ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ထားရှိမည့် COVID-19 ကုသရေးဌာန၊ ကျန်းမာရေးစင်တာ ထားရှိမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲကျင်းပ၊ ဧပြီ ၂၁ ရက်နေ့မှစတင်၍ Covid-19 နှင့် ပတ်သက်သည့် လူနာများ ထားရှိနိုင်အောင် ဆောင်ရွက်မည်

ရန်ကုန် ၉ ဧပြီ 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ကိုဗစ်-၁၉ ကုသရေးဌာန (Covid-19 Medical Center) ထားရှိမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လှည်ကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမတွင် ကျင်းပသည်။ 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားရာ၌ “မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ အရှိန်အဟုန်မြင့်တက်လာခဲ့မယ်ဆိုရင် ထိန်းချုပ်ကာကွယ် ကုသပေးနိုင်အောင် ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး Medical Center တစ်ခု ဖွင့်လှစ်ထားဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒီအတွက် ကျွန်တော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှာ Covid-19 Medical Center အဖြစ်ဆောင်ရွက်ဖို့ ညှိနှိုင်းခဲ့ကြပါတယ်။ ကိုဗစ်-၁၉ အတွက် အဆင်သင့်ဖြစ်ဖို့ ကျွန်တော်တို့ ပြင်ဆင်ခဲ့ပါတယ်။ ကုသရေးပိုင်း ဆောင်ရွက်သူတွေအားလုံး၊ ထုတ်လုပ်ရေးပိုင်း၊ ဝန်ဆောင်မှုအပိုင်း ဆောင်ရွက်ပေးသူတွေအားလုံး ဒီမှာ ဧပြီ ၁၉ ရက်နေ့ သတင်းပို့ ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဧပြီ ၁၉ ရက်နေ့မှာ ရောက်ရှိလာမဲ့သူတွေကို ၂၀ ရက်နေ့မှာ ကြိုတင်ပြင်ဆင်ပြီး ၂၁ ရက်နေ့မှာ လူနာထားနိုင်တဲ့ အဆင့်ကို ဆောင်ရွက်လျက်ရှိပါတယ်။ 
ကျွန်တော်တို့ ရန်ကုန်တိုင်းအတွင်းမှာပဲဖြစ်ဖြစ်၊ အခြားသော တိုင်းနဲ့ပြည်နယ်တွေမှာပဲ ဖြစ်ဖြစ် Covid-19 ရောဂါကုသပေးဖို့ လိုအပ်လာခဲ့မယ်ဆိုရင် ဒီ Medical Center တာဟာ အားလုံးအတွက် ဆောင်ရွက်နိုင်မယ့် အခြေအနေကို ပြင်ဆင်ထားတာဖြစ်ပါတယ်။ ဒီစင်တာကြီးဟာ စတင်ချိန်မှာပဲ ခုတင် ၄၀ဝ အထိ ထားနိုင်အောင် ပြင်ဆင်ထားတာဖြစ်ပါတယ်။ အဲ့ဒီကနေ ခုတင် ၁၀ဝ၀ အထိထားဖို့ မှန်းထားပါတယ်။ တကယ်လိုအပ်လာခဲ့ရင် ခုတင် ၂၀ဝ၀ လောက်အထိထားဖို့ ဆောင်ရွက်နိုင်တဲ့ အခြေအနေရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ကုသရေးကိစ္စရပ်တွေကို စနစ်တကျ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဝန်ဆောင်မှုကောင်းတွေ ပေးနိုင်ဖို့အတွက် နည်းပညာပိုင်းတွေကို တပ်ဆင်အသုံးပြုဖို့အတွက်လည်း ပြင်ဆင်ထားပါတယ်။ အင်တာနက်ချိတ်ဆက်ဖို့နဲ့ CCTV ကင်မရာတွေ တပ်ဆင်ဖို့လည်း ဆောင်ရွက်ထားပါတယ်။ လူနာတွေကိုထားမဲ့နေရာ၊ ICU ခန်းတွေကို ထားရမယ့်နေရာဖြစ်တဲ့အတွက် လုံခြုံစိတ်ချတဲ့ နေရာဖြစ်အောင် ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ လျှပ်စစ်ပိုင်းနဲ့ ပတ်သက်ပြီး တော့လည်း ဒီနေရာမှာ ကျွန်တော်တို့က လျှပ်စစ်မီးလုံလောက်စွာရရှိဖို့နဲ့ မီးစက်ကြီးများပါ လည်ပတ်နိုင်ဖို့ YESC က စီစဉ်ဆောင်ရွက်ပေးပြီးဖြစ်ပါတယ်” ပြောကြားသည်။

ထို့ပြင် ဝန်ကြီးချုပ်က “Covid-19 Positive လူနာဖြစ်ပြီဆိုရင် မိသားစုတွေက တွေ့ဆုံဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီအဝန်းအဝိုင်းအတွင်းမှာ အုပ်စု ၃ စု၊ ဧရိယာ ၃ စုခွဲပြီး ဆောင်ရွက်ဖို့ပြင်ထားပါတယ်။ တစ်ပိုင်းက အစိမ်းရောင်ဧရိယာပါ။ အဲ့ဒီမှာ ကြပ်မတ်ကူညီဆောင်ရွက်ပေးကြမဲ့ ကော်မတီဝင်တွေ၊ ဒီဆေးရုံရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးမဲ့ (ပို့ဆောင်ဆက်သွယ်ရေး၊ စားသောက်ရေးပိုင်း) ကဏ္ဍတွေဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ နောက်တဆင့်က သံသယလူနာတွေ၊ သင့်တင်လျောက်ပတ်တဲ့ ဆောင်ရွက်မှုတွေ ဆောင်ရွက်ပေးမဲ့သူတွေကို အဝါရောင် ဧရိယာလိုင်းတစ်ခု ပိုင်းဖြတ်ထားပါတယ်။ နောက်တစ်ဆင့်အနေနဲ့ Positive လူနာတွေနဲ့ ICU ကုသရမယ့် လူနာတွေအတွက် အနီရောင် ဧရိယာလိုင်း သတ်မှတ်ပြီး ခွဲခြားဆောင်ရွက်သွားဖို့ ပြင်ဆင်ထားပါတယ်။ 

Medical Center မှာ တာဝန်ယူဆောင်ရွက်ကြမယ့် ဆရာဝန်တွေ၊ ဆရာမတွေကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့က ကူညီပေါင်းစပ်ပေးနေတာတွေ ရှိပါတယ်။ ကျန်းမာရေးကုသပေးနိုင်တဲ့ ဆရာဝန်၊ ဆရာမတွေ၊ ဆေးပညာကျွမ်းကျင်တဲ့သူတွေနဲ့ ကျွန်တော်တို့ Medical Center ကြီးကို အရပ်ဖက်၊ စစ်ဖက်၊ နယ်ဖက်တွေ ပေါင်းစပ်ပြီး ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ အဓိက ရည်ရွယ်ချက်က ရန်ကုန်တိုင်းအတွင်း နေထိုင်တဲ့သူတွေ၊ မြန်မာနိုင်ငံအတွင်း နေထိုင်နေကြတဲ့ ပြည်သူလူထုအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ တကယ်လို့ ဒီရောဂါ ကပ်ဘေးကြီး ဖြစ်ပေါ်ခဲ့ရင် ဆိုးဝါးတဲ့အခြေအနေတွေ ဖြစ်ပေါ်ခဲ့ရင် ဘယ်လို ကုသဆောင်ရွက်ပေးမလဲဆိုတာ ကျွန်တော်တို့ ပြင်ဆင်ထားခြင်းပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ 

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက “ဧပြီ ၃ ရက်နေ့မှာ ဗဟိုဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည်က အထူးကြပ်မတ် ကုသဆောင်များအဖြစ် ဆောင်ရွက်မယ့် စာသင်ဆောင် (၁)၊ (၂)၊ (၃)၊ (၄) တို့ကို ပြုပြင်ဆောင်ရွက်ခဲ့ပါတယ်။ ပိတောက်ဆောင်၊ သင်တန်းအိပ်ဆောင်က အဆောင်မှူးရုံးခန်းကို ဓာတ်ခွဲခန်းနဲ့ ဓာတ်မှန်ခန်းအသုံးပြုဖို့ ပြုပြင်ခြင်းတို့ကိုလည်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားလိုင်း ဆက်သွယ်ခြင်းကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဖောင်ကြီးဓာတ်အားခွဲရုံမှ ဥက္ကလာစာသင်ဆောင်အနီးထိ 11 KVA မီးလိုင်းများ သွယ်တန်းဖို့ ကွန်ကရစ်တိုင်တွေ စိုက်ထူပြီး လျှပ်စစ်မီးကြိုးများ သွယ်တန်းဆောင်ရွက်လျက်ရှိပါတယ်။ ဒဂုံဆောင်၊ မြတ်လေးဆောင်၊ သဇင်ဆောင်၊ ခတ္တဆောင်နဲ့ ခွာညိုဆောင်တွေမှာ 200 KVA Transformer များနဲ့ ဥက္ကလာဆောင်အနီးမှာ 500 KVA Transformer တို့ကို တပ်ဆင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ကလည်း ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှု ကုသမှုခံယူတဲ့ လူနာတွေအသုံးပြုပြီးတဲ့ ပစ္စည်းတွေ အသုံးအဆောင်တွေကို မီးရှို့ဖျက်ဆီးဖို့ တက္ကသိုလ်နယ်နိမိတ်အပြင်ဘက် ပန်းတောကုန်း ကျေးရွာအနီးမှာ မီးရှို့စက်တည်ဆောက်ခြင်းနဲ့ လမ်းဖောက်ခြင်းတို့ကို ဆောက်ရွက်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာနက မင်းကုန်းကျေးရွာနဲ့ ဗဟိုသမဝါယမ ကောလိပ်မှ ဥတ္တရဆောင်ကို သီးခြားအဝင်လမ်း(၆၆ဝမီတာ)ကို စက်ယန္တယားများနဲ့ ဖောက်လုပ်ဆောင်ရွက်ခဲ့ပါတယ်။ တက္ကသိုလ်ဝင်းအတွင်း မိသားစုများရဲ့ လုံခြုံရေး အနီးအနား ရွာများမှ လူ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ဆောင်ရွက်နေတဲ့ တက္ကသိုလ်နယ်မြေအတွင်း မသက်ဆိုင်သူများ ဝင်ရောက်မှုမရှိစေရေးအတွက် မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့မှူးရုံးတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်” ဟု အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။ 

ထို့နောက် ကိုဗစ်-၁၉ ကုသရေးဌာန၊ ဖောင်ကြီး၊ ကြီးကြပ်မှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က “တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ကို ပထမဦးဆုံး ခံစားခဲ့ရတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ဒီရောဂါကို အောင်အောင် မြင်မြင်တွန်းလှန် တိုက်ဖျက်နိုင်တဲ့ နိုင်ငံတစ်ခုအနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့  ကိုဗစ်-၁၉ ရောဂါပိုးရှိတဲ့သူကို လက်ရှိရှိနေတဲ့ ဆေးရုံကြီးတွေမှာနေပြီး ကုသရတာထက် သီးခြားဆေးရုံတစ်ခု တည်ဆောက်ပြီးတော့ ကုသမှသေဆုံးမှုကို အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်တယ်ဆိုတဲ့ အတွေ့အကြုံကို နမူနာယူပါတယ်။ လက်ရှိအနေအထားမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ဦးဆောင်မှုနဲ့ ကျွန်တော်တို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေနဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က သက်မှတ်ပေးတဲ့ နေရာအနေအထားနဲ့ ကျွန်တော်တို့ အားလုံးစုပေါင်းပြီး ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid-19 Medical Center တစ်ခု အောင်မြင်စွာ အကောင်အထည်ဖော်နေတဲ့ အနေအထားဟာ ပြီးစီးလုနီးနီး ဖြစ်တယ်ဆိုတာကို တွေ့နိုင်ပါတယ်။ 

ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ဖို့၊ ကုသဖို့၊ ထိန်းချုပ်ဖို့ နိုင်ငံရဲ့ အမျိုးသားရေးအနေနဲ့ ဆောင်ရွက်နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ကနေ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်အားလုံးပါဝင်ပါတယ်။ ဌာနဆိုင်ရာများ၊ ဝန်ကြီးဌာနများ အားလုံးစုပေါင်းပြီးတော့ ပါဝင်တယ်။ ပုဂ္ဂလိက အခန်းကဏ္ဍက လုပ်ငန်းရှင်များရဲ့ ထောက်ပံ့မှုလည်း အင်တိုက်အားတိုက်ပါဝင်နေတာ တွေ့ရပါတယ်။ ပြည်သူလူထုကလည်း ဒီရောဂါတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီးတော့ Quarantine နေရာတွေမှာ စေတနာ့လုပ်အားပေးအနေနဲ့ ပါဝင်နေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အားလုံးစုပေါင်းပြီး တိုက်ဖျက်မယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အနည်းဆုံးနဲ့ သေပျောက်မှု အနည်းဆုံးဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ Covid-19 Medical Center ဖောင်ကြီးကို ဖွင့်လှစ်ဖို့ ကြိုးစားတဲ့ ရည်ရွယ်ချက်ဟာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအနည်းဆုံးနဲ့ သေပျောက်မှု အနည်းဆုံးဖြစ်အောင် တည်ဆောက်ရတဲ့ ရည်ရွယ်ဖြစ်ပါတယ်” ဟုပြောသည်။   

ထို့နောက် ဗဟိုဝန်ထမ်းအောက်မြန်မာပြည် ပါမောက္ခချုပ် ဦးကျော်ဝင်းဟန်က ကိုဗစ်-၁၉ ကုသရေးဌာန ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ကုသရေးဌာန တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ရန်ကုန်ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက ကိုဗစ်-၁၉ ကုသရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးကြီး ခင်အောင်ထွန်းက ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံလုပ်ငန်းရှင်များအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။ 

 

a

 

ယင်းနောက် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ကိုဗစ်-၁၉ ကုသရေးဌာနတွင် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန်အတွက် ဒေါက်တာမောင်မောင်မြင့်၊ ဒေါက်တာပြုံးပြုံးတို့၏ Shinning Perarl ကုမ္ပဏီလီမိတက်မှ ကိုယ်တိုင်စီမံပြုလုပ် လှူဒါန်းသည့် Face Shield (၁၁၀ဝ) ခုကို ပြည်ထောင်စုရာထူဝန်အဖွဲ့ကိုယ်စား အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ခံရယူသည်။ 

ဗဟိုဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများအတွက် ကုသလူနာ ၁၂၀ ဦးထားရှိမည့် သရဖီဆောင်တွင် အိပ်ဆောင် (၁၀) ဆောင်ရှိပြီး အိပ်ဆောင်တစ်ဆောင်လျှင် 3.H.P အဲယားကွန်း သုံးလုံးစီဖြင့် စုစုပေါင်း ၃၀ လုံး တပ်ဆင်ထားသွားမည်ဖြစ်ကာ အခန်း ၁၂၀ ခန်းအတွက် အောက်စီဂျင်ပိုက်လိုင်များလည်း တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်သည်။ အထူးကြပ်မတ် ကုသဆောင် (ICU) အဖြစ် အသုံးပြုမည့် စာသင်ဆောင် (၁)၊ (၂) ၊ (၃) ၊ (၄)တို့တွင် တစ်ဆောင်နှင့် တစ်ဆောင်အကြား သွားလာနိုင်မည့် အလုံပိတ် စင်္ကနြ်လမ်းများ၊ အဆောင်အတွင်း ဆရာဝင်များက လူနာများအား စောင့်ကြပ်ကြည့်ရှုသည့် အခန်း၊ PPE ဝတ်စုံလဲလှယ်သည့်အခန်း၊ လူနာ(၁၀)ဦး ထားရှိသည့် အခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်းတို့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သတင်း…ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဇော်မင်းလတ်