အသက်ကြီးလာတဲ့အခါ ပိုစားသင့်တဲ့ အကောင်းဆုံးအာဟာရ(၁၀)မျိုး

၁၉ စက်တင်ဘာ

လူ့ခန္ဓာကိုယ်က အသက်တွေကြီးလာရင် အရင်အတိုင်းပဲ ရှိနေမယ်၊ လုပ်ဆောင်ချက်တွေလည်း တူမယ်ထင်နေပါသလား။ စားလိုက်တဲ့ အစားအသောက်တွေကနေ အာဟာရတွေကို စုပ်ယူနိုင်စွမ်းလည်း ပြောင်းလဲလာမယ်၊ ကိုယ်တွင်းလုပ်ဆောင်ချက်တွေလည်း ပြောင်းလဲလာမယ်။ ဒါ့ကြောင့် ရှိသင့်တဲ့အာဟာရတွေပြည့်ဝနေစေဖို့ အသက်ကြီးလာတာနဲ့အမျှ ပိုပြီးစားပေးသင့်တဲ့ အစားအစာတွေကို အကြံပြုပေးချင်ပါတယ်။ ကိုယ့်ရဲ့လူကြီးမိဘတွေကိုလည်း ဂရုတစိုက် စီစဉ်ကျွေးမွေးလို့ရတာပေါ့။

(၁) အမျှင်ဓာတ်
အသီးအနှံတွေ၊ အုတ်ဂျုံ၊ အစေ့အဆန်တွေနဲ့ ပဲနီလေး တို့လို အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက အသက်ကြီးလာတဲ့အခါ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်က သွေးတွင်းကို လက်စထရောပမာဏကိုလည်း လျော့နည်းစေတယ်၊ သွေးတွင်းသကြားကို ထိန်းညှိပေးတယ်၊ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်တယ်။ အသက် ၅၀ အထက်အရွယ်ဆိုရင် တစ်နေ့ကို အမျှင်ဓာတ်ပမာဏ ၃၀ ဂရမ်စားသုံးဖို့ လိုအပ်ပါတယ်။

(၂) ဂျုံကြမ်း
ဂျုံကြမ်းတွေဟာ အသက်ကြီးလာချိန်မှာ ပိုပြီးလိုအပ်တဲ့အမျှင်ဓာတ်နဲ့ ဗီတာမင် ဘီတွေ ကြွယ်ဝတဲ့အရင်းအမြစ်ဖြစ်ပြီး B6 ၊B12 နဲ့ ဖောလိတ်ဓာတ်တွေက ဦးနှောက်ကျန်းမာရေးအတွက် အဓိကအရေးပါတာဖြစ်ပါတယ်။ ဂျုံကြမ်းကြောင့် နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချိုဖြစ်နိုင်တဲ့ အန္တရာယ်တွေ လျော့နည်းစေနိုင်တယ်။

(၃) အခွံမာသီးနဲ့ အစေ့အဆန်
ဗာဒံစေ့၊ သီဟိုဠ်စေ့၊ ပီစတာချီအို၊ သစ်ကြားသီးတို့လို အခွံမာသီးနဲ့ အစေ့အဆန်တွေက အိုမင်းရင့်ရော်မှုကို တွန်းလှန်နိုင်စွမ်းတွေရှိပါတယ်။ သူတို့က နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ၊ လေဖြတ်ခြင်း၊ အမျိုးအစား၂ ဆီးချိုရောဂါ၊ အာရုံကြောရောဂါနဲ့ ကင်ဆာရောဂါတချို့ကို ကာကွယ်နိုင်၊ ကူညီကုသနိုင်တဲ့ အထူးအာဟာရတွေပါဝင်ကြပါတယ်။ ကြီးရင့်လာတဲ့ ဦးနှောက်ကိုလည်း စောင့်ရှောက်အားဖြည့်ပေးနိုင်ပါတယ်။

(၄) ရေ
အသက်ကြီးလာလေ ရေဓာတ်ဆုံးရှုံးလာရုံတင်မက ရေဆာမဆာအာရုံခံနိုင်စွမ်းလည်း လျော့ပါးလာပါတယ်။ ပြောရရင် လူကြီးတွေက ရေဆာလို့ဆာမှန်းမသိဘဲ မသောက်ဖြစ်ကြတာ များလာပါတယ်။ အရည်ဓာတ်တွေနည်းလာတာကို ဦးနှောက်ကသိဖို့ အချိန်ကြာလာတာဖြစ်ပါတယ်။ ဒါ့ကြောင့် သောက်သုံးသင့်တဲ့ရေပမာဏကို အချိန်မှန်သတိထား သောက်ပါ။

(၅) ငါး
ဆယ်လ်မွန်ငါး၊ တူနာငါး စတဲ့ပင်လယ်ငါးတွေကို တစ်ပတ်နှ်စ်ကြိမ်တော့စားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ဦးနှောက်ကျန်းမာရေးအတွက် ကောင်းတဲ့အကျိုးပြုအဆီဓာတ် DHA ပါဝင်ပါတယ်။ DHA ချို့တဲ့ခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါတို့ကြား ဆက်နွှယ်မှုရှိနေတာကိုလည်း လေ့လာတွေ့ရှိထားပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဆုတ်ယုတ်လာတဲ့မှတ်ဉာဏ်တွေနဲ့ လေ့လာနိုင်စွမ်းတွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ငါးမကြိုက်ရင် ရေညှိ၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ ပင်ပွားတို့လို တခြား DHA အရင်းအမြစ်တွေ စားလို့ရပါတယ်။

(၆) အသား
အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက အသက်ကြီးလာတဲ့အခါ ဖြစ်လာနိုုင်တဲ့ ကြွက်သားဆုံးရှုံးမှုတွေကို ကာကွယ်ပေးပါတယ်။ ပရိုတင်းအမှုန့်တွေ၊ ဖြည့်စွက်အာဟာရတွေထက်  ကြက်ဥ၊ အဆီမပါတဲ့အသား၊ နို့ထွက်ပစ္စည်းတွေလို သဘာဝအသားဓာတ် အရင်းအမြစ်တွေကို ရွေးချယ်ပါ။

(၇) နို့ထွက်ပစ္စည်း
နို့ထွက်ပစ္စည်းတွေမှာပါတဲ့ ကယ်လ်စီယမ်က အရိုးကျန်းမာရေးအတွက် ထိန်းသိမ်းပေးမှာပါ။ အသက်ကြီးလာတာနဲ့အမျှ အရိုးပွရောဂါ၊ အူမကြီးကင်ဆာ၊ သွေးတိုးရောဂါ ဖြစ်နိုင်ခြေနည်းစေနိုင်တယ်။ အသက် ၅၀ ကျော်ရင် တစ်နေ့ကို ကယ်လ်စီယမ် ၁၂၀ဝ မီလီဂရမ်သောက်သုံးဖို့ လိုပါလိမ့်မယ်။ ဒါတွေကို အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေကနေ ရရှိနိုင်ပါတယ်။

(၈) အစိမ်းရင့်ရောင် အသီးအရွက်
မျက်စိအားကောင်းစေဖို့အတွက် ကိုက်လန်လို အစိမ်းရင့်ရောင်အသီးအရွက်တွေကို ပိုစားပေးဖို့လိုပါတယ်။ သူတို့မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အတွင်းတိမ်နဲ့ မျက်စိမှုန်ခြင်းကို ဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။ တစ်နေ့တစ်ကြိမ်စားပေးရုံနဲ့ မှတ်ဉာဏ်၊ တွေးခေါ်နိုင်စွမ်းနဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းတွေမှာ အိုမင်းရင့်ရော်မှုတွေကို နှေးကွေးစေပါတယ်။

(၉) ထောပတ်သီး
ထောပတ်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက မှတ်ဉာဏ်ကိုကောင်းမွန်စေပြီး ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းပိုမြန်စေပါတယ်။ ထောပတ်သီးကြောင့် သွေးတွင်းကို လက်စထရောကိုလျော့ကျစေပြီး အဆစ်နာရောဂါကို ဖြစ်နိုင်ခြေလျော့နည်းစေတယ်၊ ကိုယ်အလေးချိန်ထိန်းပေးနိုင်တယ်၊ နေလောင်ဒဏ်ကြောင့် အသားအရေထိခိုက်ပျက်စီးခြင်းကို ကာကွယ်ပေးတယ်။

(၁၀) ကန်စွန်းဥ
ဘီတာကယ်ရိုတင်းကြွယ်ဝလို့ မျက်စိကျန်းမာရေးနဲ့အသားအရေကို ကောင်းမွန်စေတဲ့ ဗီတာမင်အေ ကိုပိုရရှိနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းစေနိုင်တယ်။ ပန်းဂေါ်ဖီစိမ်းကြော် ၂၃ ပန်းကန်လုံးစာလောက်စားမှ ရနိုင်မယ့် ဗီတာမင်အေ ပမာဏကို အနေတော်အရွယ်အစား ကန်စွန်းဥတစ်လုံးနဲ့တင် ရရှိုနိုင်ပါတယ်။ ကန်စွန်းဥငချိတ်က ပိုကောင်းပါတယ်နော်။ အရောင်တောက်တောက်မှာပါတဲ့ ဒြပ်ပေါင်းတွေက အသက်အရွယ်ကြောင့် ဦးနှောက်အတွင်း ပြောင်းလဲမှုတွေကို နှေးကွေးစေနိုင်ပါတယ်။

ရေးသားသူ - Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”