ဘောလုံးပွဲ

သိပ္ပံမောင်ဝ

ထိုနေ့ကား ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူ၊ ကျောင်းဆရာ ကျူတာအပေါင်းတို့နှင့်တကွ ရန်ကုန်မြို့ရှိ ဘောလုံးဝါသနာပါသူတို့အတွက် အထူးအရေးကြီးသော နေ့ပေတည်း။ အဘယ်နေ့ကို ဆိုပါသနည်း။ တက္ကသိုလ်ကျောင်းဘောလုံးအသင်းနှင့် ဖရင်းယူနီယံအသင်းတို့ ပထမအကြိမ် ဘောလုံးကစားကြသော ၁၉၃၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ကို ဆိုလိုပါသည်။ ထိုနေ့ကား အခြား လူများထက် မောင်လူအေးအတွက်က ပို၍အရေးကြီးသေး၏။ အဘယ်ကြောင့်ပါနည်း။ ဘီ၊ အေ၊ အေ ဘောလုံးပွဲကို မောင်လူအေး ပထမအကြိမ် ကြည့်သောကြောင့်တည်း။ 

ရုံးမှ ဆင်းလျှင်ဆင်းချင်း ခင်သန်းမြင့်ကို ခေါ်ကာ ဘောလုံးပွဲသို့ အတင်းစိုင်းခဲ့၏။ နောက်ကျနေမည်စိုးသောကြောင့် ရင်ထဲတွင် တထိတ်ထိတ်နှင့် နေလေပြီ။ ကားမောင်းသမားအား စက်ကုန်နှင်ခိုင်း၏။ ကားသမားတို့မည်သည် မိမိတို့၏ သခင်ထက် ပုလိပ်တော်မင်းတို့အား ပို၍ကြောက်ကြသူများဖြစ်သောကြောင့် မြန်မြန်မမောင်း၊ မှန်မှန်ပင် မောင်းလေသည်။ မောင်လူအေး မကျေနပ်။ သို့သော် မည်သို့မျှ မတတ်နိုင်။ သို့နှင့် မောင်လူအေးနှင့် ခင်သန်းမြင့်တို့ ဘောလုံးပွဲသို့ ရောက်ကြကုန်၏။ နာရီဝက်ခန့် စောနေသေးသောကြောင့် စိတ်အေး၍ သွားလေသည်။ နေရာကောင်းတွင် ဝင်၍ထိုင်ကြ၏။ 

အလို ဘုရား...ဘုရား။ ဟိုရှေ့နားက ထိုင်နေတာ တက္ကသိုလ် ဆရာလှိုင်းကြီးထင်ပ။ အစစ်ပေါ့ သူပါပဲ။ သူ့အနီးအနားတစ်ဝိုက်မှာလည်း တပည့်မတွေနဲ့ ပါကလား။ တကယ့်ဆရာလှိုင်းကြီး ဖြစ်ပေသည်။ ဆရာမှိုင်းကြီးနှင့် တူလှတော့၏။ အကြင်ဆရာလှိုင်းကြီးအား မိမိ၏ တပည့်မများနှင့် အသိဖွဲ့ပေးရန် တောင်းပန်မည်ဟု နေရာမှထကာ ဆရာလှိုင်းရှိရာသို့ သွားမည်အပြုတွင် ခင်သန်းမြင့်က မျက်စောင်းထိုးလိုက်သောကြောင့် ခမျာ မောင်လူအေးမှာ မိမိနေရာတွင် ပြန်၍ထိုင်ကာ ပု၍ နေရရှာလေသတည်း။ 

အတန်ကလေးကြာလျှင် ဘောလုံးပွဲကြည့်မည့်သူများများ၍ လာလေ၏။ မောင်လူအေးနှင့် နှစ်ပေါင်းများစွာကွဲ၍နေသော မိတ်ဆွေများနှင့်လည်းတွေ့၊ အစိုးရအရာရှိအပေါင်းတို့နှင့်လည်းတွေ့၊ မိတ်ဆွေ တက္ကသိုလ်ကျောင်းသားများနှင့်လည်းတွေ့။ အားရစရာကြီးဖြစ်နေ လေတော့သည်။ တပျော်တပါး စကားပြောနှုတ်ဆက်၍ပင် မဆုံးနိုင်တော့ပြီ။ ထိုနေရာကား ဘောလုံးပွဲကြည့်သော နေရာသာမဟုတ်။ မိတ်ဆွေဟောင်းနှင့် တွေ့ကြုံရာနေရာလည်း ဖြစ်ပေ၏။ 

ထိုသို့ စကားကောင်းနေခိုက် တက္ကသိုလ်ကျောင်းသူတစ်စုဝင်၍ လာကြလေသည်။ တက္ကသိုလ်ကျောင်းသားများ၏ စခန်းမှတစ်ခဲနက် လက်ခုပ်သံ၊ ဩဘာသံကြီး ပေါ်၍လာ၏။ ဆူညံ၍ သွားသတည်း။ အကြင်တက္ကသိုလ်ကျောင်းသူတို့ကား ၎င်းသြဘာသံကြီးကို ကြားသောအခါ ဝမ်းမြောက်သဘောကျကြသောကြောင့်လားမသိ ပြုံးသလိုလို ရယ်သလိုလိုနှင့်လုပ်ကာ ဝင်လာကြလေသည်။ မောင်လူအေးကား လောကီသားဖြစ်သည့်အလျောက် တက္ကသိုလ် ကျောင်းသူများဘက်သို့ လှမ်းကြည့်မိ၏။ ခင်သန်းမြင့်မမြင်။ ထို့နောက် တက္ကသိုလ်ကျောင်းသားတို့၏စခန်းမှ တစ်ခဲနက်သော အသံကြီးပေါ်လာပြန်၏။ အဘယ်ကြောင့်ပါနည်း။ တက္ကသိုလ် ကျောင်းတိုက်ကို အုပ်ချုပ်ကာ မင်းလုပ်၍လာသော ကျောင်းအုပ်ကြီး မစ္စတာစလော့စ်တို့ ဇနီးမောင်နှံ ပေါက်လာကြသောကြောင့် ဖြစ်ပါသည်။ တတိယအကြိမ်မြောက် သြဘာသံကြီး ထွက်ပေါ်လာသောအခါကျမှ ထိုညနေတွင် ဘောလုံးကစားကြရမည့် ဘောလုံးသမားများ ထွက်ပေါ်လာကြလေသတည်း။ 

ဘောလုံးပွဲလည်း စလေပြီ။ ဘောလုံးပွဲကြည့်သူတို့၏ စိတ်ထဲတွင်လည်း ထိတ်ခနဲ ထိတ်ခနဲ နေလေပြီ။ ဟော..ဟော... သိန်းအောင် ယူပြေးပြီ။ ကံညွန့်ဆီသို့ ပေးလိုက်ပါတော့လား။ မောင်ဝင်းက ကျန်နေ ပြန်ပြီကိုး။ ကိုင်းကိုင်းကိုင်း ကန်ကွက်။ ဟုတ်ပြီ၊ ဟုတ်ပြီ။ ဟာ... အော်ဆိုက်၊ နည်းနည်းကလေး အတွင်းဘက်ကျရင် နေရာကြမယ်။ ကိုင်းကွဲ့ မောင်မောင်ကလေး ယူပြေး၊ ယူပြေးမပေးနဲ့ဦး။ ဂိုးနား ရောက်အောင်ယူ။ ဟုတ်ပြီ။ ဟုတ်ပြီ။ မောင်ဝင်းကို ပေးလိုက်တော့။ မင်းကန်လို့မဖြစ်ဘူး။ ကိုင်း ပေးလိုက်တော့။ ပေးလိုက်တော့။ ဟာ..စံလင်းဆီ ရောက်သွားသကိုး။ ဟ ကံညွန့်ကွဲ့၊ ဒါမှကံညွန့်ကွဲ့။ ဟုတ်ပြီ ဘာရမလဲ ကံညွန့်ကို။ ဖူးဘက်ကြီးလည်း ဖားပကော၊ ပေးလိုက်တော့။ လိုက်လာပြီ သိန်းအောင်ဘက်ကချောင်နေတယ်။ ဟာ..မောင်ဝင်းဘက် ပေးလိုက်လို့ ဘာဖြစ်မလဲ။ လူတွေပိတ်နေတာ။ ဟော...ဟော...မောင်ဝင်းဆီ ဘောလုံးရောက်သွားပြီ။ ဘယ်သူမှမပေးနဲ့ ယူပြေး ဟုတ်ပြီ၊ ဟုတ်ပြီ။ ဂိုးသွင်းပါတော့လား။ ကန်တော့၊ ကန်တော့ လိုက်လာ ပြီ။ အဲဒါမှ၊ အောင်မယ် နည်းနည်းကလေး မြင့်သွားတယ်။ ဟောဗျ၊ ဟောဗျ။ ဖရင်းဘက်က ယူပြေးပါပကော။ ဟာ...ဟာ...ဟာ ခက်ပြီ၊ ခက်ပြီ။ ဂိုးနားမှာ ဘယ်သူမှမရှိပါကလား။ ဖူးဘက်တွေ တက်လှ ချေကလား။ ဟော.. ဟော... စောအီမာဆင် ပြေးထွက်လာပြီ။ အမယ်လေး မိပါ့မလား။ ဟာ... ခက်ပြီ။ ဟင် (ဂိုး ဂိုး ဂိုး) ဆိုသော အသံကြီးမှာ ဂေါ်ရာ များ၏ နေရာမှထွက်ပေါ်၍ လာလေသတည်း။ 

အထက်ပါအတိုင်း နှုတ်မှရေရွတ်ရင်း မောင်လူအေး ဘောလုံးပွဲကို ကြည့်နေပေ၏။ မိမိတို့၏ အနားတွင် ကြည့်နေကြသော လူ သုံး၊ လေး ယောက်လည်း ဤနည်းအတိုင်းပင်။ ကျန်လူအပေါင်းတို့မှာ မောင်လူအေး တို့ကဲ့သို့ အသံထွက်အောင် အားမပေးကြစေကာမူ စိတ်ထဲကမူကား ရေရွတ်နေကြမည်ဖြစ်၏။ ဤသို့ ဘောလုံးပွဲ လာရောက်ကြည့်ရှုသူ အပေါင်းတို့ တက္ကသိုလ်ကျောင်းသားတို့အား ရေရွတ်ကာ တိတ်ဆိတ်စွာ အားပေးရင်းပင်။ ကောလိပ်ဘက်ဂိုးထဲသို့ ဘောလုံးနှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ခစားခဲ့လေပြီ။ မောင်လူအေးလည်း ပျော်၍သွားလေပြီ။ စောစောကကဲ့သို့ ရေရွတ်ကာ အားမပေးနိုင်ရှာပေ။ များမကြာမီ အချိန် တစ်ဝက်စေ့သွားသဖြင့် ဘောလုံးသမားတို့အား အနားပေးလိုက်လေသတည်း။ 

ဒုတိယပိုင်းအတွက် စကစား၍ များမကြာမီအတွင်း တက္ကသိုလ် က တစ်ဂိုးသွင်းလိုက်၏။ မောင်လူအေးမှာ ဝမ်းသာလှသဖြင့် လက်ခုပ်၊ လက်ဝါးကို ပြင်းစွာတီးရုံမျှမကသေး ခင်သန်းမြင့်၏ ကျောကိုလည်း ခပ်ပြင်းပြင်းကလေး ယောင်၍တီးလိုက်သေး၏။ ခင်သန်းမြင့်၏ကျော ကော့၍သွားလေသည်။ အတော်ပင် ဒေါသဖြစ်သဖြင့် မောင်လူအေး၏ တင်ပါးကို ဆိတ်ဆွဲလိုက်လေသည်။ ဤအခါကျမှ ခင်သန်းမြင့်၏ ကျောကို ထုမိကြောင်း သတိရ၍ တောင်းပန်လေတော့၏။ မောင်လူအေး ချည်းသာမဟုတ် ဆရာလှိုင်းကြီးပင် ဣန္ဒြေမဆည်နိုင်။ နေရာမှထကာ လက်သီးလက်မောင်းတန်းလျက် ဩဘာပေး၏။ 

တက္ကသိုလ်ဘက်တော်သားတို့၏ အားပေးသော ပဲ့တင်သံမျှ မရပ်သေးမီ၊ ဘောလုံးသည် ဖရင်းယူနီယံ၏ ပယောဂကြောင့် တက္ကသိုလ် ဂိုးအတွင်းသို့ ဝင်၍သွား၏။ မောင်လူအေးတို့လူစု တိတ်လျက်နေကြကုန်၏။ ဆရာလှိုင်းကြီးလည်း မှိုင်လျက်နေလေပြီ။ တပည့်မများ ဘက်သို့ပင် မလှည့်နိုင်ပေ။ ထို့နောက် မောင်ဝင်းတို့၏ ခြေမှာသွက်၍ လာတော့၏။ အကြင်ဘောလုံးမှာ ဖရင်းယူနီယံတို့၏ ဂိုးပေါက်နားတွင် သာလျှင် ပြေးလွှားကစားလျက်နေ၏။ ဘောလုံးပွဲကြည့်သူတို့ နှုတ်တွင်လည်း ဟောခနဲ၊ ဟင်းခနဲ၊ ဟိုခနဲ နေလေတော့သတည်း။ 

မကြာမီ မောင်ဝင်း၏ခြေအစွမ်းကြောင့် ဘောလုံးမှာ ဖရင်းတို့၏ ဂိုးထဲသို့ ဝင်သွား၏။ မောင်လူအေး၏ ညာလက်လည်း နို့တစ်မပေး ဘာမပေးဘဲ ခင်သန်းမြင့်၏ ပေါင်များကို ဗြောတီးလေပြီ။ ခင်သန်းမြင့်၏ ဘယ်လက်မနှင့် လက်ညှိုးတို့လည်း မောင်လူအေး၏ တင်ပါးကို လိမ်ဆွဲလိုက်ကြလေပြီ။ ဤအခါကျမှ မောင်လူအေး ငြိမ်၍သွား၏။ နောက်တစ်ကြိမ် မောင်ဝင်းက ဂိုးသွင်းပြန်လေပြီ။ ခင်သန်းမြင့်၏ ပေါင်ကို ဗြောတီးမည်ဟု လက်ကိုမလိုက်သည်တွင် ခင်သန်းမြင့်က ၎င်းလက်ကို ဖမ်းထားသဖြင့် ဗြောမတီးရဘဲ လက်ခုပ်ကိုသာ ခပ်ကြာကြာကလေး တီးလိုက်ရလေတော့သည်။ 

သို့နှင့် သရေပွဲဖြစ်နေလေပြီ။ မကြာမီ တက္ကသိုလ်ဘက်မှ (ပင်နယ်တီ) ရလေ၏။ မောင်ဝင်း ကန်တော့အံ့။ ဘောလုံးပွဲကြည့်သူ အပေါင်းတို့၏ စိတ်ထဲတွင် မည်သို့နေမည်နည်း။ ဘောလုံးကစားနေသူတို့၏ စိတ်ထဲတွင် မည်သို့နေမည်နည်း။ မောင်ဝင်းနှင့် ဖရင်း၏ ဂိုးစောင့်ကင်ဂွမ်းတို့ စိတ်ထဲတွင်ကား ဆိုစရာမရှိတော့ပြီ။ ၎င်းတို့၏ စိတ်ထဲမှ နှစ်စက္ကန့်ခန့်ဝင်၍ ကြည့်ချင်စမ်းပါဘိ။ အသက်ပင် ရှူနိုင်ကြ မည်မထင်။ ဂိုးဝင်လျှင် မောင်ဝင်းတို့ နိုင်တော့မည်။ ကင်ဂွမ်းတို့ ရှုံးတော့မည်။ ဤအချိန် ဤအခါ ကလေးကား အရေးကြီးဆုံးသောအခါ ကလေးတည်း။ အနိုင်အရှုံးကို ဆုံးဖြတ်မည့် အခါကလေး ဖြစ်ပေ သည်။ ကိုင်း.. ကန်တော့မည်။ ကန်ပြီဟု... ဂိုးထဲမဝင်၊ အပြင်ဘက်သို့ မြောက်၍ ထွက်သွားလေပြီ။ တက္ကသိုလ်ဘက်တော်သားတို့ လက်မှိုင်ချကြကုန်၏။ ဂေါ်ရာများ ရွှင်ပျကြလေသည်။ 

ဘောလုံးပွဲကြီးလည်း ပြီးလုပြီ။ မည်သည့်ဘက်ကမျှ မနိုင်သေး။ သရေပွဲများ ဖြစ်လေမလား။ သရေပွဲဖြစ်လျှင် အဘယ်အကျိုးရှိတော့ အံ့နည်း။ နိုင်ရမည်။ နိုင်ရမည်။ တက္ကသိုလ်ကျောင်းက နိုင်မည်ဟု ဆီမန်းသကဲ့သို့ မောင်လူအေး မန်းလျက်နေ၏။ ဘောလုံးပွဲ ပြီးသွားမည်ကိုလည်း အစိုးရိမ်ကြီး စိုးရိမ်လျက်နေလေသည်။ မပြီးပါစေနဲ့ဦး ဟူ၍လည်း ဆုတောင်းနေမိ၏။ ဖရင်းယူနီယံ ဘက်တော်သားတို့ ကလည်း ဤနည်းအတိုင်းပင် သူတို့ကလည်း နိုင်လိမ့်မည် ထင်ကြသကိုး။ သို့နှင့် ဘောလုံးပွဲကြည့်သူအားလုံးမှာ အသက်ရှူမမှန်ဖြစ်နေ ကြလေတော့သည်။ နောက်ဆုံး၌ကား မောင်မောင်ကလေးက ဘောလုံးကို ယူ၍ပြေး၏။ ဂိုးရှေ့သို့ ပတ်၍ကန်လိုက်၏။ သိန်းအောင် က ဖြတ်၍ ဂိုးသွင်းလိုက်၏။ ဂိုး... ဟူသော အသံကြီးမှာ ကောင်းကင်ယံသို့ ဟိန်း၍ တက်သွားသတည်း။ 

တက္ကသိုလ်က နိုင်လေပြီ။ ဘောလုံးပွဲ ပြီးရန်ကိုသာ မောင်လူအေးတို့ ဆုတောင်းနေကြကုန်၏။ မောင်လူအေးတို့ ဆုတောင်းသော ကြောင့်ပေလား၊ အချိန်စေ့သွားသောကြောင့်ပေလား။ မကြာမီ ဘောလုံးပွဲကြီး ပြီးလေသတည်း။ မောင်လူအေးတို့ ဝမ်းမြောက်၍ မဆုံးတော့ပြီ။  ။

ဩဂုတ်လ ၁၉၃၅။