အသက်မွေးမှုတစ်ခု ပညာကိုယ်စီပါဖို့ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းကိုသွားကြစို့

 

ကြည်ထွန်း (လူမှု)

 

မနုဿတ္တဘာဝေါဒုလ္လဘောဟူသည့် ဆိုရိုးရှိသည့်အတိုင်း လူ့ဘဝကို ရနိုင်ခဲသည်။ ရခဲလှသောလူ့ဘဝကို ရရှိထားသော်လည်း  ကမ္ဘာတစ်ဝန်းဖြစ်ပေါ် နေဆဲဖြစ်သည့်  ပဋိပက္ခများ၊  ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပွားနေသည့်    သဘာဝဘေးအန္တရာယ်များ၊    နေ့စဉ်ဖြစ်ပွားနေသော မတော်တဆမှုများက မသန်စွမ်းသူဦးရေတိုးပွားလာအောင်  တွန်းပို့လျက်ရှိပါသည်။  ထို့ကြောင့်လည်း ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းမှာ မသန်စွမ်းသူများဖြစ်သကဲ့သို့ ၂၀၁၉ ခုနှစ်   ကြားဖြတ်သန်းခေါင်စာရင်းအရ   မြန်မာ့လူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်း၊ တစ်နည်းအားဖြင့် ၅၉ သိန်းကျော်မှာလည်း မသန်စွမ်းသူများဖြစ်ကြသည်။

 

မသန်စွမ်းသူများ၏ဘဝတွင် နိစ္စဓူဝ ခံစားတွေ့ကြုံနေရသော အခက်အခဲ၊ အတားအဆီးများသည် ၎င်းတို့၏ မပြည့်စုံမှုကြောင့် မဟုတ်ဘဲ ၎င်းတို့ရင်ဆိုင်ကြုံတွေ့နေရသည့် “ပတ်ဝန်းကျင်အတားအဆီး” များကြောင့်ဖြစ်သည်။ သို့ဖြစ်ရာမသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ မသန်စွမ်းမှုနှင့် သဟဇာတဖြစ်မည့် အတားအဆီးကင်းသည့် (Barries Free) ပတ်ဝန်းကျင်အခြေအနေများကို ဖန်တီးပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခြင်းဖြင့် မသန်စွမ်းသူတို့ဘဝ သာယာလှပအောင် ဝိုင်းဝန်းဖန်တီးပေးကြဖို့လိုပါပြီ။

 

အတားအဆီးပေါင်းများစွာကို ရင်ဆိုင်နေကြရ

 

မသန်စွမ်းသူများသည် အခြားသူများထက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အကြမ်းဖက်ခံရမှုများနှင့် ဥပဒေပိုင်းဆိုင်ရာ အထောက်အပံ့ ကောင်းများရရှိမှု အားနည်းနေကြသူများဖြစ်သည်။ အသက်ဆုံးရှုံးမှုတွင်လည်း အခြားသူများထက် ပိုမိုမြင့်မားကာ ယနေ့ထက်တိုင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာနှင့် စီးပွားရေးပိုင်းဆိုင်ရာ အတားအဆီးပေါင်းများစွာကို ရင်ဆိုင်နေကြရသည်။ ထို့အပြင် ပေါင်းစပ်ညှိနှိုင်းမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပါဝင်ဆောင်ရွက်ခွင့်လည်း နည်းပါးနေသေးသည့် အနေအထားနှင့် ရင်ဆိုင်ကြုံတွေ့နေရသူများ ဖြစ်ကြသည်။

 

သို့ဖြစ်၍ မသန်စွမ်းသူတိုင်း လူ့အခွင့်အရေး အားလုံးနှင့် အခြေခံလွတ်လပ်ခွင့်များကို ညီမျှစွာ အပြည့်အဝရရှိရေးကို ကာကွယ်ဆောင်ရွက်နိုင်ရန်၊ တိုးမြှင့်လုပ်ဆောင်နိုင်ရန်နှင့် မသန်စွမ်းသူများ၏ မွေးရာပါဂုဏ်သိက္ခာကို ပိုမိုလေးစားမှုရှိစေရန် အတွက် ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Convention on The Rights Of Persons with Disabilities – UNCRPD ) ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ရာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၇၅ နိုင်ငံက ပါဝင် လက်မှတ်ရေးထိုးပြီးဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် UNCRPD ၌ အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုးပြီးဖြစ်သည်။

 

UNCRPD ပါ ပြဋ္ဌာန်းချက်များကို ပိုမိုထိရောက် စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်လည်းကောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေး နည်းဥပဒေများကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လည်းကောင်း အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ဥပဒေ ပြဋ္ဌာန်းချက်များကို လက်တွေ့ဖော်ဆောင်နိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ တစ်ရပ်ကို ဖွဲ့စည်းကာ မသန်စွမ်းမှုအမျိုးအစားအလိုက် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်ကို အားတက် ကြည်နူးဖွယ်တွေ့မြင်ရသည်။

 

အလုပ်ရရှိရန် လွန်စွာခက်ခဲ

 

စင်စစ် မသန်စွမ်းသူများသည် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ လူ့အဖွဲ့အစည်း တွင် ဆင်းရဲနေသူ/ ဝင်ငွေမရှိသူ အများစုမှာ မသန်စွမ်းသူများဖြစ်ကြသည်။ ၂၀၀၈ - ၂၀၀၉ အခြေခံ မသန်စွမ်းမှု စာရင်းကောက်ယူမှု စစ်တမ်းအရ မသန်စွမ်းသူများ၏ ၈၅ ရာခိုင်နှုန်းမှာ အလုပ်လက် မဲ့များဖြစ်နေသည်ကို တွေ့ရှိရသည်။ မသန်စွမ်း သူများသည် အလုပ်လုပ်ရန်ဆန္ဒပြင်းပြကြပြီး စွမ်းဆောင်နိုင်မှုများရှိကြသော်လည်း ၎င်းတို့ဘဝတွင် ပညာသင်ကြားခွင့် အပြည့်အဝမရရှိခဲ့ခြင်း၊ အသက်မွေးဝမ်းကျောင်းအတတ်ပညာနှင့် ဘဝ တစ်သက်တာ ကျွမ်းကျင်မှုပညာများ ဆည်းပူး တတ်မြောက်ခွင့်မရရှိခြင်း၊ လုပ်ငန်းခွင်သို့သွားရောက်သည့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်/ ရထားများသည် မသန်စွမ်းသူများအတွက် အဆင်မပြေခြင်း၊ အလုပ်ခွင်များတွင် ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများ ရှိနေခြင်း၊ အလုပ်ရှင်အများစု၏ ငြင်းပယ်ခွဲခြားဆက်ဆံမှုနှင့် အလုပ် ခန့်အပ်သည့် မူဝါဒစနစ်အချို့ကြောင့် မသန်စွမ်းသူများမှာ အလုပ်ရရှိရန် လွန်စွာခက်ခဲကြသည်။ ထို့ကြောင့်လည်း မသန်စွမ်းသူများအပေါ် ၎င်းတို့၏ မိသားစု၊ ရပ်ရွာလူထုနှင့် နိုင်ငံ၏ ဝန်ထုပ်ဝန်ပိုးများ အဖြစ် ရှုမြင်သတ်မှတ်ခံနေကြရသည်ကို ဝမ်းနည်း ဖွယ်တွေ့မြင်ရသည်။

 

အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရာ၌ နိုင်ငံသားတိုင်း ရရှိခံစားသင့်သည့် အခွင့်အရေးများ စနစ်တကျ သာတူညီမျှရနိုင်ရေးမှာ လွန်စွာအရေး ကြီးပါသည်။ မသန်စွမ်းသူများ၏ စစ်မှန်သော အခွင့်အရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို Focal Ministry အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အမြင်အာရုံ မသန်စွမ်းသူတို့အတွက် ရန်ကုန်မြို့နှင့် စစ်ကိုင်းမြို့တို့တွင် မျက်မမြင်ကျောင်း နှစ်ကျောင်းကိုလည်းကောင်း၊ အကြားအာရုံမသန်စွမ်းသူတို့ အတွက်ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် နားမကြားသော ကလေးများကျောင်း နှစ်ကျောင်းကိုလည်းကောင်း ဖွင့်လှစ်ပေးထားသည်။ ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက်ကိုမူရန်ကုန်မြို့ မရမ်း ကုန်းမြို့နယ်တွင် မသန်စွမ်းသက်ကြီးသင်တန်း ကျောင်း တစ်ကျောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် မသန်စွမ်း သက်ငယ်သင်တန်းကျောင်း နှစ်ကျောင်းနှင့်ရန်ကုန်မြို့တွင် မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာတစ်ခုတို့ကို ဖွင့်လှစ်ကာ မသန်စွမ်းသူများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ကြဉ်းပေးလျက်ရှိသည်။

 

မသန်စွမ်းသက်ကြီးသင်တန်းကျောင်း

 

မသန်စွမ်း သင်တန်းကျောင်းများအနက် အရွယ်ရောက်ပြီးသော မသန်စွမ်းသူများ အသက်မွေးမှုတစ်ခု ပညာကိုယ်စီ ပါအောင် လေ့ကျင့်သင်ကြားပေးနေသော မသန်စွမ်းသက်ကြီး သင်တန်းကျောင်းနှင့်စပ်လျဉ်း၍ ဖော်ညွှန်းတင်ပြ လိုပါသည်။ အဆိုပါသင်တန်းကျောင်းသည် မြန်မာနိုင်ငံလွတ်လပ်ပြီးခေတ်က မသန်စွမ်းသူများကို ကာကွယ်စောင့်ရှောက်ရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်သန္ဓေတည်ရာဌာနဖြစ်ခြင်းကြောင့် အခြားကျောင်းများထက် ပိုမိုစိတ်ဝင်စားမိသည်။ ထိုခေတ်တွင် ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနက ၁၉၅၄ ခုနှစ် ဩဂုတ်လ ၃၀ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၉) ဖြင့် ဝန်ကြီးဦးဘစော ဥက္ကဋ္ဌအဖြစ်ပါဝင်သော “မသန်စွမ်းဖြစ်လာသူများ လူစဉ်မီရေးနှင့် အလုပ်အကိုင်ရရှိရေး” ဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ ဘုတ်အဖွဲ့ကရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရား လမ်းမြေကွက်အမှတ်(၂၅)တွင် တိုင်းပြည်အတွက် အသက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ရသဖြင့် မသန်စွမ်းဖြစ်သူ ရဲဘော်ဟောင်းများကို အခမဲ့ဆေးဝါး ကုသပြီး ခြေတုလက်တုများ တပ်ဆင်ပေးကာ သင့်လျော်သော အသက်မွေးဝမ်းကျောင်းပညာများ စတင်သင်ကြားပေးသည်။ ၁၉၅၈ ခုနှစ်တွင် နိုင်ငံတော်အစိုးရက မသန်စွမ်းဖြစ်လာသူများ အလုပ်အကိုင်ရရှိရေး အက်ဥပဒေ (၁၉၅၈ ခုနှစ်၊ အက်ဥပဒေ အမှတ် ၃၃) ကို ပြဋ္ဌာန်းခဲ့သည်။

 

သီးခြားဖွင့်လှစ်ခဲ့

 

၁၉၅၉ ခုနှစ် အောက်တိုဘာလတွင် မသန်စွမ်းဖြစ်လာသူ စစ်မှုထမ်းဟောင်းများအတွက် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားရေးဌာန အုပ်ချုပ်ရေးအဖွဲ့ကိုဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲ့စည်းသောအဖွဲ့က မသန်မစွမ်းဖြစ်လာသူ (အရပ်သားများအပါအဝင်) လူစဉ်မီရေးနှင့် အလုပ်အကိုင်ရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဌာနတာဝန်ခံ ဗိုလ်မှူး ကြီးစောမြင့် ဥက္ကဋ္ဌအဖြစ်ပါဝင်သော “မသန်မစွမ်း သူများ လူစဉ်မီရေးနှင့် အလုပ်ရရှိရေးအဖွဲ့” အမည် ဖြင့် ပြန်လည်ဖွဲ့စည်းကာ ဆက်လက်ဆောင်ရွက် ခဲ့သည်။ ၁၉၆၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် လူမှုဝန်ထမ်းဝန်ကြီးဌာနက မသန်စွမ်းဌာန၏ လုပ်ငန်းတာဝန်များ၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားမှုပိုင်းဆိုင်ရာများနှင့် မြေ ၃၅ ဒသမ ၇၄၄ ဧကကို လွှဲပြောင်းလက်ခံရယူပြီး ”လူမှုဝန်ထမ်း သင်တန်းကျောင်း”ဟု ခေါ်တွင်ကာ မသန်စွမ်းဖြစ်လာသူများအတွက် အသက်မွေးဝမ်းကျောင်းပညာသင်တန်းနှင့် လူမှုရေးသင်တန်းများကို ဖွင့်လှစ်ခဲ့သည်။ ၁၉၇၈ ခုနှစ် ဩဂုတ်လမှစ၍ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်းနှင့်ပူးတွဲ၍ ဖွင့်လှစ်ခြင်း မပြုတော့ဘဲ “မသန်မစွမ်း သက်ကြီးသင်တန်း ကျောင်း” အမည်ဖြင့် သီးခြားဖွင့်လှစ်ခဲ့သည်။

 

သို့ရာတွင် “မသန်မစွမ်း”ဟူသော အသုံးအနှုန်းသည် မသန်လည်းမသန်၊ စွမ်းဆောင်နိုင်မှုလည်း မရှိဟူသော အဓိပ္ပာယ်သက်ရောက်နေသဖြင့် မသန်ပေမယ့် စွမ်းသူများဖြစ်ကြသည်ဟု သဘောသက်ရောက်သည့် “မသန်စွမ်း”ဟူသော အသုံး အနှုန်းကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ (အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့) မှစ၍ ပြောင်းလဲခေါ်ဝေါ်သုံးစွဲရန် လူမှုဝန်ထမ်းဝန်ကြီးဌာနက တရားဝင်သတ်မှတ်ခဲ့သည်။ ထိုစဉ်မှစ၍ “မသန်မစွမ်းသက်ကြီး သင်တန်းကျောင်း” ဟူသော အမည်ကိုလည်း “မသန်စွမ်း သက်ကြီးသင်တန်း ကျောင်း”ဟု ပြောင်းလဲခေါ်တွင်ခဲ့သည်။

 

မသန်စွမ်းသက်ကြီးသင်တန်းကျောင်းသည်ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်း အမှတ်(၆၅)တွင် တည်ရှိပြီး ဆက်သွယ်နိုင်သော ဖုန်းနံပါတ်မှာ ၀၁-၉၆၆၁၇၁၂ ဖြစ်သည်။ သင်တန်းကျောင်း၏ ရည်ရွယ်ချက်များ မှာ -

 

(က) မသန်စွမ်းသူများဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုယ်ပိုင်ဂုဏ်သိက္ခာဖြင့် အသက်ရှင်နေထိုင်ရေးအတွက် မသန်စွမ်းမှု အမျိုးအစားနှင့် ဝါသနာထုံမှုအပေါ်မူတည်၍ အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားပေးရန်။

(ခ) မသန်စွမ်းသူများသည် တတ်မြောက်ထား သော အသက်မွေးမှုပညာရပ်များဖြင့် ဝင်ငွေရလုပ်ငန်းများတွင် လုပ်ငန်း ကျွမ်းကျင်သူများအဖြစ် ဘဝရပ်တည်မှု ရရှိနိုင်ရန်။

(ဂ) မသန်စွမ်းသူများအား မိမိကိုယ်မိမိအားကိုးပြီး အခြားသူများအပေါ်မှီခိုလိုစိတ်များ ပပျောက်စေရေးအတွက် ပြန်လည် ထူထောင်မှုပေးရန်ဟူ၍ဖြစ်သည်။

 

အဆိုပါသင်တန်းကျောင်းတွင် ဖွင့်လှစ် သင်ကြားပေးနေသော သင်တန်းအမျိုးအစားများ အနက် (၁) စက်ချုပ်သင်တန်း၊ (၂) ဓာတ်ပုံသင်တန်း၊ (၃) တံဆိပ်ရိုက်သင်တန်း၊ (၄) ဆံသသင်တန်းနှင့် (၅) ကွန်ပျူတာသင်တန်းတို့သည် သုံးလတာကာလ တက်ရောက်ရမည့်သင်တန်းများဖြစ်ပြီး ရေဒီယို အီလက်ထရွန်နစ်သင်တန်းမှာမူ ၁၂ လကြာ တက်ရောက်ရမည့်သင်တန်းဖြစ်သည်။

mdn

 

အထက်ပါသင်တန်းများကို အောက်ပိုင်းအကြောသေသူများ၊ သူငယ်နာအကြောတင်းသူများ၊ ပိုလီယိုအကြောသေသူများ၊ ကိုယ်အင်္ဂါမသန်စွမ်းသူ များ လူမျိုး၊ ဘာသာမရွေး တက်ရောက်နိုင်သည်။ သင်တန်းသားလက်ခံရေးစည်းမျဉ်းအရ အသက် (၁၈)နှစ်မှ (၄၅)နှစ်ကြားဖြစ်ပြီး မသန်စွမ်းဆေးရုံမှ ဆေးကုသမှုခံယူ၍ အားပြုကိရိယာတပ်ဆင်ပြီးသူ၊ မိမိ၏တစ်ကိုယ်ရေ ဝေယျာဝစ္စကို မိမိဘာသာ လုပ်ကိုင်နိုင်သူဖြစ်ဖို့လိုသည်။ သို့ရာတွင် ကူးစက်ရောဂါရှိသူ၊ စိတ်ကျန်းမာရေးအားနည်းသူ၊ မူးယစ် ဆေးဝါးသုံးစွဲသူများကို လက်ခံသင်ကြားပေးခြင်း မပြုဟုသိရသည်။

 

အသက်မွေးဝမ်းကျောင်းပညာကိုပဲ အဓိကထားသင်ကြားပေး

 

ထိုကျောင်းအဆောက်အအုံအတွင်းရှိ သင်တန်းခန်းမများကို လှည့်လည်လေ့လာခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်စိုးထံ ဝင်ရောက်တွေ့ဆုံခဲ့ရာ ၎င်းက “ကျွန်မတို့ကျောင်းရဲ့သက်တမ်းဟာ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့က (၆၈)နှစ် ပြည့်ခဲ့ပါပြီ။ ကျွန်မတို့ကျောင်းရဲ့ ထူးခြားချက်တစ်ခုကတော့ အခြားမသန်စွမ်းကျောင်းတွေလို အတန်းပညာ သင်ကြားပေးတဲ့ကျောင်းမျိုးမဟုတ်ဘဲ အသက်မွေး ဝမ်းကျောင်းပညာကိုပဲ အဓိကထား သင်ကြားပေး တဲ့ကျောင်းဖြစ်ပါတယ်။ လက်ရှိပို့ချနေတဲ့ ဘာသာ ရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းနဲ့ သင်ခန်းစာတွေကို အမြဲတမ်း ဆန်းသစ်ခေတ်မီနေအောင် ကြိုးစားရပါ တယ်။ သင်တန်းသားအားလုံးကို အခမဲ့ကျောင်း အိပ်/ ကျောင်းစား လက်ခံသင်ကြားပေးတာဖြစ်တဲ့ အပြင် သင်တန်းသားတွေရဲ့ အသွား/အပြန် ခရီး စရိတ်နဲ့ သင်တန်းကာလမှာ အသုံးပြုရမယ့် သင်ထောက်ကူပစ္စည်းတွေကိုလည်း ထောက်ပံ့ပေး ပါတယ်။ ဒီကျောင်းက သင်ယူတတ်မြောက်သွားတဲ့ မသန်စွမ်းသူတွေ သူတို့ရပ်ရွာမှာ ကိုယ့်အားကိုယ်ကိုးပြီး လူတစ်လုံးသူတစ်လုံးဖြစ်နေတာ ကြားရတိုင်း ဝမ်းသာပီတိဖြစ်ရပါတယ်”ဟု မုဒိတာစကားဆိုသည်။

 

ယနေ့ခေတ်သည် Information and Communication Technology – ICT ခေါ် သတင်းနှင့် ဆက်သွယ်ရေးဆိုင်ရာ နည်းပညာများ တိုးတက်ထွန်းကားနေသောခေတ် ဖြစ်သကဲ့သို့ ကမ္ဘာတစ်ဝန်း Knowledge based society ခေါ် ပညာအခြေပြု လူ့အဖွဲ့အစည်းကို ထူထောင်နေ သောကာလဖြစ်သည်။ ဤကဲ့သို့သော ICT ဖွံ့ဖြိုး တိုးတက်မှု၏ အကျိုးကျေးဇူးများကို မသန်စွမ်းသူများလည်း ရရှိခံစားခွင့်ရှိသည်။ သို့ဖြစ်၍ အဆိုပါသင်တန်းကျောင်းတွင် သင်ကြား ပို့ချနေသော စက်ချုပ်၊ ဓာတ်ပုံ၊ တံဆိပ်ရိုက်၊ ဆံသ၊ ကွန်ပျူတာနှင့် ရေဒီယိုအီလက်ထရွန်နစ် သင်တန်းခြောက်မျိုး စလုံးကို အခြေခံမှစ၍ တစ်ဆင့်ထက်တစ်ဆင့် မြင့်သော ခေတ်မီနည်းစနစ်များရရှိအောင် သင်တန်းနည်းပြဆရာ ဆရာမများက ကိုယ်ဖိရင်ဖိ သင်ကြားပို့ချနေသည်ကို မျက်ဝါးထင်ထင်တွေ့ မြင်ခွင့်ရရှိခဲ့၍ ဂုဏ်ယူဝမ်းမြောက်မိပါသည်။

 

mdn

 

သို့ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကိုယ်အင်္ဂါ မသန်စွမ်းသူများအနေဖြင့် “မိုးရွာတုန်းရေခံ၊ လသာ တုန်းဗိုင်းငင်” ဆိုသည့်အတိုင်း ရရှိလာသောအခွင့် အရေးကို လက်လွတ်မခံဘဲ မသန်စွမ်းသက်ကြီး သင်တန်းကျောင်းက ပို့ချသင်ကြားပေးနေသော ဘာသာရပ်သင်တန်း ခြောက်မျိုးအနက် မိမိနှင့် ဆီလျော်အပ်စပ်သော သင်တန်းတစ်မျိုးမျိုးကို ရွေးချယ်တက်ရောက်ရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

 

ကျမ်းကိုး-မြန်မာနိုင်ငံလူမှုဝန်ထမ်းသမိုင်း(၂၀၀၃)