အသက်ကိုဉာဏ်စောင့်၍ တိကျစွာလိုက်နာလုပ်ဆောင်

လူ့အသက်ကိုသေစေနိုင်သော COVID-19 ရောဂါသည် တစ်ကမ္ဘာလုံးကူးစက် ပျံ့နှံ့၍နေချေပြီ။ မြန်မာနိုင်ငံသည်လည်း နောက်ဆုံးမှ ကူးစက်ခံရပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တရားဝင်သတင်းထုတ်ပြန်ချက်၌ မတ်လ ၂၄ ရက်နေ့တွင် ကူးစက်ခံရသူ နှစ်ဦး၊ ၂၅ ရက်တွင် ကူးစက်ခံရသူတစ်ဦး စုစုပေါင်း သုံးဦးရှိပြီဖြစ်ကြောင်း သိရသည်။

ထိုရောဂါမှာ စောစောပြော၊ စောစောသိ၊ အားလုံးအကျိုးရှိသည်ဆိုသည့်အတိုင်း ကျန်းမာရေးဌာနကို ချက်ချင်း အသိပေးလိုက်သည်နှင့် ရောဂါကုသရေး၊ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို ဖိဖိစီးစီးလုပ်ကိုင်နိုင်ကာ ရောဂါပြန့်ပွား မှုကို တားဆီးနိုင်မည်ဖြစ်သည်။ ရောဂါဖြစ်ပွားမှုမှာ ငယ်ရွယ်သူလူငယ်များဖြစ်ကြ၍ စိုးရိမ်ပူပန်ဖွယ်မရှိဘဲ ပြည်သူ ပြည်သားများ အားလုံးအနေဖြင့် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါဆိုးကို ကျော်လွှားနိုင်ပေသည်။

မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားမှုကို စတင်သိရှိသည့်ညက ကုန်တိုက်ကြီးတစ်ခုတွင် ပြည်သူများ စားနပ်ရိက္ခာများကို အလုအယက် တိုးဝှေ့ဝယ်ယူကြသည့်သတင်း လူမှုကွန်ရက်တွင် တွေ့မြင်ကြားသိခဲ့ပါသည်။ ယင်းသည် တစ်တိုင်းပြည်လုံး၏ ကြုံတွေ့ရမည့်အရေးအား သတိမမူကြသည်ကို ပြသလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာ ပေါများကြွယ်ဝသောနိုင်ငံဖြစ်၍ မည်သို့သောအခြေအနေတွင်မှ စားနပ်ရိက္ခာပြတ်လပ်မည့် အခြေအနေ မရှိပေ။ လူအုပ်ထဲတွင် တိုးဝှေ့ဝယ်ယူရာမှ ရောဂါကူးမည့် အလားအလာပိုများနိုင်သည်ကို သတိမူရန်လိုမည်ဖြစ်သည်။

မည်သည့်အရေးကိစ္စတွင်မဆို ပြည်သူသည်သာအဓိကဖြစ်၍ ယနေ့ ကူးစက်ရောဂါအရေးတွင် ပြည်သူများက အသိတရားဖြင့် လိုက်နာဆောင်ရွက်ခြင်းဖြင့် ဘေးကင်းရန်ကွာဖြစ်စေနိုင်သည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကို အစောပိုင်းကာလကတည်းက တက်တက်ကြွကြွ ကာကွယ်တားဆီးလာခဲ့ရာ ယခုစတင်ကူးစက်ဖြစ်ပွားသောအခါ စိုးရိမ်ဖွယ်ရာ ကြီးကြီးမားမား မရှိသေးပေ။ သို့သော် ပြည်သူလူထု၏ အသိတရားရှိရှိ လိုက်နာဆောင်ရွက်မှု အားနည်းပါက စိုးရိမ်ဖွယ်ရာ အခြေအနေရှိနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။

ရောဂါကင်းဝေးရေးအတွက် နိုင်ငံ့ခေါင်းဆောင်များမှအစ သက်ဆိုင်ရာဌာနများက နေ့စဉ်နှင့်အမျှ အသိပေး၊ သတိပေး လျက်ရှိသော်လည်း ပြည်သူလူထုအပိုင်းတွင် လိုက်နာဆောင်ရွက်မှု အားနည်းချက်အချို့ ရှိနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ မဖြစ်မနေကိစ္စမှလွဲ၍ လူစုလူဝေးနှင့် ပွဲလမ်းသဘင်၊ အခမ်းအနားများကို ရှောင်ရှားခဲ့ကြသော်လည်း အချို့လူစုလူဝေးပွဲများ ရှိနေသေးသည်ဟု ကြားသိရသည်။ ဥပမာ- လူစုလူဝေးထဲ ရောဂါဖြစ်သူတစ်ဦး ပါလာပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့်အရာက မီးခိုးကြွက်လျှောက် ပြဿနာဖြစ်နိုင်သည်။ မိမိတို့ တစ်ကိုယ်ကောင်းစိတ်ဖြင့် လုပ်ဆောင်လိုက်မှုသည် ပြည်သူလူထုအမြောက်အမြား ဒုက္ခရောက်သွားနိုင်သည်ကို စဉ်းစားရမည်ဖြစ်သည်။

 

coVID-19 ရောဂါသည် ကူးစက်မှုအလွန်မြန်သောရောဂါဖြစ်သည် ကိုအားလုံးသိရှိကြပြီးဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ ရောဂါဖြစ်ပွားသည့် ပထမဆုံးလူနာကို မှတ်တမ်းတင်သည့်နေ့မှ ၆၇ ရက်အကြာတွင် ကူးစက်ခံရသူ တစ်သိန်းပြည့်သွားခဲ့သည်။ ထို့နောက် ကူးစက်ခံရသူ တစ်သိန်းပြည့်သည့်နေ့မှ နောက် ၁၁ ရက်အကြာ တွင် ကူးစက်ခံရသူ နှစ်သိန်းရှိလာခဲ့ရာမှ သုံးသိန်းဖြစ်သွားသည့် အချိန်ကာလမှာ လေးရက်သာ ကြာမြင့်ခဲ့သည်။ မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ နှစ်ယောက်ရှိရာမှ နောက်တစ်ရက်တွင် တစ်ယောက်ထပ်တိုးလာရာ ကူးစက်ခံရသူ ဆက်လက် မတိုးပွားစေရေးအတွက် ပြည်သူလူထုသည်သာ အဓိကဖြစ်သည်ကို လူတိုင်းလူတိုင်း သိရှိထားရမည် ဖြစ်သည်။

 

မြန်မာတို့၏ ဆိုစကားတွင် ဥစ္စာကို ကံစောင့်၊ အသက်ကို ဉာဏ်စောင့် ဆိုသကဲ့သို့ ပြည်သူပြည်သားများ ကပ်ဘေးအန္တရာယ်ကင်းဝေးရေး၊ covID-19 ရောဂါဖြစ်ပွားပြီး အသက်ဆုံးရှုံးမှု မဖြစ်စေရေးအတွက် မိမိတို့၏ အသိဉာဏ်ဖြင့် လမ်းညွှန်ချက်များ၊ ထုတ်ပြန်အသိပေးချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ