အသည်းရောင် အသားဝါဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့

၁၃ စက်တင်ဘာ 


ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် မြန်မာနိုင်ငံမှာလည်း အသည်းရောဂါခံစားရသူဦးရေဟာ တစ်နှစ်ထက်တစ်နှစ် ပိုများလို့လာပါတယ်။ အသည်းရောဂါတွေထဲမှာမှ အဖြစ်များတဲ့ အသည်းရောင် အသားဝါ ဘီပိုးကူးစက်ခံထားရသူတွေအနေနဲ့ ကျန်းမာနေစေဖို့ ဘာတွေကိုဂရုစိုက်ဖို့လိုမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတစ်ဆင့် ပြောပြပေးပါရစေ။


အသည်းရောင် အသားဝါ ဘီပိုး  ဆိုတာဘာလဲ…..


ရောဂါပိုးကူးစက်ခံထားရသူရဲ့ သွေးနဲ့ထိတွေ့မိတာ၊ မျိုးပွားအင်္ဂါကထွက်တဲ့အရည်၊ သုတ်ပိုးနဲ့ထိတွေ့မိတာတွေကြောင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရတဲ့အခါအသည်းမှာ အမာရွတ်ဖြစ်တာ၊ အသည်းလုပ်ဆောင်ရည်ကျဆင်းသွားတာ၊ အသည်းကင်ဆာဖြစ်တာတွေ ခံစားရနိုင်ပါတယ်။ သေချာမကုသဘဲထားမယ်ဆိုရင် အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့သွေးနဲ့ထိတွေ့မိတာ၊ အနာပေါက်ရှိနေပြီး အနာကနေတစ်ဆင့် ရောဂါပိုးကူးစက်ဝင်ရောက်တာ၊ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေနဲ့ထိတွေ့မိတာကြောင့် ကူးစက်ခံရနိုင်ပါတယ်။


ရောဂါလက္ခဏာတွေက ဘာတွေလဲ…


အသည်းရောင် အသားဝါ ဘီပိုးကူးစက်ခံရတဲ့အခါ


အသားဝါမယ်၊ မျက်လုံးအဖြူသားတွေဝါလာမယ်။


ဝမ်းအရောင်ဖျော့ဖျော့တွေသွားမယ်


အဖျားတက်မယ်


ရက်ရှည်လများ ပင်းပန်းနုံးချိသလိုခံစားနေရမယ်


အစားစားချင်စိတ်မရှိဖြစ်မယ်၊ အော့အန်မယ်


ဗိုက်ထဲကအောင့်မယ်။ စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။


ကျန်းမာနေစေဖို့ ဘယ်လိုနေထိုင်မလဲ………


အသည်းရောင် အသားဝါ ဘီပိုးရှိနေပေမယ့်လည်း ကျန်းမာနေစေဖို့ဆိုရင်


ဆရာဝန်နဲ့ ပုံမှန်ပြသပြီး လိုအပ်တဲ့ ကုသမှုခံယူပေးပါ။


အရက်လျှော့သောက်ပါ။


ဆေးလိပ်ဖြတ်ပါ။


သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်များများစားပေးပါ။


အသားစိမ်း၊ ငါးစိမ်းတွေရှောင်ပါ။


ကျက်အောင်ချက်ထားတဲ့ အစားအစာတွေကိုပဲစားပါ။


အချိုစာတွေလျှော့စားပါ။


အဆီစားတာကို လျှော့ချပါ။


ပင်လယ်စာတွေလျှော့စားပါ။


မလိုအပ်ဘဲ ဆေးတွေမသောက်ပါနဲ့။


ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေကိုရှောင်ပါ။


စားသုံးမယ့်အစားအစာတွေမျာ မှိုတွေရှိမနေစေဖို့ ဂရုစိုက်ပေးပါ။


ပရိုတင်းပြည့်ဝအောင်စားပါ။


လက်ဖက်စိမ်းရေနွေးကြမ်း သောက်ပါ။


အစားအစာကို ချင့်ချိန်စားသုံးပါ။


အမျှင်ဓာတ်ကြွယ်ဝအောင် စားသုံးပေးပါ။


အနံ့ပြင်းတဲ့ အိမ်သန့်ရှင်းရေးသုံး ပစ္စည်းတွေကို ရှောင်ပါ။


တစ်ဆင့်ခံဆေးလိပ်ငွေ့ကိုရှောင်ပါ။


ငါးစားသုံးပေးပါ။


လေ့ကျင့်ခန်းလုပ်ပါ။


စိတ်ဖိစီးမှုလျှော့ပါ။


ပြည့်ပြည့်ဝဝအနားယူပါ။


ဆီကြော်စာ တွေမစားပါနဲ့။


ဘာတွေစားရမလဲ………
အသည်းရောင် အသားဝါ ဘီ ရောဂါပိုးရှိသူတွေအနေနဲ့ ခန္ဓာကိုယ်မှာ အာဟာရပြည့်ပြီး ကျန်းမာနေစေဖို့အတွက်


သစ်သီးတွေ


ဟင်းသီးဟင်းရွက်တွေ


အဆီထုတ်ထားတဲ့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ


အဆီမပါတဲ့ အသား


အရေခွံမပါတဲ့ ကြက်သား


သံလွင်ဆီ


အခွံမာသီး


အစေ့အဆန်


ထောပတ်သီး


ပဲအမျိုးမျိုး


ကြက်ဥအကာ


ဆန်လုံးညို


အုတ်ဂျုံ စတာတွေစားပေးလို့ရပါတယ်။


ဒါတွေအပြင် အမြဲမပြတ်သတိထားရမှာက နေ့စဉ်နဲ့အမျှ ကိုယ်ရှုသွင်းသမျှ၊ သောက်သမျှ၊ စားသမျှအားလုံးကို အရေပြားကနေတစ်ဆင့် အသည်းကစုပ်ယူသန့်စင်ပေးနေတယ်ဆိုတာကိုပါ။ ဒါကြောင့် ကျန်းမာနေစေဖို့  ခန္ဓာကိုယ်အတွက်အရေးပါတဲ့ အသည်းကို သေချာလေးဂရုစိုက်စေချင်ပါတယ်။


ရေးသားသူ - Aye Thi Mon


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”