ဘော်ဘီချာတန်ရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီခဲ့ပြီဖြစ်တဲ့ ဟယ်ရီကိန်း

မတ် ၂၈၊ ၂၀၂၂

အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းက ဆွစ်ဇာလန်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ တာကြောင့် အင်္ဂလန်လက်ရွေးစင် ကစားသမားဘဝမှာ သွင်းဂိုး စုစုပေါင်း ၄၉ ဂိုးအထိရှိလာခဲ့ပြီး အင်္ဂလန်အသင်းရဲ့ သမိုင်း တစ်လျှောက် သွင်းဂိုးဒုတိယအများဆုံး သွင်းယူထားနိုင်ခဲ့တဲ့ မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ထားတဲ့ ဘော်ဘီချာတန်ရဲ့ ဂိုးသွင်း စံချိန်ကို လိုက်မီခဲ့ပြီဖြစ်ပါတယ်။ 

အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဘော်ဘီချာတန်ဟာ အင်္ဂလန်အသင်းနဲ့အတူကစားသမားဘဝ တစ်လျှောက် သွင်းဂိုး ၄၉ ဂိုးအထိ သွင်းယူပေးထားသူလည်း ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ အင်္ဂလန်အသင်းနဲ့အတူ ကစားသမားဘဝကို ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့ပြီး ရှစ်နှစ်အကြာမှာ ဘော်ဘီချာတန်ရဲ့ စံချိန်ကို လိုက်မီခဲ့တာလည်းဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းက ဆွစ်ဇာလန်အသင်းကို နှစ်ဂိုး-တစ်ဂိုး နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၄၅ မိနစ်မှာ  လုရှာနဲ့ ၇၈ မိနစ်မှာ ဟယ်ရီကိန်း(ပင်နယ်တီ)တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်အသင်းအတွက် သွင်းဂိုးတစ်ဂိုးကိုတော့ ပွဲကစားချိန် ၂၂ မိနစ်မှာ အမ်ဘိုလို က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။


တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ အင်္ဂလန်အသင်းနဲ့အတူ သွင်းယူခဲ့တဲ့ ပင်နယ်တီ သွင်းဂိုးဟာ ပြိုင်ပွဲအရပ်ရပ် အင်္ဂလန်အသင်းရရှိခဲ့တဲ့ အကြိမ် ၁၀၀ မြောက်ပင်နယ်တီ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှူးဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းနဲ့အတူကစားသမားဘဝတစ်လျှောက် ပွဲစဉ်စုစုပေါင်း ၆၈ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၄၉ ဂိုးအထိရှိလာခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာ အင်္ဂလန်အသင်းနဲ့အတူ ဂိုးအများဆုံးသွင်းယူထားနိုင်ခဲ့တဲ့ကစားသမား ကတော့ တိုက်စစ်မှူး ရွန်းနီဖြစ်ပြီး ရွန်းနီဟာ သွင်းဂိုး ၅၃ ဂိုးအထိသွင်းယူထားသူလည်း ဖြစ်ပါတယ်။

ငွေကြယ်