ဘာစီလိုနာအသင်း စပိန်လာလီဂါအဝေးကွင်းပွဲစဉ်တွင် ပထမဆုံး နိုင်ပွဲရရှိ

ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါပြိုင်ပွဲရဲ့ ပွဲစဉ် (၁၄) အဖြစ် ဗီလာရီးယဲလ်အသင်းရဲ့ အိမ်ကွင်းကို သွားရောက်ကစားခဲ့ရာ ဗီလာရီးယဲလ်အသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီ စပိန်လာလီဂါ အဝေးကွင်းပွဲစဉ်တွင် ပထမဆုံးနိုင်ပွဲရရှိခဲ့ပြီဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ ဗီလာရီးယဲလ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဒုတိယပိုင်း လာရောက်ကစားခဲ့တဲ့ ဘာစီလိုနာအသင်းက ဒီဂျောင်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဗီလာရီးယဲလ်အသင်းဟာ ဦးဆောင်ဂိုးခွင့်ပြုပေး လိုက်ရပြီးနောက် ချေပဂိုးပြန်လည်ရရှိရေးအတွက် ပွဲကစားချိန် ၆၅ မိနစ်မှာ ကစားသမားနှစ်ဦး တစ်ပြိုင်တည်း လူစားလဲမှုပြုလုပ်ခဲ့ပြီး ပွဲကစားချိန် ၇၆ မိနစ်မှာ ချက်စူဇီရဲ့ သွင်းဂိုးနဲ့ ချေပဂိုးပြန်လည် ရရှိခဲ့တာဖြစ်ပါတယ်။

သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိ

အဲဒီနောက် ဘာစီလိုနာအသင်းဟာ ပွဲကစား ချိန် ၈၈ မိနစ်မှာ ဒီပေးရဲ့ သွင်းဂိုးနဲ့ ပွဲကစားချိန် မိနစ် ၉၀ မှာ ကော်တင်ဟိုရဲ့ ပင်နယ်တီသွင်းဂိုးတို့ ထပ်မံရရှိခဲ့လို့ဘာစီလိုနာအသင်းက ဗီလာရီးယဲလ် အသင်းအိမ်ကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ကော်တင်ဟိုရဲ့ အခုသွင်းဂိုးဟာ ယခုနှစ်ဘောလုံးရာသီအတွင်း ဘာစီလိုနာအသင်းနဲ့အတူ ပါဝင်ကစားခဲ့တဲ့ ပွဲစဉ် ၁၃ ပွဲမှာ ဒုတိယ မြောက်သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဗီလာရီးယဲလ်အသင်းကို အနိုင်ရပြီး စပိန်လာလီဂါအဝေးကွင်း ပထမဆုံး နိုင်ပွဲရရှိခဲ့ပေမယ့် စပိန်လာလီဂါအမှတ်ပေးဇယားမှာ အဆင့်(၇)နေရာမှာပဲ ဆက်လက်ရပ်တည်နေပြီး အမှတ်ပေးဇယား ထိပ်ကရပ်တည်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ခုနစ်မှတ်အကွာ အမှတ်ပေး ဇယားအဆင့် ၄ နေရာက အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ သုံးမှတ်အကွာမှာ ရှိနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ အခုနိုင်ပွဲဟာ နည်းပြသစ် ဇာဗီလက်ထက် ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းတစ်ရပ်ကို ရယူနိုင်ခဲ့ပြီး ဗီလာရီးယဲလ်အသင်း ကတော့ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် စပိန်လာလီဂါ ပွဲစဉ် (၁၄)ပွဲ ကစားပြီးချိန်မှာ ရမှတ် ၁၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၁၂)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ငွေကြယ်