အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားကြီးတွင် ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ပွင့်ဖြူ   ၇    နိုဝင်ဘာ     

 

ယနေ့ ကျရောက်သည့် (၃၁)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး ဦးဆောင်သော ဝန်ထမ်းများ စုပေါင်းအဖွဲ့က ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီးသို့ သွားရောက်ပြီး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

 

အဆိုပါ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး ၊ မင်းဘူး(စကု)မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ ၊ ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ တို့က အနီးကပ် ကြီးကပ်၍ ဝန်ထမ်း အင်အား ၂၅၀ ဦးခန့်က ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော် ကြည်ညိုနိုင်ရေးအတွက် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးရင်ပြင်တော်အား တံမြက်စည်း လှဲခြင်း ၊ ဘုရား ပုရဝုဏ်အတွင်းအပြင်ရှိ အမှိုက်သရိုက်များအား ကောက်ယူရှင်းလင်းခြင်း ၊ ပေါင်းမြက်များနှင့် ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းများကို တစ်ပျော်တစ်ပါး စုပေါင်းရှင်းလင်းဆောင်ရွက်ပေးခဲ့ကြသည်။

 

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် ဘုရားကြီးကျောင်းတိုက်တွင် ကျောင်းထိုင် ဆရာတော် အရှင်ဓမ္မာစာရ အမှူးပြုသော ပင့်သံဃာဆရာတော်ကြီးများအား နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြကြောင်း သိရသည်။

 

 ရဲဝင်းနိုင် ( ညောင်ဦး )