နေပြည်တော်၊ ၆ ဇန်နဝါရီ

 

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဆီထွက်နှင့် ပဲမျိုးစုံသီးနှံသုတေသနဌာနခွဲ၊ ပဲမျိုးစုံသီးနှံ သုတေသနဌာနစု ပဲတီစိမ်းသီးနှံနှင့် ပတ်သက်၍ အစေ့ကြီး၍ သက်လျှင်အထွက်ကောင်း ပဲတီစိမ်းမျိုးများရှာဖွေခြင်း၊ အစေ့ကြီး၍ အဝါရောင်မိုစေ့ရောဂါဒဏ် ခံနိုင်ရည်ရှိသော ပဲတီစိမ်းမျိုးများရှာဖွေခြင်း၊ အဝါရောင်မိုစေ့ ရောဂါမျိုးရိုးလိုက်မှုကို လေ့လာခြင်း၊ မြစ်ခြောက်ဆွေးရောဂါနှင့် အဝါရောင်မိုစေ့ရောဂါဒဏ် ခံနိုင်ရည်ရှိသော ပဲတီစိမ်းမျိုးများရှာဖွေခြင်း၊ မျိုးကူးစပ်ခြင်းမှ ရရှိလာသော ဗီဇငြိမ်သားဆက်လိုင်းများ၏ သီးနှံဖြစ်ထွန်းမှုကို လေ့လာခြင်း၊ အဝါရောင်မိုစေ့ရောဂါဒဏ် ခံနိုင်ရည်ရှိသော သက်လျင်ပဲတီစိမ်းမျိုးနှင့် အထွက်ကောင်း ပဲတီစိမ်းမျိုးများရှာဖွေခြင်းနှင့် အပင်ယိုင်လဲမှုဒဏ် ခံနိုင်ရည်ရှိသည့် မျိုးများနှင့် ဆက်စပ်နေသည့် ဇီဝကမအကြောင်းအား လေ့လာခြင်း အစရှိသော သုတေသနများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဌာနမှသိရသည်။

 

ယင်းပဲတီစိမ်း သုတေသနများအနက် ၂၀၂၀ ပြည့်နှစ် မိုးနှောင်းရာသီတွင် အဝါရောင်မှိုစေ့ရောဂါဒဏ် ခံနိုင်ရည်ရှိသော အထွက်ကောင်းပဲတီစိမ်းမျိုးများ ရှာဖွေခြင်းသုတေသနကို သုတေသနပညာရှင်များက လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါသုတေသနသည် ပဲတီစိမ်းအဓိကစိုက်ပျိုးချိန်တွင် ကျရောက်တက်သော အဝါရောင်မှိုစေ့ ရောဂါဒဏ်အား ခံနိုင်ရည်ရှိသည့် အထွက်ကောင်း ပဲတီစိမ်းမျိုးများအား တောင်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

 

ထိုသုတေသနတွင် ရေဆင်း-၁၄ မျိုးနှင့် ရေဆင်း-၁ မျိုးတို့အား မိဘမျိုးများအဖြစ် အသုံးပြု မျိုးကူးစပ်၍ သားဆက်အဆင့်ဆင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊  ၂၀၂၀ ပြည့်နှစ် မိုးနှောင်းရာသီတွင် အဝါရောင်မှိုစေ့ ရောဂါဒဏ် ခံနိုင်ရည်ရှိသည့် အထွက်ကောင်း အလားအလာကောင်း ပဲတီစိမ်းမျိုးလိုင်းများဖြစ်သော  YM-15-7-2၊ YM-15-7-6 နှင့် YM-15-7-7 အစရှိသော မျိုးလိုင်း (၃) လိုင်း တွေ့ရှိနေပြီဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍  အဆိုပါ မျိုးလိုင်း (၃) မျိုးထဲမှ တောင်သူအများစု ကြိုက်နှစ်သက်သည့် ဈေးကွက်အလားအလာကောင်းသော မျိုးလိုင်း (၁) မျိုးကို ထပ်မံရွေးချယ် သုတေသနပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ (TSC) နှင့် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ (NSC) တို့တွင် မျိုးသစ်အဖြစ် မှတ်ပုံတင်၍ အဝါရောင်မှိုစေ့ ရောဂါဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်း ပဲတီစိမ်းမျိုးအား ထုတ်ဝေသွားနိုင်မည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

 

မေမိုးသဲ