အသိနဲ့အကျင့်

သတင်းဆောင်းပါး -  မောင်မိုးတိမ်

“မည်သူမဆို မိမိ၏ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကို ကောင်းသည်ထက် ကောင်းအောင် အစဉ်ပြုပြင်နေ သင့်သည်။ သေသည်အထိ အမြဲပြုပြင်နေရမည်။”

အရှင်ဇနကာဘိဝံသ(၁၉၀၀-၁၉၇၇)
အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်
သက်တော် ၅၀၊ ဝါတော် ၃၀၊ ခရစ်နှစ် ၁၉၅၀ ပြည့်နှစ်တွင် ဆရာတော်သည် နိုင်ငံတော်အစိုးရက “အဂ္ဂမဟာပဏ္ဍိတ”ဘွဲ့တံဆိပ်တော်ကို ဆက်ကပ် လှူဒါန်းမှုအား  ခံယူတော်မူပါသည်။ မဟာဂန္ဓာရုံ ကျောင်းတိုက်ကို စတင်တည်ထောင်တော်မူခဲ့ပြီး ယနေ့ထက်တိုင် သံဃာတော်စာသင်သား ထောင် ပေါင်းများစွာ စာပေသင်ကြားပျိုးထောင်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။ နိုင်ငံတကာပညာရှင်များ၊ လေ့လာသူပုဂ္ဂိုလ်များနှင့်   ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ    နေ့စဉ်လိုလို     ဥဒဟိုလာရောက် လေ့လာကြကာ အံ့ဩဝမ်းသာ ချီးကျူးအားကျနေ ကြသော စာသင်တိုက်ကြီးဖြစ်ပေသည်။

ဆရာတော်က   ပြောသလိုလုပ်၍    လုပ်သလို ပြောသည်။ သဒ္ဒါ၊ ဝိနည်း၊ အဘိဓမ္မာ၊ သုတ္တန်ကျမ်း များကို    သာသနာ့တာဝန်၊    တိုင်းပြည်တာဝန် ထမ်းဆောင်ကြမည့် ပုဂ္ဂိုလ်များအတွက် မပင်မပန်း ချမ်းသာလွယ်ကူစွာ    ပေါက်မြောက်ကျွမ်းကျင် ကြစေရန် သင်ရိုးကုန်အောင် ပြုစုတော်မူခဲ့ပါ၏။ တိုင်းပြည်နှင့် သာသနာကို စည်ပင်ပြန့်ပွားအောင် ထမ်းဆောင်နိုင်ကြစေရန်      ရတနာ့ဂုဏ်ရည်၊ ကိုယ်ကျင့်အဘိဓမ္မာ၊    အနာဂတ်သာသနာ၊   ဗုဒ္ဓ ဘာသာသင်ခန်းစာအတွဲများ စသည်ဖြင့် ဘာသာ ဋီကာ    အမျိုးမျိုးသော     ကျမ်းကြီး၊     ကျမ်းငယ် အသွယ်သွယ်ကို    မပြတ်မလပ်    ပြုစုတော်မူခဲ့ သည်။

ကျောင်းတိုက်စာသင်သားဝင်ခွင့် စိစစ်ရွေးချယ်

ဆရာတော်ကြီး၏ ကျောင်းတိုက်စာသင်သား ဝင်ခွင့် စိစစ်ရွေးချယ်သောအခါ စဉ်းစားဆုံးဖြတ် ရမည့်    မူဝါဒ ၁၀ ချက်ဖြင့်   နှုတ်မေးစစ်ဆေးကာ ရွေးချယ်လေ့ရှိသည်။ ပထမဦးစားပေးအချက်မှာ “စိတ်ကောင်းရှိဖို့က ပထမ” ဟူ၍ သတ်မှတ်ပါသည်။ “စာတတ်ဖို့က ဒသမ”ဟု မူချခဲ့သည်။
“မိမိတို့အတွင်းစိတ်က အမြဲကောင်းမွန်နေပါမူ နောက်နောင်ဘဝ၌ ဖြစ်သမျှ ရုပ်နာမ်တို့ အကောင်း အမွန်ချည်းသာ ဖြစ်ရပေမည်။ တစ်ဘဝပြောင်း သော်လည်း စိတ်ကောင်းရုပ်ကောင်းချည်း ဖြစ်ရ မည်။ မိမိတို့အတွင်းစိတ်ကယုတ်မာဆိုးရွား နေပါမူ    (ရှေးရှေးတုန်းက   စိတ်ကောင်းအတွက်  ယခုဘဝမှာ        ကောင်းလျက်ရှိပါသော်လည်း) နောက်နောင်ဘဝတို့၌ စိတ်ဆိုးရုပ်ဆိုးချည်းသာဖြစ်ရမည်။   ယောနိသော မနသီကာရ၊   သင့်တင့်အောင် နှလုံးသွင်းမှုရှိလျှင်      အကုသိုလ်စိတ်(မကောင်းစိတ်)မဖြစ်ဘဲ စိတ်ကောင်း ချည်းဖြစ်သည်။  ယောနိသောမရှိလျှင်  စိတ်ကောင်း ဖြစ်လောက်သော          အရာရာကိစ္စများ၌ပင် စိတ်မကောင်းဖြစ်နေတတ်၏။

ထို့ကြောင့်  များစွာသော   ရှင်လူအပေါင်းတို့ စိတ်ကောင်းရဖို့ရာ     “ယောနိသော”   သာလျှင် အရေးကြီးဆုံးဖြစ်ပေသည်။ ယောနိသောရှိခြင်း၊ မရှိခြင်းတို့၏   အကြောင်းများကား  စာကောင်း ပေကောင်းကြည့်ရှုခြင်း၊ မကြည့်ရှုခြင်း၊ ပညာရှိထံ နည်းခံခြင်း၊ နည်းမခံခြင်းများတည်း။” ကိုယ်ကျင့် အဘိဓမ္မာစာအုပ်တွင် အချီးနိဒါန်း ဤသို့ရေးတော်မူ ခဲ့ပေသည်။
ဆရာတော်ဘုရား သက်တော် (၇၇) နှစ်အရွယ် နောက်ဆုံးရေးသားပြုစုတော်မူသော “တစ်ဘဝ သံသရာ”စာအုပ်၌   “နေ့ပိုင်းမှာ   စာသင်စာချတဲ့ ဂန္ထဓုရ တာဝန်ကို ဆောင်ရဖို့နဲ့၊ ညဉ့်ဘုရားဝတ်တက် ပြီးချိန်မှစ၍ အိပ်ဖို့တုံးခေါက်ချိန်အထိ ဝိပဿနာ ဓုရတာဝန်ကို ဆောင်ကြဖို့ရန် စီစဉ်ရပါတယ်။”

ဓုရနှစ်ပါး

“စာချဘုန်းကြီးများက      ခေါင်းဆောင်ပြီး ဝိပဿနာဘာဝနာအလုပ်ကို     အများအားထုတ် အောင် ကြိုးစားကြပါ။”ဟူ၍ အလေးအနက်မှာကြား ရေးသားတော်မူခဲ့ကြောင်း ဖတ်ရှုရပါသည်။ ရဟန်း သံဃာသည် ပိဋကတ်သုံးပုံကို သင်ယူခြင်း၊ ဆောင် ခြင်း၊ အံခြင်း၊ ပို့ချခြင်းတို့ဖြင့် တာဝန်ပြီးသည်ဟု မိမိထင်နေခဲ့သည်။ ဓမ္မပဒကျမ်းမှာ “ချစ်သားရဟန်း၊     ဂန္ထဓုရလည်းကောင်း၊    ဝိပဿနာဓုရလည်းကောင်း   ဤသို့အားဖြင့် ဓုရနှစ်ပါးတို့သာရှိ၏ဟု မိန့်တော်မူ သည်။ ထိုပိဋကတ်သုံးပုံကို  ဆောင်ခြင်း၊  အံခြင်း၊ ပို့ချခြင်းသည် ဂန္ထဓုရမည်၏”ဟု ဖတ်မိဖူးသည်။ ဝိပဿနာဓုရသာသနာ့တာဝန်ကို   မထမ်းဆောင် သော ရဟန်းများလည်း တွေ့ဖူးခဲ့သည်။ မဟာဂန္ဓာရုံ ဆရာတော်ကြီးက     အလေးထားရေးသားပါမှ မြတ်စွာဘုရားသခင် လမ်းညွှန်မူချ အဓိကကျသော ရဟန်းတာဝန်တစ်ရပ်ပါတကားဟု နားလည်သိမြင် ရပေသည်။ 

ရဟန်းသံဃာမှန်လျှင် အဓိကတာဝန် (၂) ရပ်ကို ထမ်းဆောင်ရသည်-
၁။    ဂန္ထဓုရ။    ပိဋကတ်ကျမ်းစာသင်ယူခြင်း၊ အံခြင်း၊ ပို့ချခြင်းတာဝန်၊ 
၂။    ဝိပဿနာဓုရ။  ရဟန်းတို့၏  သာသနာ ထမ်းဆောင်မှုတာဝန် နှစ်ခုအနက် ဒုတိယ တာဝန်။ 
အင်းဝခေတ်   စာဆိုအကျော်   ဆရာတော် အရှင်မဟာရဋ္ဌသာရ   (အေဒီ ၁၄၆၈-၁၅၃၁)က တပည့်စာသင်သားတို့အား      ဆုံးမလမ်းညွှန် ထားသော    ကဗျာလေးတွင်    စာဖတ်သူလည်း  သိပြီးသားပင် ဤသို့ တွေ့ကြရသည်-
“ သု၊ စိ၊ ပု၊ ဘာ၊  ဝိ၊ လိ၊ သိ၊ ဓာ
အက္ခရာစွဲသုံး၊  ဤ ရှစ်လုံးကို
သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့၊
စာသင်ပျိုနု၊ အခြေပြုတို့”
သု= သုဏေယျ- ကြားနာဖတ်ရှုလေ့လာ ဆည်းပူးမှုပြုခြင်း
စိ= စိန္တေယျ- ကြံစည်ဆင်ခြင်မြော်မြင်သုံးသပ် တွေးတောခြင်း
အစရှိသဖြင့်      အတိုကောက်ထိပ်စည်းပါဠိ ဝေါဟာရတို့၏ အနှစ်ချုပ် လုပ်ငန်းတာဝန် ရှစ်မျိုး တို့ကား  မြန်မာလို “ကြား၊ ကြံ၊ မေး၊ ဆွေး၊ စူး၊ ရေး၊ လေ့၊ ကျက်” ဟူသော အချက်တို့ပင် မဟုတ်ပေလား။
လေ့လာဖတ်ရှုကြားနာမှုက     စတင်ရသည်။ ကြံစည်မေးမြန်း၊ ဆွေးနွေး၊ စူးစမ်း၊ ရေးသားခြင်း သာမက     လေ့ကျင့်ခြင်း    (အထပ်ထပ်အခါခါ ကျွမ်းကျင်တတ်မြောက်သည်အထိ       ကိုယ်တိုင် လေ့ကျင့်လုပ်ဆောင်ရခြင်း) သဘော၊  ကျက်မှတ် ခြင်း    သဘောတို့လည်းပါပေ၏။   ဝိပဿနာဓုရ ကိုယ်တိုင်လေ့ကျင့်ခြင်း    မရှိသေးမီ    ကြားခြင်း၊ ကြံခြင်း၊   မေးခြင်း၊    ဆွေးနွေးခြင်းသဘောများ ဖြစ်သော ဂန္ထဓုရက ရှေ့မှ ဦးစွာလာရပါတကား။ သဘောပေါက်လာသည်။ 

သာသနာသုံးရပ်၏
အဆင့်ဆင့်အပိုင်းလိုက်ရှိပုံ

ဤသဘောကို ဆက်၍ဆက်၍ စဉ်းစားဆင်ခြင် ကြည့်လိုက်ရာ    သာသနာသုံးရပ်၏   ရှေ့နောက် အစီအစဉ်  အဆင့်ဆင့်အပိုင်းလိုက်ရှိပုံကိုလည်း သိမြင်ရသည်။ 

၁။     ပရိယတ္တိသာသနာ။   မူလပထမအရင်း အမြစ်ကန်ပေါင်(ဘောင်) ပမာလေ့ကျက် သင်ယူမှတ်သား ဆွေးနွေးပို့ချခြင်း၊ 
၂။     ပဋိပတ္တိသာသနာ။  ကန်မှာတည်နေသော ကန်ရေပမာ      ဝိပဿနာ    သမာဓိတရား အလေ့အကျင့်ပွားများခြင်း၊ 
၃။    ပဋိဝေဓသာသနာ။    ရုပ်နာမ်ဓမ္မသင်္ခါရ တရားတို့ကို    အမှန်အတိုင်း   တိကျစွာ ထွင်းဖောက်သိမြင်     ကျင့်သုံးနိုင်ခြင်း (သီလ၊     သမာဓိ၊   ပညာသိက္ခာသုံးပါး ပြည့်စုံခြင်း) 
    ဥပမာ- ကြာပန်းလန်းစွင့်ပွင့်နေခြင်း၊ 
    ၁။    လမ်းကိုလည်း   သိမည်၊   သွားပုံလည်း မှန်မည်ဆိုလျှင်     ပန်းတိုင်သို့     မည်သူမဆို ဆိုက်ရောက်မည့်သဘော၊
    ၂။     အပြောနှင့် အလုပ်နှင့် ရှေ့နောက်ညီညွတ် ခြင်းရှိသူသည်   စွမ်းဆောင်ပြီးမြောက်မည့် သဘော၊
    ၃။    အသိနှင့်     အကျင့်သည်    မှန်ကန်စွာ ဟန်ချက်ညီမည်ဆိုလျှင် လိုအင်ဆန္ဒပြည့်ဝခြင်း သဘော၊  (အသိအားနည်း၊  အကျင့်မကောင်း လျှင်ကား အချည်းနှီးသာ၊ အချိန်ကုန်ရှုံးနိမ့်မှာ)
    ၄။     လေ့လာမှုနှင့် လေ့ကျင့်ခန်း၊ သဟဇာတ ဖြစ်ခြင်း၊
    ၅။    ပို့ချမှုကို ကောင်းစွာနာယူမှတ်သားခြင်း နှင့် ကိုယ်တိုင်လေ့လာ လိုက်နာလေ့ကျင့်သော အခါ တတ်မြောက်ကျွမ်းကျင်ခြင်း  ဖြစ်ပေါ်လာပုံ၊
    ၆။    အတွေးအမြင်ကျယ်ပြန့်ခြင်းနှင့်  အတွေ့ အကြုံပြည့်စုံခြင်းတို့     ပူးပေါင်းပြည့်စုံပါမှ ခေါင်းဆောင်မှုလည်း အောင်မြင်နိုင်ကြပုံ၊
    ၇။    ဘဝတက်လမ်းနှင့် သင်တန်းအမျိုးမျိုး တွင် ပြောဆိုလေ့ရှိကြသော Theory (သီအိုရီ) နှင့်   Practice   (လက်တွေ့လုပ်ဆောင်မှု)ကို ပေါင်းစပ် အကောင်အထည်ဖော်တတ်ရမည့် သဘော၊
    ၈။    သုတ အကြားအမြင်များရုံသာမက မုတ ဟူသော     ကိုယ်တိုင်ထိတွေ့     နားလည်ပြီး ဖန်တီးနိုင်ခြင်းသဘော၊
    ၉။    တက္က  (Technique)   နည်းနာဗေဒနှင့် သီလ(သီလာ)Precepts ကောင်းသော အကျင့် လေ့ကျင့်လိုက်နာကျင့်သုံးခြင်း  (ထို့ကြောင့် ယူနီဗာစီတီကို ဆရာကြီး ဦးဖေမောင်တင်က တက္ကသိုလ်ဟု ခေါ်ဝေါ်သတ်မှတ်ဘာသာပြန် ယူခဲ့သည်။)
    ၁၀။    သဘောတရားသည်    ဘဝရှေ့ဆောင် မီးရှူးရောင်ဖြစ်၍ လက်တွေ့ဘဝတွင် သဘော တရားအမြင်၏   သင့်လျော်မှန်ကန်  အကျိုး ရှိခြင်းကို   သိမြင်နိုင်သော  မှတ်ကျောက်ပင် ဖြစ်ခြင်းသဘော၊ ဖန်တီးဆန်းသစ်ရခြင်းဖြင့် အောင်မြင်တိုးတက်သော သမိုင်းစာမျက်နှာ သစ်များကို နေ့စဉ်မပျက် ဆက်လက်ရေးသား နေကြရခြင်းတာဝန်ကို နိုင်ငံသားအားလုံးက ပါဝင်အကောင်အထည်ဖော်နေကြခြင်း ဖြစ် ကြောင်း။
အကျယ်ဖွင့်ဆိုလျှင်       စာတစ်အုပ်စာမက ကျယ်ဝန်းလှမည်ဖြစ်သော်လည်း    ပညာပြည့်ဝ နှလုံးလှသည့် စာဖတ်သူတို့အတွက် အရိပ်ပြလျှင် အကောင်ထင်ကြပါပြီ။ တစ်ထွာပြလျှင် တစ်လံမြင် နိုင်ကြလေပြီ။      အသိလည်းမှန်ကန်ကြလျက် အကျင့်လည်းကောင်းမွန်ကြသော      မိမိတို့ ပြည်ထောင်စု   မြန်မာနိုင်ငံသူ   နိုင်ငံသားတို့၏ အနာဂတ်သည်    မည်သို့သော   အကျပ်အတည်း အခက်အခဲနှင့် ဘေးရန်တို့ကို ရင်ဆိုင်ရစေကာမူ အောင်ပွဲခံယူနိုင်ကြမည်ဟု စာရေးသူက အပြည့် အဝ ယုံကြည်ပါသည်။ အသိမြင့်မား အကျင့်ကောင်း တရားတို့ ပြည့်စုံကြပါစေသော်။          ။