ဘာဆက်စီဟီကို ရှုံးနိမ့်ပြီးနောက် ဝေဖန်မှုများကို ဆိုးလ်ရှားတုံ့ပြန်

၅  နိုဝင်ဘာ

ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက  အစ္စတန်ဘူလ်ဘာဆက်စီဟီကို နှစ်ဂိုး-တစ်ဂိုးနဲ့ အံ့အားသင့်ဖွယ်ရာ  ရှုံးနိမ့်ခဲ့ပြီးနောက်  လေးရက်အတွင်း နှစ်ပွဲဆက်ရှုံးပွဲကြုံခဲ့ရသည်။ အဆိုပါပွဲတွင်  နည်းပြ ဆိုးလ်ရှား နောက်တန်းသုံးယောက်တွဲ လူထုတ်ပုံနှင့် ပတ်သက်လို့ ဝေဖန်ခံနေရသလို  မန်ယူအသင်းသားတွေက နည်းပြ ဆိုးလ်ရှား ထုတ်ပယ်ခံရအောင် ဖော်ဆောင်နေကြောင်း  မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်းကိန်းက ဝေဖန်ခဲ့သည်။

 

ပရီးမီးယားလိဂ်တွင် ရလဒ်ပိုင်း ယိမ်းယိုင်နေမှု၊ အိမ်ကွင်း စွမ်းဆောင်ရည် ညံ့ဖျင်းမှုတို့အတွက် ဆိုးလ်ရှား မြေစာပင် ဖြစ်တော့မည်ဟု အင်္ဂလန်မှ လာသော သတင်းရင်းမြစ်များက ဆက်တိုက်ဖော်ပြနေချိန်မှာပင်  ယခုမူ ချန်ပီယံလိဂ်ရှုံးပွဲပါ စတင် ကြုံလာပြီဖြစ်ရာ ဆိုးလ်ရှား၏ မန်ယူအနာဂတ်မှာ ပိုမိုဝေဝါးလာခဲ့သည့် အနေအထားပင် ဖြစ်သည်။

 

သို့ရာတွင် ဆိုးလ်ရှားက “ကျွန်တော်နဲ့ ဝန်ထမ်းတွေအားလုံးဟာ အသင်းအတွက် အာရုံစိုက် လုပ်ဆောင်နေပါတယ်။ ခုမှ ရာသီအစပဲ ရှိသေးတဲ့အတွက် ဘာမှ မှန်းဆလို့ မရသေးပါဘူး။ ဒီနေ့မှာတော့ ကျွန်တော်တို့တွေ တာဝန်ကို ကျေကျေပွန်ပွန် မဆောင်ရွက်နိုင်ဘူးပေါ့။ နောက်ပွဲတွေ အတွက် အာရုံစိုက်ပြီး တုံ့ပြန်သွားမှာပါ ဟု  သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

မေလဲ့သင်း