ကာလိ မတ် ၂၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် အသိပညာဗဟုသုတ တိုးပွားလာသည့် အကျိုးကျေးဇူးများအား သိရှိလာစေရန် ရည်ရွယ်၍ မတ် ၁၉ ရက် မွန်းလွဲ ၃ နာရီခွဲက ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ အ.ထ.က (ကာလိ) ကျောင်းခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် ကာလိမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သော လူငယ်ဆိုင်ရာ အသိပညာများကို ဟောပြောပေးခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆေးက ‌ကျောင်းသား/ ကျောင်းသူများအတွက် သိသင့်သိထိုက်သော လူငယ်များ၏ ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ လူငယ်နဲ့စာရိတ္တ ‌ခေါင်းစဉ်များဖြင့် ဟောပြောပေးပြီး တက်ရောက်လာကြသည့် ဆရာ/ဆရာမများက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ကျန်းမာရေး အစရှိသည့် လူငယ်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ဟောပြောပေးခဲ့ကြသည်။

 

အဆိုပါ ဟောပြောပွဲသို့ ကာလိမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၀)ခန့် တက်ရောက်ခဲ့ကြသည်။

 

ဝင်းကျော် (ကာလိ ပြန်/ဆက်)