ဘာကီနာဖာဆိုနိုင်ငံ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ အရပ်သား ၂၂ ဦးထက်မနည်းသေဆုံး

ဇူလိုင် ၅

 

ဘာကီနာဖာဆိုနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် ဇူလိုင် ၃ ရက်က သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အရပ်သား ၂၂ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု အစိုးရက ယမန်နေ့က ပြောကြားသည်။

 

အဆိုပါရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်မှုကြောင့် ၂၂ ဦး သေဆုံး၊ အများအပြားဒဏ်ရာရရှိခဲ့ပြီး ပစ္စည်းများ ပျက်စီးသွားကြောင်း အစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိုတိုက်ခိုက်မှုသည် နိုင်ငံ၏အနောက်မြောက်ပိုင်း ဘိုဆယ်ဒူမောဟွန်ဒေသ၊ ကော့စီပြည်နယ်၊ ဘိုရာဆိုရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ဘိုဆယ်ဒူမောဟွန်ဒေသ၏အုပ်ချုပ်ရေးမှူး၏ပြောကြားချက်အရ ထိုဒေသတွင် နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေး စစ်ဆင်ရေးများဆောင်ရွက်ရန်အတွက် ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့များ ဖြန့်ချထားသည်ဟု သိရသည်။

 

ဘာကီနာဖာဆိုတွင် ၂၀၁၅ ခုနှစ်မှစတင်၍ လုံခြုံရေးပိုမိုဆိုးရွားလာကာ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို