ဘိုကလေးမြို့နယ်တွင် မိုးကြိုးဘေးသင့်၍ အမျိုးသားတစ်ဦး သေဆုံး

ဘိုကလေး  ၂   မေ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ခနောင်ကျေးရွာအုပ်စု၊ ကာလီရိုး ကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်၌ အမျိုးသားတစ်ဦး နေအိမ်နောက်ဖေးသို့ အပေါ့အပါးသွားစဉ် မိုးကြိုးဘေးသင့်၍ သေဆုံးမှု ဖြစ်ပွားခဲ့သည်။

 

သေဆုံးသူမှာ ဦးကျော်ကျော်မင်း၊ (၃၆)နှစ် ဖြစ်ပြီး ဖြစ်စဉ်မှာ ယမန်နေ့ နေ့လယ်(၂) နာရီခန့်တွင် ဦးကျော်ကျော်မင်းမှ နေအိမ်နောက်ဖေးဘက်သို့ အပေါ့သွားရန် ထွက်သွားခဲ့ပြီး (၁)မိနစ်အကြာတွင် လျှပ်စီးလျှပ်ပြီး မိုးကြိုးပစ်သဖြင့် ၎င်း၏ဇနီးမှ နေအိမ်နောက်ဖေးသို့ ထွက်ကြည့်ခဲ့ကြောင်း၊ ဦးကျော်ကျော်မင်းသည် နေအိမ်နောက်ဖေး (၁၀)ပေအကွာ အိမ်သာရှေ့ ယူကလစ်ပင်ဘေးတွင် ပက်လက်အနေအထားဖြင့် မိုးကြိုးမှန်သေဆုံးနေကြောင်း၊ သေဆုံးသူမှာ နှုတ်ခမ်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးမဲနေပြီး နောက်ကျောဘက်တွင် အမဲကွက်(၂)ကွက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းအား စက်ဆန်းနယ်မြေရဲစခန်း၏ တာဝန်ရှိသူများမှ  စက်ဆန်းတိုက်နယ်ဆေးရုံသို့ သယ်ဆောင်လာခဲ့စစ်ဆေးခဲ့ပြီး  စက်ဆန်းနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)