အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ခေါင်းလျှော်ရည်နှင့် ဆပ်ပြာချက်လုပ်ငန်း သင်တန်းဖွင့်

လက်ပံတန်း ၁၅  ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ခေါင်းလျှော်ရည်နှင့် ဆပ်ပြာချက်လုပ်ငန်း သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၁၄ ရက်က ဆင်ကူးဝက်လှကုန်းအုပ်စု ကညင်တကိုင်းရွာတွင် ကျင်းပခဲ့သည်။

 

9638

 

အဆိုပါ သင်တန်းကို ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း များ ဆောင်ရွက်နိုင်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာပြီး ဆင်းရဲနွမ်းပါမှုလျှော့ချရေး အတွက် အထောက်အကူပြစေရန်အတွက် ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ရာ သင်တန်းသား ၂၉ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်းသိရသည်။

 

လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖြစ်သော အမျိုးသားများအတွက် အခြေခံလယ်ယာသုံးစက်ကိရိယာ ပြင်ဆင်မောင်းနှင်ခြင်းသင်တန်း၊ အမျိုးသမီးငယ် များအတွက် အခြေခံအပ်ချုပ်စက်သင်တန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအသိပညာများ ရရှိစေရန်  စိုက်ပျိုးရေး၊ မွေးမြူရေးပညာပေးသင်တန်းနှင့် ယခုဖွင့်လှစ်သော ခေါင်းလျှော်ရည်နှင့် ဆပ်ပြာချက် သင်တန်းတို့ကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးမှူး ဦးဌေးဇော်ထံမှ သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)