ဘာစီလိုနာသို့ ဒီပိုင်းပြောင်းရွှေ့ရန် သဘောတူခဲ့ပြီဖြစ်

၅ အောက်တိုဘာ

လိုင်ယွန်တိုက်စစ်မှူး ဒီပိုင်းက ဘာစီလိုနာသို့ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပြီဖြစ်တာကြောင့် ဘောလုံးအပြောင်းအရွှေိ့ ပိတ်သိမ်းမယ့်  အောက်တိုဘာ ၆ ရက်မှာပဲ ဒီအပြောင်းအရွှေ့ကို  အပြီးသတ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း လိုင်ယွန်အားကစားဒါရိုက်တာ ဂျူနင်ဟိုက အတည်ပြုခဲ့ပါတယ်။

 

ဂျုနင်ဟိုက “ ဒီပိုင်းလား ၊ သူက လိုင်ယွန်နဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ပါ။  ဘာကာကို ပြောင်းဖို့ သဘောတူထားပြီးဖြစ်ပါတယ်။ မနက်ဖြန်မှာ သူ ဒီ( လိုင်ယွန်)ကနေ ထွက်ချင်ထွက်မှာပါ။ ဘာမှတော့ သေချာမပြောနိုင်သေးပါဘူး။ ကျွန်တော်တို့ကတော့ အသင်းရဲ့နိုင်ပွဲတွေမှာ သူ ကူညီပေးဖို့ မျှော်လင့်နေတုန်းပါ လို့ ဆိုခဲ့တာပါ။

 

ဘာစီလိုနာနည်းပြဖြစ်လာတဲ့ နယ်သာလန်နည်းပြဟောင်း ကိုးမန်းက တပည့်ဟောင်း ဒီပိုင်းကို ဘာကာအသင်းဆီ ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပြီး ဒီပိုင်းအနေနဲ့လည်း မန်ယူကနေ လိုင်ယွန်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် အကောင်းဆုံး ခြေစွမ်းတစ်ရပ်ကို ပြသနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာ အသက်ကြီးကစားသမားတွေ များပြားနေတာကြောင့် ငယ်ရွယ်တဲ့ ကစားသမားတွေကို အစားထိုးပြီး သွေးသစ်လောင်းဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမယ့်  ဒီပိုင်းဟာ အသက် (၃၃)နှစ်ရှိနေပြီဖြစ်တဲ့ မက်ဆီနေရာကို ဆက်ခံဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည် မရှိဘူးလို့  မန်ယူနဲ့ နယ်သာလန်တို့မှာ  ဒီပိုင်းနဲ့ လက်တွဲဖူးတဲ့  ဗန်ဟားလ်က ပြောကြားဖူးပါတယ်။

 

လိုင်ယွန်အနေနဲ့ ယခုအပြောင်းအရွေ့ကာလအတွင်း ဒီပိုင်းနဲ့ ဂျက်ဖ်တို့နှစ်ဦးထဲမှ အနည်းဆုံး တစ်ဦးကို ဆုံးရှုံးနိုင်ဖွယ်ရှိပြီး ဂျူဗင်တပ်စ် ဗဟိုခံစစ်မှူး မာတီယာဒီစလီဂလိုကို ပြန်လည် ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

မေလဲ့သင်း