အသက်ရှူအထောက်အကူပြုကိရိယာ ၁၅၀ ခန့်တင်ဆောင်သော အမေရိကန်လေယာဉ် ရုရှားသို့ဆိုက်ရောက်

မော်စကို ၄ ဇွန် 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော လူနာများအတွက် လှူဒါန်းထားသော အသက်ရှူအထောက်အကူပြုကိရိယာ ၁၅၀ ခန့်တင်ဆောင်သည့် အမေရိကန်စစ်ဘက် လေယာဉ်တစ်စင်းသည် ရုရှားနိုင်ငံ မော်စကိုလေဆိပ်သို့ ယနေ့ဆိုက်ရောက်လာခဲ့ကြောင်း ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ပြောကြားသည်။

 

အမေရိကန်ပြည်ထောင်စုသည် ပြီးခဲ့သည့်သီတင်းပတ်သုံးပတ်ခန့်က ရုရှားနိုင်ငံသို့ အလားတူအသက်ရှူ အထောက်အကူပြုကိရိယာများကို ပထမတစ်ကြိမ်လှူဒါန်းခဲ့ပြီး ယခုတစ်ခါ ဒုတိယအကြိမ်အဖြစ် ထပ်မံလှူဒါန်းခဲ့ခြင်းဖြစ်သည်။ 

 

ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဂျွန်ဆူလ်လီဗန်နှင့် မော်စကိုဆေးရုံမှ ကိုယ်စားလှယ်တစ်ဦးတို့သည် အသက်ရှူအထာက်အကူပြုကိရိယာများ တင်ဆောင်လာသည့် အဆိုပါလေယာဉ်မှ တာဝန်ရှိသူများကို မော်စကိုမြို့ရှိ ဗနူကိုဗိုလေဆိပ်သို့ သွားရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။

 

ရုရှားပြည်သူများအတွက် တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ သန်းခန့်ရှိသော အဆိုပါ အသက်ရှူ အထောက်အကူပြုကိရိယာများကို အမေရိကန်ပြည်ထောင်စုက လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလှူဒါန်းထားသော အသက်ရှူ အထောက်အကူပြုကိရိယာများသည် ကမ္ဘာပေါ်တွင် အရည်အသွေး အကောင်းဆုံးဖြစ်သည်ဟုဆိုကြောင်း ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူ ရေဘက္ကာရော့စ်က ၎င်း၏ တွစ်တာစာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

 

ထို့အတူ အမေရိကန်ပြည်ထောင်စုဆိုင်ရာ ရုရှားသံအမတ်ကြီး အနာတိုလီအန်တိုနော့ဗ်ကလည်း အမေရိကန်ပြည်ထောင်စုက ရုရှားပြည်သူများအတွက် လှူဒါန်းထားသော အသက်ရှူအထောက်အကူပြု ကိရိယာများသည် တန်ဖိုးအလွန်များကြောင်း ရုရှားရုပ်သံလွှင့်ဌာနတစ်ခုသို့ ပြောကြားသည်။

 

ပြီးခဲ့သည့် မေ ၉ ရက်နှင့် ၁၂ ရက်တွင် စိမ့်မီတာစဘာ့ခ်မြို့နှင့် မော်စကိုမြို့ရှိ ဆေးရုံနှစ်ရုံ၌ အသက်ရှူ အထောက်အကူပြုကိရိယာ ချွတ်ယွင်းမှုကြောင့် ဖြစ်ဖွယ်ရှိသည်ဟု သံသယရှိသည့် မီးလောင်မှုဖြစ်ပွားခဲ့ရာ စိမ့်ပီတာစဘာ့ခ်ဆေးရုံတွင် လူနာငါးဦးနှင့် မော်စကိုဆေးရုံတွင် လူနာတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ရုရှားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးနိုင်ငံပြီးနောက် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု တတိယအများဆုံးနိုင်ငံဖြစ်လာပြီး နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၄၁၁၀၈ ရှိကာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၅၃၈၄ ဦးရှိကြောင်း သိရသည်။

 

ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ