ဘေးရန်ကင်းရှင်း လှပခြင်းများနှင့် ဒုဋ္ဌဝတီမြစ်

သီပေါကိုလတ်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒုဋ္ဌဝတီမြစ်သည် နမ္မတူချောင်းနှင့် သီပေါမြို့အထက် ကိုးမိုင်ခန့်ရှိ နမ္မချောင်းတို့ ပေါင်းဆုံရာမှစ၍ ဒုဋ္ဌဝတီမြစ်ဟူ၍ ဖြစ်ပေါ်ခဲ့သည်။ ထိုဒုဋ္ဌဝတီမြစ်ရေသည် ရှမ်းသွေးချင်းတို့၏ ငြိမ်းချမ်းရေး တေးသံသာကို သယ်ဆောင်ပြီး မြစ်ငယ်မြို့နယ်အနီးမှတစ်ဆင့် အမိဧရာဝတီ သို့ စီးဝင်ပေါင်းဆုံသွားခဲ့သည်။

 

ဒုဋ္ဌဝတီမြစ်သည် သီပေါမြို့ကို အရှေ့မြောက်ဘက်နှင့် တောင်ဘက်တို့မှနေ၍ ကွေ့ကောက်စီးဆင်းလျက်ရှိသည်။ သီပေါမြို့အထွက်၌ ဒုဋ္ဌဝတီမြစ်ကူး တံတားသစ်ကြီးကို ၂ဝ၁၁ ခုနှစ် မတ်လတွင် တည်ဆောက်အသုံးပြုခဲ့ကြသည်။ ဒုဋ္ဌဝတီသီပေါတံတားကြီးပေါ်မှ ရန်ကုန်၊ မန္တလေး၊ မူဆယ်နှင့် တရုတ်နိုင်ငံ နယ်စပ်အထိ မော်တော်ယာဉ်မျိုးစုံ နေ့ညမပြတ် အစုန်အဆန်ဖြတ်သန်းလျက်ရှိသည်။

 

ဒုဋ္ဌဝတီမြစ်ကိုအားထား၍ သီပေါမြို့ပတ်ဝန်းကျင်ရှိ ရှမ်းရွာလေးများသည် ဒေသထွက်သီးနှံများကို စက်လှေများဖြင့်တင်ယူကာ ဈေးကွက်ရှိရာသို့ ပို့ဆောင်ရောင်းချကြရသည်။ သီပေါမြို့သို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ဧည့်သည်များကလည်း ဒုဋ္ဌဝတီမြစ်အလှကို ခံစားကြသည်။ သီပေါမြို့မှအထက် ကိုးမိုင်အကွာ၌တည်ရှိသော ဒုဋ္ဌဝတီမြစ်အစ ချောင်းဆုံဒေသသို့လည်း စက်လှေငှားရမ်း၍ သွားရောက် လည်ပတ်ကြသည်။

 

စက်လှေမှာ လူခုနစ်ဦးမှ ရှစ်ဦးအထိ စီးနင်းလိုက်ပါနိုင်ပြီး သီပေါ-ချောင်းဆုံ အသွားအပြန် ခရီးစဉ်အတွက် စက်လှေစင်းလုံးငှားရမ်းခမှာ ကျပ် ၂၅ဝဝဝ ဖြစ်သည်။ ရေလမ်းခရီးတွင် မြစ်ကမ်းပါးဘေးရှိ လှပသော ရှမ်းရွာလေးများကိုလည်း တွေ့မြင်နိုင်ကြသည်။ ပြည်ပဧည့်သည်အချို့က မြစ်ကမ်းပါးဘေးရှိ အဆိုပါရှမ်းရွာလေးများသို့လည်း တက်ရောက် လည်ပတ်တတ်ကြသည်။

 

ဧပြီ ၂၅ ရက် နေ့လယ်ပိုင်းက ဒုဋ္ဌဝတီမြစ်အတွင်း အန္တရာယ်ကင်းရှင်းပြီး ကောင်းကျိုးချမ်းသာဖြစ်စေရန် ရည်ရွယ်၍ ဆရာတော်၊ သံဃာတော် ၁၁ ပါးက စက်လှေဖြင့် ကြွချီ၍ အန္တရာယ်ကင်း ပရိတ်တရားတော်များကို အစုန်အဆန် ရွတ်ဖတ်သရဇ္ဈာယ် ပေးတော်မူခဲ့ကြသည်။ သီပေါမြို့ ဈေးရပ်ကွက်ရှိ ပွန်တွန်းတံတားဟောင်းဆိပ်မှ မိုးမခစက်လှေ မိသားစုများက ကုသိုလ်ယူစီစဉ်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ သီပေါမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ ကောသလ ဦးဆောင်သော ဆရာတော်၊ သံဃာတော် ၁၁ ပါးတို့က ကြွရောက်ဆောင်ရွက် ပေးတော်မူခဲ့ကြသည်။ ရှေ့ဆုံးမှ စက်လှေနှစ်စင်းဖြင့် ဆရာတော်များက ဦးဆောင်ကြွချီတော်မူပြီး ပရိတ်တရားတော်များကို ရွတ်ဖတ်ပေးတော်မူကြသည်။ နောက်မှ စက်လှေ သုံးစင်းဖြင့် ရှမ်းတိုင်းရင်းသား တိုင်းရင်းသူ၊ ပြန်/ဆက် ဝန်ထမ်းများနှင့် စာရေးဆရာ အသင်းဝင်များ၊ အလှူရှင်များက လိုက်ပါကြည်ညိုခဲ့ကြသည်။

 

ဦးစွာ ပွန်တွန်းဆိပ်မှ ဒုဋ္ဌဝတီမြစ်ကူး တံတားကြီးအနီးအထိ စုန်ဆင်းကြပြီး ရှေ့ စက်လှေနှစ်စင်းပေါ်မှ ဆရာတော်များက ပရိတ်တရားတော်များကို ရွတ်ဖတ်ပေးတော်မူကြသည်။

 

ဆက်လက်၍ သီပေါမြို့မှ ကိုးမိုင်ဝေးသော ချောင်းဆုံသို့ ပြန်လည်ဆန်တက်ကြသည်။ အဆန်ခရီးစဉ် တစ်လျှောက်လုံးတွင် ပရိတ်တရားတော်များ ရွတ်ဖတ်တော်မူခဲ့ကြသည်။ ချောင်းဆုံသို့ ဆိုက်ရောက်လျှင် သဲသောင်ပြင်ရှိ တဲဆိုင်ခန်းတစ်ခု၌ ပရိတ်တရားတော်များနှင့် အန္တရာယ်ကင်းကမ္မဝါများကို ထပ်မံချီးမြှင့်ပေးတော်မူကြသည်။ ချောင်းဆုံအနီးမှ ဒေသခံတိုင်းရင်းသားများကလည်း အတူလာရောက် နာယူကြည်ညိုခဲ့ကြသည်။ ရှမ်း၊ မြန်မာနှစ်ဘာသာဖြင့် မေတ္တာပို့သပြီး ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြသည်။ ချောင်းဆုံမှ သီပေါသို့အပြန် အစုန်ခရီးတွင်လည်း ဆရာတော်များက ပရိတ်တရားတော်များကို ဆက်လက်ရွတ်ဖတ် ပေးတော်မူကြသည်။

 

သီပေါမြို့ ဈေးရပ်ကွက် ပွန်တွန်းဆိပ်သို့ ဆိုက်ရောက်လျှင် ဒါယကာ ဒါယိကာမများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး လူပရိသတ်များအား အအေးဖျော်ရည်များဖြင့် ကျွေးမွေးကုသိုလ်ပြုခဲ့ကြသည်။ လာမည့်နှစ်များတွင် ယခုအကြိမ်က အတွေ့အကြုံများကိုယူ၍ ဒေသခံတိုင်းရင်းသားများနှင့်အတူ ပိုမိုကျယ်ပြန့်စွာ စီစဉ်ဆောင်ရွက်သွားမည်ဟု မိုးမခစက်လှေမိသားစုမှ ဦးတင်ရွှေနှင့် ကိုအောင်ကိုမြင့်တို့က ပြောသည်။

 

ရိုးသားဖြူစင်ပြီး ဘာသာတရား ရိုသေကိုင်းရှိုင်းသော ဒေသခံတိုင်းရင်းသားများသည် သူတို့ချစ်သည့် ဒုဋ္ဌဝတီမြစ် အန္တရာယ်ကင်းရှင်း၍ ငြိမ်းချမ်းရေးအလှကို အမိဧရာဝတီဆီသို့ သယ်ဆောင်စီးဆင်းသွားနိုင်ရန် ဆန္ဒပြင်းပြနေမည်ဖြစ်ပါသည်။

 

SHARE THIS ON SOCIAL MEDIA