နေပြည်တော် စက်တင်ဘာ ၂၀
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၁၆)၊ အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ (၁) နာရီခွဲတွင် ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဌ၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ကော်မတီဝင်ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ တိုင်ဖုန်းမုန်တိုင်း ရာဂီဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရေကြီးနစ်မြုပ်ခဲ့သည့်ဒေသများတွင် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင် ရေးလုပ်ငန်းများ စီမံဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လတ်တလော အမြန်ဆောင်ရွက်ပေးရသည့် ရေတိုလုပ်ငန်း များနှင့် ရေရှည်စီမံချက်ရေးဆွဲဆောင်ရွက်သွားရမည့် လုပ်ငန်းများရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် လတ်တလော ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို အချိန်တိုအတွင်း လူအင်အားနှင့် ထိထိရောက်ရောက်စီမံ ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း ယခုကတည်းက စီမံချက်ရေးဆွဲပြီး စနစ်တကျ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာကော်မတီဝင်ဝန်ကြီးဌာန၊ ဦးစီးဌာနများရဲ့ သဘာဝဘေးအန္တရာယ်ကျရောက်ဖြစ်ပွားပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ အစီအမံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသည့်အတိုင်း အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း၊
အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိခိုက်ဆုံးရှုံးမှုများကို အချက်အလက် မှန်ကန်စွာရရှိရေးသည် အထူးအရေးကြီးပါကြောင်း၊ အချက်အလက် စာရင်းဇယားများ မှန်ကန် တိကျမှသာ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ရေကြီး နစ်မြုပ်၍ ပျက်စီးဆုံးရှုံးမှုများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအနေဖြင့် ပိုမိုထိခိုက်ဆုံးရှုံးမှုများရှိသည့် အတွက် မိမိတို့ကော်မတီဝင်ဌာနများအနေဖြင့် ပြန်လည်စိုက်ပျိုးရနိုင်သော စိုက်ဧကအရေအတွက်များ ကွင်းဆင်း ကောက်ယူခြင်း၊ မူလသီးနှံများပြန်လည်စိုက်ပျိုးခြင်း၊ အခြားသီးနှံများအား ရာသီဉတုအခြေအနေပေါ် မူတည်၍ ပြန်လည်စိုက်ပျိုးနိုင်ရန် ဒေသအလိုက်သင့်လျော်သည့် မျိုးစေ့များစုဆောင်းခြင်း၊ ထွန်ယက်စိုက်ပျိုးနိုင်ရေး စက်ကိရိယာ အကူအညီပေးခြင်းလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသကဲ့သို့ တောင်သူများသိရှိစေရန် လည်း ကျယ်ကျယ်ပြန့်ပြန့်အသိပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။
အလားတူ မွေးမြူရေးလုပ်ငန်းများအတွက် တိရစ္ဆာန်ရောဂါကာကွယ်ဆေးဝါးနှင့် အစာထောက်ပံ့ပေးခြင်း၊ ငါး/ပုစွန်သားပေါက်များ ဖြန့်ဖြူးထောက်ပံ့ပေးခြင်း၊ လတ်တလော သန့်ရှင်း သော သောက်သုံးရေရရှိရေး၊ ရေတွင်းများ တွင်းဆေး၊ တွင်းမှုတ်ခြင်း၊ ကလိုရင်းဆေးခတ်ခြင်း၊ ရေသန့်ဆေးပြားများ ပေးဝေခြင်း၊ စားရေရိက္ခာအတွက် အရံဆန်ကူညီထောက်ပံ့မှုများအား လက်ရှိအနေဖြင့် ဆောင်ရွက်ပေးထားပြီးဖြစ်သည့်အတွက် ယင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားနိုင်ရေး ကော်မတီဝင်ဌာန အသီးသီးမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိခိုက်ဆုံးရှုံးခဲ့သော အိမ်ထောင်စုများ၏ အခြားအသက်မွေးဝမ်းကျောင်း ဆိုင်ရာ လုပ်ငန်းများကိုလည်းဖော်ထုတ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အစီအမံများ ရေးဆွဲ တင်ပြဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ပျက်စီးမှုအချက်အလက်များ မှန်ကန်ရေးနှင့် ပြန်လည်ဆောင်ရွက်ပေးရမည့် အစီအမံများကို ဝန်ကြီးဌာန၊ ဦးစီးဌာနမှ ဆောင်ရွက်ပေးရမည့် အစီအမံ၊ အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးကော်မတီမှ ဆောင်ရွက်ပေးရမည့် အစီအမံများ၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ တင်ပြပြီးဆောင်ရွက်ရမည့် အစီအမံများကို ခွဲခြား၍ ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသော ကော်မတီဝင်ဝန်ကြီးဌာန/ ဦးစီးဌာန တာဝန်ရှိသူများက မိမိတို့နှင့်သက်ဆိုင်သည့်ကဏ္ဍအလိုက် သဘာဝဘေးအန္တရာယ် မကျရောက်မီနှင့် ကျရောက်ပြီးချိန်များတွင် လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား အသီးသီးဆွေးနွေး တင်ပြခဲ့ကြပြီး ကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)


