B ပိုးကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ဒါလေးတွေ သိထားဖို့လိုတယ်နော်

၁၉  ဇန်နဝါရီ

 

အသည်းရောင်အသားဝါ   ဘီပိုးဆိုတာ လူတွေနဲ့ မစိမ်းတဲ့ ရောဂါပိုးတစ်ခုပါ။ သွေးတွေ၊ ချွေးတွေနဲ့ ကိုယ်ခန္ဓာက ထွက်တဲ့အရည်တွေကတစ်ဆင့် ကူးစက်တာဆိုတော့ ကူးစက်နိုင်ဖို့ အလားအလာလည်း အင်မတန်များတဲ့ ရောဂါတစ်ခုပါ။ လက္ခဏာတွေကလည်း သိပ်မသိသာဘဲ ရောဂါကျွမ်းမှ၊ မတော်တဆ သွေးစစ်ရင်းနဲ့မှ တွေ့သွားတတ်တာဆိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘီပိုးရှိတဲ့သူတွေ များချင်များနေမှာနော်။

 

နောက်ပြီး ဘီပိုးက အသည်းရောင် စေတာအပြင် နောက်ဆုံး အသည်းခြောက်တာ အသည်းကင်ဆာစတဲ့ ရောဂါဆိုးတွေကို ဖြစ်စေတဲ့အပြင် သူ့ကို အပြတ်ကုသနိုင်တဲ့ ဆေးနည်းကလည်း မပေါ်သေးဘဲ ရောဂါဆက်မကြီးအောင် ထိန်းထားနိုင်တဲ့ ဆေးနည်းတွေပဲ ပေါ်သေးတာဆိုတော့ ကိုယ့်ဆီ ဘီပိုးရောက်မလာအောင် ကြိုတင်ကာကွယ်ထားဖို့က အရေးအကြီးဆုံး ဖြစ်လာပြီလေ။

 

ကံကောင်းတာတစ်ခုက ဘီပိုးကိုယ့်ဆီ မကူးစက်အောင်လို့ တားထားလို့ရတဲ့ B ပိုးကာကွယ်ဆေးတွေ ပေါ်နေပြီလေ။ ကာကွယ်ဆေးရှိနေပြီဆိုတော့ ကာကွယ်ဆေးအကြောင်း သေသေချာချာ ပြည့်ပြည့်စုံစုံ သိထားဖို့လည်း လိုပြန်ရော။ ဒါမှ ကိုယ်ကာကွယ်ဆေးထိုးရင် အထောက်အကူပြုမှာလေ။

 

ဘီပိုးကာကွယ်ဆေးအကြောင်း သိထားသင့်သမျှ ။ ။

 

ဘာ့ကြောင့် ကာကွယ်ဆေးထိုးဖို့ လိုသလဲ။ ဘီပိုး ကူးစက်ခံရဖို့ အင်မတန်မှ လွယ်ကူပြီး ကူးစက်ခံထားရရင်လည်း ရောဂါလက္ခဏာ သေသေချာချာ မသိနိုင်ဘဲ ရောဂါတော်တော်ကျွမ်းမှ သိသွားနိုင်တဲ့အပြင် ပိုးကို အသေသတ်နိုင်တဲ့ ဆေးနည်းတွေလည်း မပေါ်သေးတာကြောင့် ဘီပိုးကာကွယ်ဆေးက ထိုးကိုထိုးထားဖို့လိုအပ်တဲ့ ကာကွယ်ဆေးတစ်ခုပါ။

 

ဘယ်သူတွေက ကြိုထိုးထားသင့်လဲ။

 

လူတိုင်းထိုးထားသင့်တဲ့ ကာကွယ်ဆေးတစ်ခုဖြစ်ပေမယ့် ခုပြောပြမယ့်သူတွေက ပိုထိုးထားသင့်ပါတယ်။

 

အိမ်သားထဲက တစ်ယောက်ယောက်မှာ ဘီပိုးရှိတဲ့အခါ

 

ဘီပိုးရောဂါသည်တွေများတဲ့ ဆေးရုံလိုနေရာမျိုးမှာ အလုပ်လုပ်နေရတဲ့သူတွေ

 

ဘီပိုးရှိတဲ့ မိခင်ကနေ မွေးဖွားလာတဲ့ ရင်သွေးလေးတွေက ကာကွယ်ဆေး အထိုးသင့်ဆုံး သူတွေပါ။

 

ခုနောက်ပိုင်း တိုးတက်လာတော့ မွေးကင်းစကလေးတွေထိုးရတဲ့ ငါးမျိုးစပ် ကာကွယ်ဆေးမှာ ဘီပိုးကာကွယ်ဆေးက ပါပြီးသားပါ။

 

ကာကွယ်ဆေးထိုးချင်တာနဲ့ တန်းထိုးလိုက်ရုံပဲလား။

 

အထူးသတိပြုရမယ့် အချက်ပါ။ ကာကွယ်ဆေးမထိုးခင် ကိုယ့်မှာ ဘီပိုးရှိနေလားဆိုတာ အရင်သွေးစစ်ဖို့လိုပါတယ်။ ဘီပိုးမရှိတော့မှ ကာကွယ်ဆေးထိုးလို့ရမှာပါ။

 

ဘီပိုးကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးရုံရလား။

 

ဘီပိုးကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးရုံနဲ့ မပြီးပါဘူး။ သုံးကြိမ်ထိုးရမယ့် ကာကွယ်ဆေးတစ်မျိုးပါ။ အသုံးအများဆုံး အကြိမ်ကတော့ 0-1-6 ဖြစ်ပါတယ်။ သဘောက ပထမဆုံးအကြိမ်ထိုးပြီး နောက်တစ်လအကြာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပြီး ဒုတိယအကြိမ်ပြီး ၆ လအကြာမှာ တတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။ ကိုယ့်ထိုးရမယ့်ရက်ကို သေချာမှတ်ထားပြီး အကြိမ်ရေပြည့်အောင်ထိုးပါမှ ကာကွယ်ဆေးအောင်မှာ ဖြစ်ပါတယ်။

 

ကာကွယ်ဆေးသုံးကြိမ်ထိုးပြီးရင်ဘာတွေလုပ်ရဦးမှာလဲ။

 

ကာကွယ်ဆေး သုံးကြိမ်ထိုးပြီပြီဆိုတာနဲ့ ဆေးအောင်မအောင် ပြန်စစ်ဖို့လိုပါတယ်။ ကာကွယ်ဆေး အောင်ပြီဆိုတော့မှ စိတ်ချရမှာဖြစ်ပြီး ဆေးမအောင်ရင် အစကပြန်ထိုးဖို့လိုပါတယ်။

 

တစ်ခါကာကွယ်ဆေးအောင်သွားပြီးရင် ဘီပိုးကာကွယ်ဆေးက တစ်သက်လုံးခံလား။

 

ဘီပိုးကာကွယ်ဆေးက တစ်ကြိမ်အောင်ပြီးရင် စိတ်ချရသွားပြီဆိုပေမယ့် ပိုပြီး စိတ်ချရအောင် ၅ နှစ်တစ်ကြိမ် ပြန်ပြန်ထိုးပေးဖို့လည်း လိုအပ်ပါတယ်။

 

ဘီပိုးကာကွယ်ဆေးကို ဘယ်မှာထိုးလို့ရသလဲ။

 

ဆေးရုံဆေးခန်းတွေမှာ ကာကွယ်ဆေးထိုးလို့ရသလို၊ ဆေးဆိုင်တွေမှာ ကိုယ့်ဘာသာဝယ်ပြီး အသိဆရာဝန်တွေကို ထိုးခိုင်းလို့လည်းရပါတယ်။ ကာကွယ်ဆေးဝယ်မယ်ဆိုရင်တော့ ကာကွယ်ဆေးခံအောင် ရေခဲတွေနဲ့ အတူထားပါ။

 

ကိုယ်ခန္ဓာဘယ်နေရာမှာ ကာကွယ်ဆေးထိုးတတ်ကြလဲ။

 

ဘီပိုးကာကွယ်ဆေး အထိုးအများဆုံးနေရာကတော့ လက်မောင်းမှာဖြစ်ပီး ထိုးပြီးတာနဲ့ ဆေးထိုးထားတဲ့နေရာကို မချေဖို့လိုအပ်ပါတယ်။ တစ်ချို့လူတွေမှာ ကာကွယ်ဆေးထိုးထားတဲ့နေရာ အောင့်ကျန်တာမျိုး တစ်ပတ်လောက်အထိခံစားရတတ်ပါတယ်။မွေးကင်းစကလေးတွေဆိုရင်တော့ အသားများတဲ့ပေါင်လိုနေရာမျိုး မှာ ကာကွယ်ဆေးထိုးပေးပါတယ်။

 

ဒါတွေကတော့ ဘီပိုးကာကွယ်ဆေး မထိုးခင်သိထားသင့်တဲ့ အကြောင်းအရာတွေပါ။ ဘီပိုးကာကွယ်ဆေးထိုးတဲ့ နေရာမှာ အရေးအကြီးဆုံးကတော့ ရက်ချိန်းမှန်အောင်၊ အကြိမ်ရေပြည့်အောင် ဆေးထိုးရမှာ ဖြစ်ပြီး ဆေးအောင်မအောင် ပြန်စစ်ဖို့လည်း မမေ့သင့်ပါ။

ဒါလေးတွေသိထားတော့ ကိုယ်ကာကွယ်ဆေးထိုးတဲ့အခါ အူတူတူ ဖြစ်မနေတော့ဘဲ ဆရာဝန်တွေနဲ့ သေချာ ဆွေးနွေးလို့ရသွားပြီပေါ့။

 

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”