အသည်းရောင်ရောဂါရှိလျှင်ဘာမစားသင့်ဘူးလဲ

ရေးသားသူ Dr. Sandar Lin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

 

တချို့သောအစားအစာများသည် အသည်းကိုထိခိုက်နိုင်သောကြောင့် အသည်းရောင်အသားဝါ ရောဂါရှိလျှင်အစား အစာကိုဂရုတစိုက်ရွေးချယ်စားသုံးသင့်ပါတယ်။ အသည်းရောဂါရှိလျှင် အလွန်အကျွံ မစားသင့်သောအစာနှင့် ရှောင်ကြဉ်ရမည့်အစားအစာများကို မှတ်သားနိုင်ရန်အောက်တွင် ဖော်ပြထားပါတယ်။

 

အာဟာရဖြစ်သော အစားအစာများအပြင် ကျန်းမာရေးကို ထိခိုက်စေသောအသည်းကို ထိခိုက်နိုင်သော အစားအစာများ လည်းရှိပါတယ်။

 

အရက်ဖြတ်ပါ။

အရက်သည် အဆိပ်အတောက်ဖြစ်စေပြီး အူမှ အာဟာရဓာတ်များစုပ်ယူခြင်းကို ဟန့်တားသောကြောင့် အမြဲရှောင်ကြဉ်သင့်သော အစားအစာတွင်ပါဝင်ပါတယ်။ ဘီယာ၊ ဝိုင်၊ ရှန်ပိန်၊ အရက်ပြင်းများသောက်ခြင်းကို ရှောင်ကြဉ်ပါ။ ဆေးဆိ်ုင်တွင် အလွယ်တကူရနိုင်သော အရက်ပါဝင်သော ချောင်းဆိုးပျောက် ဆေးရည်များကို မှတ်သားပြီး ရှောင်ကြဉ်သင့်ပါတယ်။

 

ဆိုဒီယမ်ဓာတ်(ဆား)ပါဝင်သော အစားအစာများ အလွန်အကျွံ စားခြင်းကိုရှောင်ကြဉ်ပါ။

 

ဆိုဒီယမ်ဓာတ်များပါက အသည်း၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ပြီး သွေးပေါင်တက်ခြင်းမှတဆင့် အသည်းအဆီဖုံး ရောဂါကိုဖြစ်စေနိုင်ပါတယ်။ စည်သွတ်ထားသော အစားအစာများသည် ဆားနှင့်သကြားဓာတ် ပါဝင်မှုများသောကြောင့်ဗိုက် တွင်ဖောရောင်ခြင်း၊ သွေးအတွင်း ရေဓာတ်များခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

 

ဒါကြောင့် အစားအစာတွင်ပါဝင်သော အာဟာရပါဝင်မှု အညွှန်းကိုဖတ်ပါ။ ဆားပါဝင်မှုများသော အသားနှင့် အသား ချောင်းများကိုလျှော့စားပါ။ သွေးပေါင်ချိန်ကို ထိန်းညှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။

 

ပြည့်ဝဆီများစားခြင်းကိုရှောင်ကြဉ်ပါ။

အသည်းရောဂါဖြစ်လျှင် ကိုယ်အလေးချိန်ကျဆင်းနိုင်သောကြောင့် အဆီကို လုံးဝရှောင်တာမျိုး မလုပ်သင့်ပါဘူး။ သို့သော်လည်း အသည်းရောဂါဖြစ်နေချိန်တွင် အဆီကို အူမှစုပ်ယူနိုင်ရန်နှင့် ခန္ဓာကိုယ်မှ ချေဖျက်နိုင်ရန်အတွက် လိုအပ်သော သည်းခြေရည်ထုတ်လုပ်မှု နည်းလာနိုင်ပါတယ်။ ထို့ကြောင့် ကျန်းမာရေးနှင့် မညီညွတ်သောပြည့်ဝဆီ (ထောပတ်ဆီ၊ အဆီမထုတ်ထားသောနွားနို့၊ အသားမှရသောအဆီ) များကို ရှောင်ကြဉ်သင့်ပြီး ခန္ဓာကိုယ်အတွက် ကောင်းမွန်သောမပြည့်ဝ ဆီများ(သံလွင်ဆီ၊ ထောပတ်သီးအဆီ) ကို ရွေးချယ်စားသုံး သင့်ပါတယ်။

 

ပရိုတင်းဓာတ်(အသားဓာတ်) အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဉ်ပါ။

အသည်းရောင်နေချိန်တွင် အသည်း၏လုပ်ဆောင်ချက်များကို ထိခိုက်စေသဖြင့် ခန္ဓာကိုယ်တွင် အမိုးနီးယားဓာတ်(ammonia) များစုပေါင်းနိုင်ပါတယ်။ ၄င်းဓာတ်သည် ဦးနှောက်ကို အဆိပ်အတောက် ဖြစ်စေနိုင်ပြီး ထိခိုက်စေနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်များက တစ်နေ့ကို ကိုယ်လေးချိန် ၁ကီလိုတွင် ပရိုတင်းဓာတ် ၁ဂ ရမ်နှုန်းထက်ပို၍ မစားသင့်ကြောင့် ဆိုထားပါတယ်။ ပရိုတင်း ဓာတ်ပါဝင်မှုများသော အစားအစာများမှာ အသား၊ ကြက်သား၊ ငါး၊ နို့ထွက်ပစ္စည်းများ၊ ပဲ၊ အစေ့အဆံများ ပါဝင်သည်။

 

ချိုသောအစားအစာများကိုမစားပါနှင့်။

ချိုသောအစားအစာများသည် ကာဗိုလ်ဟိုက်ဒရိတ်ဓာတ်များ ပါဝင်သောကြောင့် ဆီးချိုရောဂါဖြစ်စေနိုင်ပြီး အသည်းကိုလည်း ထိခိ်ုက်နိုင်ပါတယ်။ ကိတ်မုန့်၊ ပေါင်မုန့်ဖြူ နှင့်သကြားပါသော အစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။ ထို့ပြင် သဘာဝသကြားနှင့် အမျှင်ဓာတ်ပါသော အစားအစာများ(စတော်ဘယ်ရီ၊ လိမ္မော်သီး၊ ပန်းသီး) ကိုစားသင့်ပါတယ်။ အမျှင်ဓာတ် ပါသောအစားအစာများသည် ခန္ဓာကိုယ်မှ သကြားစုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

 

သင့်လျော်သော အစားအစာကို ရွေးချယ်ခြင်းသည် မည်သည့်ကုသမှုတွင်မဆို အရေးပါသောအပိုင်း ဖြစ်ပါတယ်။ သင့်လျော်သော အစားအစာများသည် သင့်ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို သန့် စင်စေနိုင်ပါတယ်။ အစားအသောက်ကို သေချာစွာရွေးချယ်စားသုံးလေ သင်ကျန်းမာလေဖြစ်မှာပါ။

 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"