ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၆၇) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၆

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၆၇) သင်တန်းဆင်း အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် နံနက် ၇ နာရီခွဲတွင် ရတနာခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ တက္ကသိုလ် သင်ကြားစီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက “ဘက်စုံထူးချွန် ထက်မြက်သည့် ဆရာသည် မိမိ၏အရည်အသွေးကို အစဉ်တိုးတက်အောင် ဆောင်ရွက်နေရမည့်အပြင် အများအကျိုး သယ်ပိုးနိုင်သူဖြစ်အောင်လည်း ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေနှင့် ရပ်ရွာဒေသ အခြေအနေပေါ်မူတည်ပြီး ပရဟိတလုပ်ငန်းများကိုလည်း ရပ်ရွာနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည့်အပြင် မိမိတို့တာဝန်ကျသည့် ရပ်ရွာဒေသများ ငြိမ်းချမ်းစွာ ပညာသင်ကြား နိုင်ရေးကိုလည်း ဆောင်ရွက်နိုင်သူ၊ ရပ်ရွာလူထုကိုလည်း ‘ငြိမ်းချမ်းစွာ ပညာသင်ကြားရေး’တွင် ပူးပေါင်း ပါဝင်လာအောင် စည်းရုံး၍  ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေးကို ဆောင်ရွက်နိုင်သူဖြစ်ရန် လိုကြောင်း၊ ကျောင်းသား လူငယ်များ၏ အနာဂတ်တွင် ဗလငါးတန်နှင့်ပြည့်စုံပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စိတ်ဓာတ်ရှိသူများ၊ ပူးပေါင်း ဆောင်ရွက်တတ်သူများ ဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးပြီး၊ ပညာရေး တိုးတက် မြင့်မားစေရေ အတွက် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် ပြည်သူများကို အရည်အသွေး ပြည့်ဝစွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်း အားထုတ်သွားကြရန်” အမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းသား ပထမဆု၊ သင်တန်းသူ ပထမဆု၊ သင်တန်းသား ဇွဲလုံ့လဆု၊ သင်တန်းသူ ဇွဲလုံ့လဆု နှစ်ဆုနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။

သင်တန်းထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် ညနေ ၄ နာရီက တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပခဲ့ရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယ ပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြားစီမံ ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းသား စံပြဆု၊ သင်တန်းသူ စံပြဆု၊ သင်တန်းသား စစ်ရေးပြ ထူးချွန်ဆု၊ သင်တန်းသူ စစ်ရေးပြ ထူးချွန်ဆု၊ သင်တန်းသား အဆောင်ဆု၊ သင်တန်းသူ အဆောင်ဆုများ ချီးမြှင့်ခဲ့သည်။

အဆိုပါသင်တန်းသို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သင်တန်းသား ၁၅၀၊ သင်တန်းသူ ၈၀၆ ဦး စုစုပေါင်း ၉၅၆ ဦး တက်ရောက်ခဲ့ကြပြီး ရက်သတ္တ ၅ ပတ်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

သတင်းစဉ်