ဘာစီလိုနာအပယ်ခံကစားသမားမှ ကြယ်ပွင့်ကစားအဖြစ် ကော်တင်ဟို ပြောင်းလဲလာရခြင်း အကြောင်းရင်း နည်းပြ ကိုးမန်းရှင်းပြ

၄ အောက်တိုဘာ

ကစားသမားတစ်ဦးအတွက်  အကောင်းဆုံးကစားနိုင်မယ့် နေရာမှာ ကစားနိုင်အောင် ကစားကွက် ဖန်တီးကစားပေးခြင်းက ကော်တင်ဟိုကို ဘာစီလိုနာအပယ်ခံ ကစားသမားအဖြစ်ကနေ ကြယ်ပွင့် ကစားသမားအဖြစ် ပြန်လည်တွန်းတင်ပေးနိုင်ခဲ့တဲ့  အဓိက အကြောင်းရင်းဖြစ်ကြောင်း ဘာကာနည်းပြသစ် ကိုးမန်းက ရှင်းပြခဲ့ပါတယ်။

 

ကော်တင်ဟိုဟာ ၂၀၁၈ခုနှစ် လီဗာပူးကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာကတည်းက  ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ဘိုင်ယန်မြူးနစ်အသင်းဆီကို အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။ ဘိုင်ယန်ဘက်က  စာချုပ်သစ်ထပ်ချုပ်ဖို့ ငြင်းဆန်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ပရီမီယာလိဂ်အသင်းတွေဖြစ်တဲ့  အာဆင်နယ်၊ လက်စတာနဲ့ နယူးကာဆယ် အသင်းတွေနဲ့ ချိတ်ဆက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။  ယခုတော့ ကော်တင်ဟိုက နည်းပြကိုးမန်း လက်အောက်မှာ ခြေစွမ်းပြကစားနေပြီး  ဘာစီလိုနာရဲ့ ယခုနှစ်ဘောလုံးရာသီ  နိုင်ပွဲတွေမှာ ကိုယ်တိုင်ဂိုးတွေသွင်းယူထားနိုင်သလို  ဂိုးဖန်တီးမှုတွေပါ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။

 

ယခုလို ပြောင်းလဲသွားရခြင်းအကြောင်းကို မီဒီယာများက မေးမြန်းခဲ့ရာမှာ ကိုးမန်းက “ သူက အရင်ကတည်းက အင်မတန် ကောင်းတဲ့ ကစားသမားပါ။ သူဟာ လီဗာပူး၊ ဘိုင်ယန်မြူးနစ်တို့လို အသင်းတွေဆီကလည်း သင်ယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကစားသမားတွေရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ လုပ်ဆောင်ပေးရမှာက နည်းပြတစ်ဦးရဲ့ တာဝန်ပါ။ သူတို့အကောင်းဆုံး ကစားနိုင်မယ့်နေရာမှာ ထားပြီး ကစားခိုင်းတာက အကောင်းဆုံးသော စွမ်းဆောင်ရည်တွေ ထုတ်ပြလာနိုင်တာပါ လို့ရှင်းပြခဲ့ပါတယ်။

မေလဲ့သင်း