အသင်းခြောက်သင်း၊ ပြိုင်ပွဲရှစ်ခုနှင့် မြန်မာဘောလုံး

၂၀၁၉ ခုနှစ်မှာ နှစ်တစ်ဝက်ကုန်ဆုံး၍ ဒုတိယနှစ်ဝက်ထဲပင် ရောက်ရှိနေပြီဖြစ်သည်။ မြန်မာ့ဘောလုံးမှာလည်း နှစ်ဆန်းပိုင်းကတည်းက နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက် ယှဉ်ပြိုင်ခဲ့သလို လက်ကျန်ကာလများတွင်လည်း စောင့်ကြိုနေသည့် နိုင်ငံတကာပြိုင်ပွဲများက များပြားလှသည်။

၂၀၁၉ ခုနှစ်၏ လက်ကျန်ကာလဖြစ်သော ဇူလိုင်မှ ဒီဇင်ဘာအထိ လက်ရွေးစင်နှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းခြောက်သင်းက နိုင်ငံတကာ ပြိုင်ပွဲရှစ်ခုအထိ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း၊ အမျိုးသမီးအသင်း၊ ယူ-၂၂ အမျိုးသားအသင်း၊ ယူ-၁၈ အမျိုးသားအသင်း၊ ယူ-၁၅ အမျိုးသမီးအသင်းနှင့် ယူ-၁၉ အမျိုးသမီး အသင်းတို့မှာ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လက်ရွေးစင်အမျိုးသားအသင်းနှင့် ယူ-၂၂ အမျိုးသားအသင်းတို့မှာ  လေ့ကျင့်မှုခေတ္တရပ်နားထားသည်မှလွဲ၍ ကျန်အသင်းများမှာ လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် စက်တင်ဘာတွင် စတင်မည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ၊ လက်ရွေးစင် အမျိုးသမီးအသင်းက သြဂုတ်တွင်ကျင်းပမည့် ၂၀၁၉ အာဆီယံအမျိုးသမီးပြိုင်ပွဲ၊ နိုဝင်ဘာလကုန်တွင်စတင်မည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၊ ယူ-၂၂ အမျိုးသားအသင်းက နိုဝင်ဘာလကုန်တွင် စတင်မည့် ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲ၊ ယူ-၁၈ အမျိုးသားအသင်းက သြဂုတ်တွင်ကျင်းပမည့် အာဆီယံ ယူ-၁၈ ပြိုင်ပွဲ၊ နိုဝင်ဘာတွင်ကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲ၊ ယူ-၁၅ အမျိုးသားအသင်းက ဇူလိုင်နောက်ဆုံးပတ်တွင် စတင်မည့် ၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲ၊ စက်တင်ဘာတွင်ကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၆ ခြေစစ်ပွဲ၊ ယူ-၁၉ အမျိုးသမီးအသင်းက အောက်တိုဘာ နောက်ဆုံးပတ်တွင် စတင်မည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယင်းပြိုင်ပွဲများအနက် အာရှ ယူ-၁၉ နှင့် ယူ-၁၆ ခြေစစ်ပွဲ အုပ်စုပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အသင်းတိုင်း ပြိုင်ပွဲများ မယှဉ်ပြိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲများနှင့် ပြည်ပလေ့ကျင့်ရေးခရီးစဉ်များ စီစဉ်ပေးထားပြီး လက်ရှိတွင် မြန်မာ ယူ-၁၅ အမျိုးသားအသင်းသည် အာဆီယံပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်သည့်အနေဖြင့် တရုတ်နိုင်ငံ၌ လေ့ကျင့်လျက်ရှိပြီး ဇူလိုင် ၆ ရက်တွင် တရုတ် ယူ-၁၅ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲများ ကစားမည်ဖြစ်သည်။

မြန်မာဘောလုံး အသင်းများသည် ပထမနှစ်ဝက်က ကစားခဲ့သည့် ပြိုင်ပွဲများတွင် အောင်မြင်မှုများနှင့် လွဲချော်ခဲ့ပြီး လက်ရွေးစင်အမျိုးသမီးအသင်းက အိုလံပစ် အမျိုးသမီး ဘောလုံးခြေစစ်ပွဲတွင် တတိယအဆင့်သို့ တက်ရောက်နိုင်ခြင်း၊ ယူ-၁၉ အမျိုးသမီးအသင်းက အာရှခြေစစ်ပွဲအောင်မြင်ခြင်းသာ ရှိခဲ့ခြင်းကြောင့် ဒုတိယနှစ်ဝက်တွင် ပိုမိုအောင်မြင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်