အသိပညာသည်သာ လူ့ရဲ့ရတနာ

 

ခင်သန်းမြင့်

 

ဇွန်လ ၂ ရက်နေ့ဆိုရင် အခြေခံပညာကျောင်းတွေ ဖွင့်လှစ်တော့မယ်။ ပညာရေးဝန်ကြီးဌာနကလည်း ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ၂၀၂၂ ခုနှစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိကို ကျောင်းအပ်နှံရေး သီတင်းပတ် အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်နှံကြဖို့ နှိုးဆော်တိုက်တွန်းလျက်ရှိပါတယ်။

 

ဒီလရာသီကတော့ ကျောင်းသားမိဘတွေအတွက် အလုပ်ကိစ္စမြားမြောင်တဲ့ လတစ်လပါပဲ။ ပညာရေးဝန်ကြီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မှာ ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံတစ်စုံစသဖြင့် အခမဲ့ထောက်ပံ့ ပေးမယ့်အပြင် ကျောင်းအုပ်၊ ဆရာ ဆရာမအားလုံး နဲ့ အရာထမ်း၊ အမှုထမ်းအားလုံး သိရှိလိုက်နာ ရမယ့် အချက်တွေထဲမှာ “မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း၊ လက်ခံခြင်းမပြုရ၊ ငွေကြေး/ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရ၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရ” စတဲ့ အချက်တွေ အသိပေး ထုတ်ပြန်ထားပေမယ့်လည်း ကိုယ့်ရဲ့ရင်သွေးငယ်တွေအတွက် ကျောင်းအပ်နှံဖို့ ကိစ္စတွေ၊ ကျောင်းဝတ်စုံ၊ ကျောပိုးအိတ်၊ ထီး၊ မိုးကာ ဗာဟီရကအစ ပြည့်စုံအောင် ဝယ်ရတာတွေ ရှိသေးတာကိုး။ ကျွန်မတို့လို အသက်အရွယ်ရလာသူ တွေအဖို့ကတော့ သား သမီးတွေ ဘွဲ့ရပညာတတ်လို့ လက်လွှတ်ပြီးသော်ငြား သားသမီးတွေက မွေးဖွားလာကြတဲ့ မြေးကိစ္စတွေကို ဝင်ပါနေရတုန်းပါပဲ။

 

ကျောင်းတွေရက်ရှည်ပိတ်ထားခဲ့ရ

 

တစ်နေ့ကဆို မြေးမလေးက သူ့အမေဝယ်လာတဲ့ အဖြူနဲ့အစိမ်း ကျောင်းဝတ်စုံလေးတွေ၊ ကျောပိုးအိတ်အသစ်၊ ဖိနပ်အသစ်ကလေးတွေ ဝတ်ပြရင်း ပျော်နေလိုက်တာ။ ဖွားဖွားကြီးဖြစ်တဲ့ ကျွန်မလည်းပျော်တယ်၊၊ သူ့အမေဖြစ်တဲ့ ကျွန်မသမီးလည်း ပျော်နေတယ်။ ပျော်ကြမှာပေါ့။ ပြီးခဲ့တဲ့ ပညာသင်နှစ်တွေက ကိုဗစ်ရောဂါဆိုးကြီးကြောင့် ကျောင်းတွေရက်ရှည် ပိတ်ထားခဲ့ရသလို ကျောင်းတွေပြန်ဖွင့်တော့လည်း နိုင်ငံရေးအပြောင်းအလဲနဲ့အတူ အဖျက်အမှောင့်အနှောင့်အယှက် ဖျက်ဆီးမှုတွေ၊ ကောလာဟလတွေကြောင့် ရင်သွေးငယ်တွေ အေးအေးချမ်းချမ်း ပညာသင်ကြားရတယ်လို့ကို မရှိလှဘူး။ တထိတ်ထိတ် တလန့်လန့် နဲ့ပဲပေါ့။ တချို့ရင်သွေးငယ်လေးတွေဆိုရင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ခွင့်တွေ ဆုံးရှုံးခဲ့ရ၊ တစ်နှစ်နှောင့်နှေးရနဲ့ ဖြစ်ကြရတယ်။

 

ဒီလိုစိတ်မကောင်းစရာဖြစ်ရပ်တွေက မြန်မာနိုင်ငံမှာ အဆန်းတော့မဟုတ်ပါဘူး။ ၁၉၈၈ ခုနှစ် အရေးအခင်း အပြီးမှာလည်း ကျောင်းတွေတော်တော်နဲ့ မဖွင့်နိုင်ခဲ့ဘူး။ ထိုစဉ်က နဝတအစိုးရအဖွဲ့က ကျောင်းတွေပြန်ဖွင့်ဖို့ အကောင်အထည်ဖော် စီစဉ်ပြန်တော့လည်း နိုင်ငံရေးသမားငို့ဘတွေက ကျောင်းတွေ ပြန်ဖွင့်ရင် ဖြစ်ပေါ်လာမယ့် ကိစ္စဟာ နဝတအဖွဲ့ရဲ့တာဝန်သာ ဖြစ်တယ်လို့ပြောခဲ့ဖူးတယ်။

 

ထိုစဉ်က ပညာရေးဝန်ကြီးဒေါက်တာ ဖေသိန်းက “အဖျက်သမားတွေရဲ့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရတဲ့ စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံတွေ ဆုံးရှုံးခဲ့ရတာဟာ အစားထိုး ဖြည့်စွမ်းနိုင်သော်လည်း ကျောင်းသား ကျောင်းသူတွေရဲ့ ပညာသင်ကြားချိန် ဆုံးရှုံးခဲ့ရတာကတော့ အစားထိုးနိုင်စွမ်းမရှိတာမို့ အလွန်နစ်နာလှပါကြောင်း” မိန့်ခွန်းတစ်ခုမှာ ပြောကြားခဲ့တာ မှတ်မိပါသေးတယ်။

 

ဒါကြောင့် အခုလာမယ့် ၂၀၂၂-၂၀၂၃ ပညာသင် နှစ်မှာ ကျောင်းသား ကျောင်းသူတွေ အေးချမ်းစွာ ပညာသင်ကြားရေး၊ ပညာသင်ယူခွင့် မဆုံးရှုံးစေရေးအတွက် ကျောင်းသားမိဘတွေ၊ ရပ်မိရပ်ဖတွေ၊ ဆရာဆရာမတွေအပါအဝင် မြန်မာ့လူ့အဖွဲ့အစည်း တစ်ရပ်လုံးက ထိန်းသိမ်းစောင့်ရှောက်ပေးကြစေချင်ပါတယ်။

 

ပညာရေးဝန်ကြီးဌာနကတော့ ကျောင်းထွက်သူ လုံးဝမရှိစေရေးနဲ့ အလယ်တန်း၊ အထက်တန်း အဆင့်သို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာမသုံးစွဲရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့လူနေမှုပုံစံတွေ စွဲမြဲဆောင်ရွက်တတ်ဖို့ အသိပညာပေးရေး၊ ကျောင်းသား ကျောင်းသူတွေဂိမ်းစွဲလမ်းမှုပပျောက်စေရေးတို့အတွက် မိဘ ပြည်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျောင်းအုပ်၊ ဆရာ ဆရာမအားလုံးနဲ့ အရာထမ်း၊ အမှုထမ်းအားလုံး သိရှိလိုက်နာရမယ့် အချက်တွေအဖြစ် အသိပေးနှိုးဆော်ထားတာကို သတင်းစာမှာ ဖတ်လိုက်ရပါတယ်။

 

အသိပေးနှိုးဆော်ချက်တွေ

 

အလားတူ ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေးအတွက် ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) ကို ညွှန်ကြားချက်အတိုင်း စနစ်တကျတပ်ဆင်ဖို့ ၊ လိုအပ်ပါက မျက်နှာအကာ (Face Shield)တပ်ဆင်ဖို့၊ လက်ကိုရေနဲ့ ဆပ်ပြာအသုံးပြုပြီး စက္ကန့် ၂၀ ကြာအောင် စနစ်တကျမကြာခဏ ဆေးကြောဖို့၊ လက်နဲ့နှာခေါင်း၊ ပါးစပ်၊ မျက်လုံး တွေကိုမကိုင်ဖို့၊ နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန် မြင့်မားရင် ကျောင်းသို့မလာဘဲ နီးစပ်ရာ ကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့သတင်းပို့ဖို့နဲ့ ဆေးကုသမှုခံယူဖို့၊ အသက် ၁၂ နှစ်ပြည့်ပြီး ကျောင်းသား ကျောင်းသူတွေ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေး သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ဆိုတဲ့ အသိပေးနှိုးဆော်ချက်တွေ ထုတ်ပြန်ထားပါတယ်။

 

မြေးလေးတွေခေတ်မှာ ပညာသင်ယူရတာကလည်း အဘက်ဘက်ကမလွယ်ပါလားလို့ ကျွန်မတွေးနေမိတယ်။ ဒါပေမယ့် မြေးလေးတွေ၊ ကျောင်းသား ကျောင်းသူ ရင်သွေးငယ်တွေကတော့ ကျောင်းပြန်တက်ကြရတော့မယ်ဆိုပြီး ပျော်နေ ကြရှာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရင်သွေးငယ်တွေ ကျောင်းနေပျော်၍ စာတော်အောင် ကျွန်မတို့မိဘ ဆရာတွေအပါအဝင် မြန်မာ့လူ့အဖွဲ့အစည်း တစ်ရပ်လုံးက အားပေးကြရပါမယ်။ အထူးသဖြင့် ကျောင်းသားမိဘတွေပဲပေါ့။

 

ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ နောက်ကွယ်မှာ ဆင်ခြင်တုံတရားနဲ့ပြည့်ဝတဲ့၊ အမြော်အမြင်ကြီးမားတဲ့မိဘတွေရှိကြတယ်လို့ ဆိုကြတယ်လေ။

 

“မိခင်ကောင်းတစ်ယောက်၏ စွမ်းရည်သည် ဆရာပေါင်းမြောက်မြားစွာ၏ စွမ်းရည်နှင့်ညီမျှ၏” တို့၊ “ကြီးကျယ် မြင့်မြတ်သော ပုဂ္ဂိုလ်တိုင်းသည် ထိုကြီးကျယ်မြင့်မြတ်သောအမွေကို သူတို့၏မိခင် များထံမှရရှိခဲ့ကြသည်” တို့၊ “လူ့လောက၏ အနာဂတ်သည် မိခင်တို့၏လက်တွင်း၌သာ တည်ရှိသည်” တို့စတဲ့ အဆိုအမိန့်တွေကြည့်ရင် တွေ့နိုင် တယ်ပေါ့။ ကျွန်မတို့မြန်မာတွေမှာလည်း “လက်ဦး ဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖ”ဆိုတဲ့ စကားတွေ၊ “အပြုမှာဖခင်၏သဘော၊ အပြောမှာ မိခင်၏စရိုက်၊ ငှက်ပျောပင်စိုက်၊ မိလိုက်ဖပါ”ဆိုတဲ့စကားလည်းရှိတယ်ပေါ့။ ဒါကြောင့် မိဘတွေက ကိုယ့်သားသမီးတွေကို ပညာတတ်တွေ၊ လူတော်လူကောင်းတွေဖြစ်လာအောင် ပြုစုပျိုးထောင်ပေးဖို့၊ ပညာသင်ကြားပေးဖို့ အလွန်အရေးကြီးတယ်ပေါ့။

 

ဒီလိုပြောမယ့်သာ ပြောရပေမယ့် တကယ်တော့ မြန်မာ့လူ့အဖွဲ့အစည်းဟာ ပညာကို တန်ဖိုးထားမြတ်နိုးကြတဲ့ အစဉ်အလာရှိပြီးသားပါ။ မိဘတိုင်းကလည်း ကိုယ့်သားသမီးတွေကို ပညာတတ်ကြီးဖြစ် စေချင်ကြတာချည်းပါပဲ။ ထူးချွန်ထက်မြက်တဲ့ ကမ္ဘာသိ မြန်မာနိုင်ငံသားအများအပြားလည်းရှိခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်လည်း “ပညာ နရာနံ ရတနံ”၊ “အသိပညာသည်သာ လူ့ရဲ့ ရတနာ”၊ “ပညာသည်သာလျှင် လူသားတွေအတွက် ရတနာဖြစ်ပါတယ်” လို့ ဟောကြားတော်မူပါတယ်။

 

ဒါ့အပြင် မြတ်စွာဘုရားရှင်က ပညာရှာရာမှာ ထကြွလုံ့လရှိစေဖို့အတွက် -

ပျင်းရိသောသူမှာ (အသက်မွေးမှု) အတတ် ပညာ အဘယ်သို့ ရပါမည်နည်း။

အတတ်ပညာမရှိသူမှာ ဥစ္စာဓန အဘယ်သို့ရပါ မည်နည်း။

ဓနမရှိသူမှာ (ကလျာဏမိတ္တ) အဆွေခင်ပွန်း ကောင်း အဘယ်သို့ရပါမည်နည်း။

မိတ်ဆွေကောင်းမရှိသူမှာ ချမ်းသာမှု အဘယ်သို့ရပါမည်နည်း။

ချမ်းသာမှုမရှိသူမှာ ကောင်းမှုကုသိုလ် အဘယ်သို့ရပါမည်နည်း။

 

ကောင်းမှုကုသိုလ်မရှိသူမှာ မြတ်သောနိဗ္ဗာန် ကို အဘယ်သို့ရပါမည်နည်း။ စသဖြင့် ဟောကြားတော်မူခဲ့ပါတယ်။

 

ပညာကိုကြိုးစားသင်ယူ

 

ရှေး‌ရှေး မြန်မာပညာရှိကြီးတွေကလည်း လူငယ်တွေ၊ ရင်သွေးငယ်တွေ မပျင်းမရိဘဲ အတတ် ပညာကို ကြိုးစားသင်ယူကြအောင် ဆုံးမတဲ့စာတွေ အများအပြားရေးသားခဲ့ကြပါတယ်။ စတုရင်္ဂဗလ ပညာရှိအမတ်ကြီးဆိုရင် လူငယ်တွေအတတ်ပညာ လိုလားအောင် ပဏ္ဏိတကဏ္ဍဆိုပြီး အပိုင်းလိုက် ခွဲခြားဆုံးမခဲ့ပါတယ်။ သူတော်ကောင်းနဲ့ ပေါင်းသင်းနိုင်အောင် သူတော်ကောင်းဆိုင်ရာအပိုင်းကို သုဇနကဏ္ဍ၊ သူယုတ်မာတို့ကို ရှောင်ကြဉ်နိုင်အောင် ဒုဇ္ဇနကဏ္ဍ၊ အသက်အရွယ် လူလားမြောက်လာတဲ့အခါ မိတ်ကောင်း၊

 

ဆွေကောင်းပေါင်းသင်းနိုင်အောင် မိတ္တကဏ္ဍ၊ အိမ်ထောင်ပြုဖို့ရည်ညွှန်းချင့်ချိန်နိုင်တဲ့ ဣတ္ထိကဏ္ဍ၊ မင်းမှုထမ်းဖြစ်စေ၊ ကိုယ်တိုင်အုပ်ချုပ်ရတဲ့ မင်းစိုးရာဇာဖြစ်စေ ကျင့်သုံးရမယ့်ရာဇကဏ္ဍ၊ လောကီလောကုတ္တရာ အထွေထွေ အကျင့်တရားတွေကို ပြုတဲ့ ပတိဏ္ဍက ကဏ္ဍဆိုပြီး တစ်ပိုင်းစီခွဲခြား ဆုံးမစာတွေရှိခဲ့ပါတယ်။

 

စာသင်ပျိုနုတို့ အခြေပြုဖို့အတွက် အရှင်မဟာ ရဋ္ဌသာရရေးဖွဲ့ဆုံးမတော်မူတဲ့ “သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံး ပန်းသွင်၊ နေ့တိုင်းဆင်လော့” ဆုံးမစာကတော့ ဘယ်ခေတ်မဆို ပညာရှာမှီးသူတို့အတွက် အသုံးဝင် အသုံးတည့်နေဆဲလို့ပဲဆိုရမှာပါ။ သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ ဆိုတာက -

 

၁။ သု(သုဏေယျ)- ကြားနာရမယ်။(စာဖတ်ရမယ်)

၂။ စိ(စိန္တေယျ)- ကြံစည်ရမယ်။ စာပါအကြောင်း အရာကို ကိုယ့်ဉာဏ်နဲ့လည်း ကိုယ်တွေးယူရ မယ်။ တစ်ထွာပြရင် တစ်လံမြင်ရမယ့်သဘော။

၃။ ပု(ပုစ္ဆေယျ) - မေးမြန်းရမယ်။ မရှင်းလင်းတဲ့ အချက်တွေနဲ့ အကျယ်ဝိတ္ထာရသိစရာတွေကို ပညာရှိတွေကို ချဉ်းကပ်မေးမြန်းရမယ်။

၄။ ဘာ(ဘာသေယျ)- ပြောဆိုရမယ်။ ထိုစာကို ဖတ်ဖူးသူတွေနဲ့ ဆွေးနွေးပြီး ဉာဏ်ချင်းဖလှယ် ရမယ်။

၅။ ဝိ(ဝိစာရေယျ) - စူးစမ်းရမယ်။ အခြားသော အဆိုအမိန့်အရေးအသားတွေနဲ့ ညှိနှိုင်းကြည့်ရ မယ်။

၆။ လိ(လိဓေယျ) - ရေးသားမှတ်သားထားရမယ်။ မှတ်စုသဘောမျိုးထုတ်နုတ် ရေးသားထားရ မယ်။

၇။ သိ(သိက္ခေယျ)- လေ့ကျင့်ရမယ်။ အပြန်ပြန် ဖတ်ရမယ်၊ ရေးရမယ်။

၈။ ဓာ(ဓာရေယျ)- နှုတ်ငုံဆောင်ရမယ်။ အရေးတကြီး အသုံးဝင်မယ့်စာပိုဒ်တွေကို အလွတ်ကျက်မှတ်ထားရမယ်ဆိုတဲ့ အဓိပ္ပာယ် ပါပဲ။

 

ကျောင်းတွေ ဖွင့်လှစ်တော့မယ်

 

မကြာမီကျောင်းတွေ ဖွင့်လှစ်တော့မယ်။ ကျွန်မမြေးငယ်လေးအပါအဝင် ရင်သွေးငယ်တို့ရဲ့ လိဓေယျဆိုတဲ့ အိမ်စာတွေ လေ့ကျင့်မှတ်သား ဖတ်မှတ်ရေးသားနေမယ့် ပုံရိပ်တွေ၊ ဓာရေယျဆိုတဲ့ ကျောင်းသင်ခန်းစာတွေကို နှုတ်တတ် အာဂုံဆောင် ကျက်မှတ်နေတဲ့ အသံတွေမြင်ရကြားရပါတော့မယ်။ သစ်လွင်တဲ့အဖြူ အစိမ်းကျောင်းဝတ်စုံလေးကို ဝတ်ဆင်ပြီး ကျောပိုးအိတ်နဲ့၊ ခြေထောက်က ဖိနပ်အသစ်လေးကို ငုံ့ငုံ့ကြည့်ရင်း အပျံသင်စငှက် ကလေးတွေလို အတောင်ပံ တဖျပ်ဖျပ်အားယူ ခတ်ရင်း ခုန်ဆွခုန်ဆွ မြောက်ကြွမြောက်ကြွ ခြေလှမ်းတွေနဲ့ ကျောင်းသွားတက်တော့မယ့် မြေးငယ်လေးနဲ့ အားလုံးသော ရင်သွေးငယ်လေး တွေကို ကျွန်မမြင်ယောင်လာမိတယ်။ တကယ့်ကို ကြည်နူးစရာကောင်းတဲ့ ပုံရိပ်မြင်ကွင်းတွေပါ။

 

တကယ်တော့မြေးငယ်လေးနဲ့ ရင်သွေးငယ်တို့ရဲ့ခြေလှမ်းတွေဟာ သူတို့ရဲ့အနာဂတ်အတွက် သာမက မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အနာဂတ်၊ မြန်မာနိုင်ငံရဲ့အနာဂတ် ခြေလှမ်းတွေလည်းဖြစ်ပါတယ်။ မြေးငယ်လေးအပါအဝင် မြန်မာ့ရင်သွေးငယ်တွေ အားလုံးအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး အတွက် မြန်မာ့လူ့အဖွဲ့အစည်းအားလုံးကလည်း ဝိုင်းဝန်းကူညီပေးကြပါလို့ ထပ်ဆင့်တိုက်တွန်း နှိုးဆော်ပါရစေ။ ။