အူရီဒူးက eSIM ကို မြန်မာနိုင်ငံတွင် စတင်ဝန်ဆောင်မှုပေး

 

ရန်ကုန် ဇန်နဝါရီ ၂၉

 

အူရီဒူးသည် မြန်မာနိုင်ငံတွင် eSIM ဝန်ဆောင်မှုကို ဇန်နဝါရီ ၁၇ ရက်မှစ၍ ပေးအပ်လိုက်ပြီဖြစ်ကာ နောက်ဆုံးပေါ် ဆင်းကတ်နည်းပညာတစ်ခုဖြစ်သည့် အဆိုပါ အူရီဒူး eSIM ကို နိုင်ငံပေါင်း ၁၁၈ နိုင်ငံတွင် International roaming ဝန်ဆောင်မှုဖြင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အူရီဒူးဆင်းကတ်များကို သုံးစွဲသူများအနေဖြင့် eSIM သို့ ပြောင်းလဲခြင်းအတွက် အခမဲ့ပြောင်းလဲနိုင်မည်ဖြစ်သလို နံပါတ်အသစ်များကို eSIM အနေဖြင့် ဝယ်ယူရာတွင်လည်း ထပ်တိုးကုန်ကျစရိတ်မရှိဘဲ ပုံမှန်ဆင်းကတ် နှုန်းထားအတိုင်း ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် အူရီဒူး eSIM ပြောင်းလဲခြင်း သို့မဟုတ် eSIM နံပါတ်သစ် ဝယ်ယူခြင်းတို့အတွက် အရောင်းဆိုင်များသို့သွားစရာမလိုဘဲ ဒစ်ဂျစ်တယ်စနစ်ဖြင့် လွယ်ကူလျင်မြန်စွာလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

eSIM ဆိုသည်မှာ eSIM စနစ်ကို ထောက်ပံ့ပေးထားသော ဖုန်းမော်ဒယ်များတွင် ဆင်းကတ်ထည့်သွင်းရန် မလိုအပ်တော့ဘဲ ဒစ်ဂျစ်တယ်နံပါတ်တစ်ခုအနေဖြင့်သာ ထည့်သွင်း၍ ပုံမှန်ဆင်းကတ်များအတိုင်း အသုံးပြုနိုင်သော စနစ်ဖြစ်သည်။ အားသာချက်များအနေဖြင့် ပုံမှန်ဆင်းကတ်များထက် ဖုန်းနံပါတ် အရေအတွက် ပိုမိုအသုံးပြုနိုင်ခြင်း၊ ဆင်းကတ်များ ပျောက်မည်ကို စိုးရိမ်ရန်မလိုအပ်တော့ခြင်း၊ ပြည်ပသို့ သွားသူများအတွက် နိုင်ငံအလိုက် ကွန်ရက်ပြောင်းလဲ အသုံးပြုနိုင်ခြင်း စသည့် အားသာချက်များရှိသည်။

ပုံမှန်ဆင်းကတ်များသည် ဖုန်းတစ်လုံးလျှင် နှစ်ကတ်သာ ထည့်သွင်းနိုင်သော်လည်း eSIM ကို ဖုန်းအမျိုးအစားနှင့် မော်ဒယ်အလိုက် ဖုန်းနံပါတ်အရေအတွက် ငါးခုမှ ၂၀ ခန့်အထိ ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ eSIM နံပါတ်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲအသုံးပြုခြင်းကိုလည်း ဖုန်းပေါ်တွင် ကလစ်အနည်းငယ်နှိပ်ရုံဖြင့် အလွယ်တကူ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ နိုင်ငံရပ်ခြားသို့ အကြောင်းအမျိုးမျိုးဖြင့် မကြာခဏ ခရီးသွားရသူများအနေဖြင့်လည်း ဆင်းကတ်များ လဲလှည့်ထည့်သွင်းစရာ မလိုဘဲ ဒစ်ဂျစ်တယ်စနစ်ဖြင့်ပင် သက်ဆိုင်ရာနိုင်ငံရှိ အော်ပရေတာ၏ eSIM များဖြင့် ဆက်သွယ် ရေးဝန်ဆောင်မှုများကို အလွယ်တကူပြောင်းလဲရယူ၍ အသုံး ပြုနိုင်မည်ဖြစ်သည်။

အူရီဒူး၏ eSIM ဝန်ဆောင်မှုကို ဒစ်ဂျစ်တယ်ချန်နယ်များဖြစ်သည့် Ooredoo SuperApp နှင့် ဝက်ဘ်ဆိုက်တို့မှတစ်ဆင့် လွယ်ကူရိုးရှင်းသည့် နည်းလမ်းများဖြင့် ရယူအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားပြီး eSIM ကို စတင်အသုံးပြုလိုသူတိုင်းသည် အဆိုပါ ဒစ်ဂျစ်တယ်ချန်နယ်လ်များမှ တစ်ဆင့် activate ပြုလုပ်ရန် QR ကုဒ်ကိုရယူ၍ scan ဖတ်ပြီး eSIM ကို အသုံးပြုနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း၌လည်း eSIM စနစ်ကို အထောက်အပံ့ပေးသော ဖုန်းများကို အသုံးပြုလျက်ရှိရာ လက်ရှိ ဈေးကွက်အတွင်း တွေ့ရသော eSIM သုံးနိုင်သည့် ဖုန်းအမျိုးအစားနှင့် မော်ဒယ်များမှာ iPhone တွင် iPhone XR မှ 15 အထိ မော်ဒယ်အမျိုးမျိုးနှင့် iPad မော်ဒယ်အချို့၊ ဆမ်ဆောင်းတွင် Galaxy S20 နှင့် Note 20 မှစ၍ နောက်ပိုင်းထွက်ဖုန်းမော်ဒယ်အများစုနှင့် ခေါက်ဖုန်းများ၊ ဟွာဝေးတွင် P40, P40 Pro နှင့် Mate 40 Pro ၊ Xiaomi တွင် 12T Pro နှင့် 13 စီးရီးမှ မော်ဒယ်အချို့၊ Oppo တွင် Find X နှင့် Reno စီးရီးများမှ မော်ဒယ်အချို့နှင့် N2 ခေါက်ဖုန်းတို့တွင် eSIM စနစ်ကို အသုံးပြုနိုင်ကြောင်းသိရသည်။

 

တင်စိုး(မြန်မာ့အလင်း)၊

ကိုစိုး