ဘားအံမြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများနှင့်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား ပထမအကြိမ် ကိုဗစ်ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ဘားအံ စက်တင်ဘာ  ၁၇

ကရင်ပြည်နယ် ဘားအံမြို့တွင် လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင်  ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံရန်အတွက် စုရပ်(၁၃)နေရာတွင်  ယနေ့နံနက် ၉ နာရီမှ စတင်၍ ညနေ(၄)နာရီထိ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် စုရပ်နေရာများဖြစ်သည့် မြို့ပေါ်တွင် ဇွဲကပင်ခန်းမ၊ အ-ထ-က(၁)ကျောင်း၊ အ-ထ-က(၃)ကျောင်း၊ အ-ထ-က(၄)ကျောင်းနှင့် ကော့ထမ္မလိန်းကျေးရွာ၊ ကျောက်တလုံး (ဝင်းဒရယ်)ကျေးရွာ၊ ဘားကပ်ကျေးရွာ၊ နောင်လုံကျေးရွာ၊ လှာကာကျေးရွာ၊ အိန္ဒုကျေးရွာ၊ ဇာသပြင် (အနောက်)ကျေးရွာ၊ တရုပ်လှကျေးရွာနှင့် ထုံးအိုင်ကျေးရွာတို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများနှင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ပြည်သူများ၊ အသက်(၆၅)နှစ်အထက်၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစု များ၊ Volunteer များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဈေးသူ/ဈေးသားများအား စုရပ်များအလိုက် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ Volunteer များက ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါအခံ ရှိ/မရှိမေးမြန်းခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူ စေခြင်းများအား စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ဆေးထိုးစုရပ် (၁၃) နေရာတွင် နေ့စဉ်လူဦးရေ ၄၀၀  လျာထားထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအနေဖြင့် ကာကွယ်ဆေး လာရောက်ထိုးနှံရာတွင် မိမိတို့၏ နိုင်ငံသား စိစစ်ရေးကတ်ပြားကို ယူဆောင်လာရန် လိုအပ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရှိရသည်။

ခရိုင် (ပြန်/ဆက်)