ဘာသာပေါင်းစုံမှ နှစ်သစ်ကူးဆုတောင်းစကားသံများ

 

mdn

မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးသောင်းထိုက်

၂၀၂၀ နှစ်သစ်မှာ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများဟာ မတူကွဲပြားတဲ့ ဘာသာအယူအဆ အမျိုးမျိုးကို ယုံကြည်ကိုးကွယ်လျက်ရှိပါတယ်။ ဘာသာအယူအဆများ မတူကွဲပြားသော်လည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးရဲ့ ငြိမ်းချမ်းမှု၊ သာယာမှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားလုံးမှာ တာဝန်ရှိပါတယ်။ အားလုံးက ဝိုင်းဝန်းကြိုးစားဖို့ လိုအပ်ပါတယ်။ တစ်ဦးရဲ့ ဘာသာ၊ တစ်ဦးရဲ့ ယုံကြည်ကိုးကွယ်မှုကို တစ်ဦးက အပြန်အလှန်လေးစားပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကို တိုးမြှင့်တည်ဆောက်သွားဖို့အတွက် ကျွန်တော့်အနေနဲ့ အထူးပန်ကြားလိုပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ခြင်းမှသည် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးဖြစ်ဖို့ အားလုံးက ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် နှစ်သစ်ကို ကြိုဆိုကြပါလို့ ကျွန်တော့်အနေနဲ့ ဆုတောင်းမေတ္တာပို့သပါတယ်။

 

 

mdn
မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်မှ ဟိန္ဒူဘာသာဝင် ဂေါ်ရခါးလူမျိုး ကိုယ်စားပြုဗဟိုအဖွဲ့ အလုပ်အမှုဆောင် ဦးလချူမန်း
အမိမြန်မာနိုင်ငံတော်ကြီး ဒီထက်မက သာယာ၀ပြောပါစေ။ ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ အချင်းချင်းမပြေလည်ခြင်းတွေလည်း အားလုံးပြီးပျောက်ပြီး တိုင်းပြည်ကြီး ငြိမ်းချမ်းပါစေ။ တိုင်းပြည်ကြီး ငြိမ်းချမ်းဖို့ နိုင်ငံသူနိုင်ငံသားအားလုံး တစ်ဦးချင်းဆီမှာ ငြိမ်းချမ်းချင်တဲ့ စိတ်ဖြစ်ပေါ်နေမှ စလို့ ရမှာဖြစ်ပါတယ်။
ဒီနေ့ဒီအချိန်မှာ အားလုံးရဲ့စိတ်ထဲမှာ ငြိမ်းချမ်းရေး လိုချင်နေကြပါပြီ၊ တိုင်းရင်းသားတွေအားလုံး၊ နိုင်ငံသားတွေအားလုံး လိုချင်နေကြပြီဆိုတော့ သေချာပေါက် ငြိမ်းချမ်းသွားမယ်။ ငြိမ်းချမ်းသွားပြီဆိုရင် အာရှမှာတိုးတက်တဲ့ တိုင်းပြည်ဖြစ်လာမယ်။ ဒီအချိန်ကို အခက်အခဲတွေ ဖြတ်သန်းနေတယ်လို့ မြင်ပါတယ်။ ဒီအခက်အခဲ တွေအားလုံးကို ကျော်ဖြတ်နိုင်ပါစေ၊ နိုင်ငံသူနိုင်ငံသား အားလုံးကလည်း တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံကြီးဆီကို အောင်မြင်စွာနဲ့ လျှောက်လှမ်းနိုင်ပါစေလို့ မေတ္တာစကား ပြောကြားချင်ပါတယ်။

 

 

mdn
မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦး
လာမယ့်နှစ် ၂၀၂၀ က ကောင်းခြင်းမင်္ဂလာခံစားရမယ့် နှစ်ဖြစ်မယ်လို့ စိတ်ထဲက မျှော်လင့်မိပါတယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့ စည်းလုံးညီညွတ်ခြင်း၊ တိုင်းပြည်ရဲ့ကြေအေးခြင်း၊ တိုင်းပြည်ရဲ့ ငြိမ်းချမ်း ငြိမ်သက်ခြင်းနဲ့တကွ မေတ္တာကရုဏာပွားတဲ့နှစ် တစ်နှစ်ဖြစ်မယ်လို့ ယုံကြည်တဲ့အတိုင်း ဖြစ်လာဖို့အတွက်လည်း ဆုမွန်ကောင်းတောင်း ပါတယ်။ ငြိမ်သက်ခြင်းလို့ ပြောတဲ့အထဲမှာ ငြိမ်းချမ်းရေးပါ ပါတယ်။ ငြိမ်းချမ်းရေးလို့ ပြောတဲ့အခါမှာ အပြင်ပန်း တစ်ဖွဲ့နဲ့ တစ်ဖွဲ့ရဲ့ ပဋိပက္ခတွေ၊ ငြိမ်းချမ်းဖို့အပြင် အဓိက ငြိမ်းချမ်းရေးဆိုတဲ့အရာက အတွင်းကလာတဲ့အရာဖြစ်တဲ့အတွက် နှလုံးစိတ်ဝမ်း ငြိမ်းချမ်းမှု၊ အေးချမ်းမှုလည်းရှိဖို့အတွက် အားလုံးကနေပြီး ဝိုင်းဝန်းဆုတောင်းဖို့လိုသလို ကိုယ်တိုင်လည်း အထူးမေတ္တာပို့ ဆုတောင်းအပ်ပါတယ်။

 

 

mdn
အစ္စလာမ်ဓမ္မဗိမာန်၏ ဦးဆောင်ဆော်ဩရေးမှူး ငြိမ်းချမ်း မေတ္တာဘာသာပေါင်းစုံအဖွဲ့၏ အမြုတေအဖွဲ့ဝင် အလ်ဟဂ်ျ ခလီဖွှာ ဦးအေးလွင်
၂၀၂၀ ပြည့်နှစ်မှာ အမိမြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြတဲ့ ဘာသာပေါင်းစုံ ညီအစ်ကိုမောင်နှမတွေ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ ကမ္ဘာကြီးလည်း အေးချမ်းသာယာပါစေ၊ ဒါ ပထမ ဆုတောင်းပါ။ ဒုတိယဆုတောင်းက ကျွန်တော်တို့ ခေါင်းဆောင်ကြီးက ကမ္ဘာမှာ မြန်မာ့အလှကို ထုတ်ဖော်ပြီး ပြနေပါတယ်။ မတူကွဲပြားမှုသည် အလှတရားဖြစ်ပါတယ်။ မတူကွဲပြားမှုသည် အားဖြစ်ပါတယ်။ ခြားနေတာမမှားဘူးလို့ ကမ္ဘာကို တင်ပြပါတယ်။ ကျွန်တော်တို့ တိုင်းသူပြည်သားတွေက နှစ်သစ်ကူးမှာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်က ကတိပေးခဲ့တဲ့အတိုင်း မတူကွဲပြားမှုတွေကို အားအဖြစ်အသုံးချပြီး တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု၊ သည်းခံမှု၊ သဘောထားကြီးမှုနဲ့ အမိမြန်မာနိုင်ငံတော်ရဲ့ ဂုဏ်ရှိန်ကို မြှင့်တင်ပေးကြပါလို့ မေတ္တာပို့ဆုတောင်းအပ်ပါတယ်။

 

mdn
မြန်မာနိုင်ငံ ဂျူးဘာသာအသင်းအဖွဲ့မှ ဦးဆယ်မီဆယ်မူအယ်

မြန်မာပြည်ဆိုတာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် မတူကွဲပြားမှုတွေက အမြဲတမ်းရှိမှာပဲ။ အဲဒီလို မတူကွဲပြား မှုတွေကို ကျွန်တော်တို့တွေက မတူကွဲပြားမှုရဲ့ အင်အား၊ မတူကွဲပြားမှုရဲ့ အလှတရားလို့ သဘောထားပြီး အားလုံး ညီညီညွတ်ညွတ်နဲ့ ၂၀၂၀ တင် မဟုတ်ဘဲနဲ့ ရှေ့ဆက်ပြီး မြန်မာနိုင်ငံကြီး အေးအေးချမ်းချမ်း သာသာယာယာနဲ့ သွားနိုင်ပါစေလို့ ဆုတောင်းချင်ပါတယ်။

 

 

mdn
နိုင်ငံလုံးဆိုင်ရာ ဘဟာအီသာသနာအဖွဲ့ချုပ်မှ အဖွဲ့ဝင် ဦးတင်ဇော်မင်း

လာမယ့်နှစ်သစ်မှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးအနေနဲ့ ကျွန်တော်တို့ ရရှိပိုင်ဆိုင်ထားတဲ့ လူ့ဘောင်လောက လူမှုအသိုက်အဝန်းကြီး သာယာ၀ပြောဖို့၊ ယခုထက် ပိုမိုစစ်မှန် ပီပြင်တဲ့ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုတွေဖြစ်ဖို့အတွက် လူဟာ တစ်မျိုးတည်းဆိုတဲ့ စည်းမျဉ်းရဲ့အောက်မှာ ကျွန်တော်တို့ အားလုံးဟာ ညီရင်းအစ်ကို မောင်ရင်းနှမထက်ပိုတဲ့ ချစ်ခြင်းမေတ္တာတွေကို ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ တစ်သက်တာမှာ ကျင့်သုံးဆောက်တည် ကြိုးပမ်းအားထုတ်ကြရင်း အကောင်းဆုံး အတူယှဉ်တွဲနေထိုင်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို တည်ဆောက်တဲ့နေရာမှာ၊ ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်ကို တည်ဆောက်တဲ့နေရာမှာ၊ ပိုမိုကောင်းမွန်တဲ့ ရပ်ရွာလူထုကို ထူထောင်တဲ့နေရာမှာ ကျွန်တော်တို့တွေဟာ ဘုရားသခင်များ ကြိုက်နှစ်သက်တော်မူတဲ့ ကောင်းမြတ်ဖြူစင်သော၊ ကောင်းမြတ်တဲ့ လုပ်ရပ်တွေ၊ ချီးမွမ်းဖွယ်ကောင်းသော ပြုမှုဆောင်ရွက်ချက်တွေနဲ့ တကယ့်ကို ကမ္ဘာလောကကြီးအတွက် အမှုတော်ထမ်းကောင်းတွေ၊ လုပ်သားကောင်းတွေအဖြစ် အမှုတော် ထမ်းရွက်နိုင်ကြပါစေလို့ နှစ်သစ်ဆုမွန် တောင်းလိုက်ပါတယ်။


တွေ့ဆုံမေးမြန်း - မင်းသစ်(MNA)ဓာတ်ပုံ - လှမိုး