါတ်များတဲ့ အစားအစာတွေကနေ ရရှိနိုင်တယ်ဆိုပေမယ့် ဒီဓါတ်ဟာ မိခင်နို့မှာ ပါဝင်ပြီးသားဖြစ်တာကြောင့် ကလေးတွေအတွက်ကတော့ မိခင်နို့ကနေပဲ အဓိကရမှာပါ။ ဒါဆို မိခင်နို့မသောက်ရတဲ့ ကလေးတွေဆို ဘယ်လိုလုပ်မလဲ။

မိခင်နို့မသောက်ရတဲ့ ကလေးတွေဆိုတော့ သူတို့အတွက် အာဟာရက အာဟာရဖြည့်စွက်နို့မှုန့်တွေကနေ အဓိက ရတာကြောင့် lcFOS လို Prebioticsပါတဲ့ နို့မှုန့်တွေကို ကလေးကိုရွေးချယ်တိုက်ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှ ကလေး အစာခြေစနစ်အတွက် စိတ်ချရပြီး အပြင်က ရောဂါပိုးတွေလည်း မဝင်နိုင် ခုခံအားလည်း ကောင်းလာမှာ ဖြစ်ပါတယ်။

ဒီတော့ အချုပ်ပြန်ပြောရရင် ကောင်းတဲ့ဘက်တီးရီးယားတွေလည်း ရှိသေးတာကြောင့် ဘက်တီးရီးယားတိုင်းက လူဆိုးမဟုတ်ပါဘူး။ ရှင်သန်ပေါက်ဖွားရတဲ့ နယ်မြေပေါ်မူတည်ပြီး အကောင်းနဲ့ အဆိုး ကွဲပြားသွားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဆိုးတဲ့ဘက်တီးရီးယားတွေကို နှိမ်းနင်းဖို့အတွက် ကောင်းတဲ့ဘက်တီးရီးယားတွေရှိဖို့ လိုအပ်တာကြောင့် သူတို့ရဲ့ အာဟာရဖြစ်တဲ့ Prebiotics (အကျိုးပြုဘက်တီးရီးယားအာဟာရ) ကလည်း အရေးကြီးတယ်နော်။

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ယခုဆောင်းပါးကို Myanmar Digital News မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်