ဗစ်တိုးရီးယားပြည်နယ်မှာ ၂ လကျော်အတွင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ  အနည်းဆုံးနေ့ဖြစ်လာ

၂၈ စက်တင်ဘာ

 

 

ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် မြို့တော်မဲလ်ဘုန်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု တစ်ကျော့ပြန် ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့် နှစ်လနီးပါး ပြဋ္ဌာန်းခဲ့ပါတယ်။

 

 

ဒီနေ့ (တနင်္လာနေ့) မှာတော့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅ ဦးသာ ရှိတဲ့အတွက် ဇွန်လ ၁၂ ရက်နေ့ကစပြီး ပိုးတွေ့သူ အနည်းဆုံးနေ့ဖြစ်လာကြောင်း သိရပါတယ်။

 

 

မဲလ်ဘုန်းမြို့မှာ ပြဋ္ဌာန်းထားတဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှု တားမြစ်ချက်တွေကိုလည်း ဖြေလျှော့ ပေးတာကို တွေ့ရပါတယ်။ ကုန်ထုတ်လုပ်ငန်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို  ပြန်လည်လုပ်ကိုင်ခွင့်၊ နေ့ကလေးထိန်း ကျောင်းတွေနဲ့ ဘာသာရေးဆိုင်ရာ လူအနည်းငယ် စုဝေးခွင့်ကိုပါ ပြုလုပ်ခွင့်‌ပေးကြောင်း သိရပါတယ်။

 

 

ဗစ်တိုးရီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဒန်နီရယ် အန်ဒရူးစ်က ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ဆက်လက်ပြီး နည်းလာပြီဆိုရင် တားမြစ်ချက်တွေကို ဆက်လက် ဖြေလျှော့ပေးမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

 

 

ပြည်နယ်အုပ်ချုပ်ရေးမှူး ဆက်ပြောတာကတော့ new normal ပုံစံနဲ့ နေထိုင်ဖို့ ခြေလှမ်းလှမ်းနေစဉ်မှာ ညမထွက်ရအမိန့် ရုတ်သိမ်းလိုက်ပေမယ့် မဲလ်ဘုန်းမြို့ခံတွေ အနေနဲ့ နေအိမ်တွေမှာပဲ နေထိုင်ဖို့ အမိန့်ရှိသေးကြောင်း၊ ၃ မိုင် အတွင်းသာ သွားလာခွင့်ရှိပြီး အရေးမကြီးတဲ့ ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တွေကို ဆက်လက် ပိတ်ထားဖို့ လိုအပ်ကြောင်းနဲ့ စားသောက်ဆိုင်တွေမှာ ပါဆယ်သာ ရောင်းခွင့် ရှိကြောင်း ပြောဆိုပါတယ်။

 

 

လူဦးရေ ၂၅ သန်း နေထိုင်တဲ့ ဩစတြေးလျနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါပိုး တွေ့ရှိသူ ၂၇,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၈၇၅ ဦးရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn