အသီးအနှံကြိုက်တဲ့ လေဒီဗိုက်တို့ သိထားသင့်တဲ့အချက်အချို့

၂၂   စက်တင်ဘာ  

 

အသီးတွေစားရတာကို အရင်ကတည်းက ကြိုက်တာ ဒါပေမယ့် ကိုယ်ဝန်ဆောင်နေရတဲ့အချိန်မှာ ကိုယ်စားလိုက်တဲ့ အစားတစ်လုတ်ကြောင့် ဗိုက်ထဲက လူမမယ် ဘေဘီလေးထိခိုက်သွားမလားဆိုပြီး စိုးရိမ်နေတဲ့ မေမေဗိ်ုက်တွေရှိလား။ ဒါဆိုရင် ဒီဆောင်းပါးလေးက စဉ်းစားနေရသမျှကို အဖြေပေးနိုင်မှာပါ။

 

ကိုယ်ဝန်ဆောင်နေချိန်မှာ ဘယ်အသီးတွေစားလို့ ဘယ်အသီးတွေ ရှောင်ရမလဲ…….ကိုယ်ဝန်ဆောင်နေချိန်မှာ ဘာစားစားခံတွင်းမတွေ့ဘူး သစ်သီးတွေပဲ စားချင်နေတယ်၊ စားလို့ဖြစ်ပါ့မလားဆိုပြီး စိတ်ပူနေလား။ ဒါဆိုရင်တော့ တူတူဆက်ကြည့်ရအောင်နော်။

 

ဒီအသီးတွေရှောင်ပါ

ကိုယ်ဝန်ဆောင်နေချိန်မှာ ဗိုက်ထဲက ဘေဘီလေးကျန်းမာစေဖို့ဆိုရင် မေမေတို့အနေနဲ့ ဒါတွေမစားသင့်ပါဘူး။

(၁) နာနတ်သီး

ကိုယ်ဝန်ဆောင်မေမေတွေ မဖြစ်မနေရှောင်သင့်တဲ့ အသီးတစ်မျိုးပါ။ သားအိမ်ကြွက်သားကျုံ့ဆန့်မှုကို ဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ပျက်ကျတဲ့အထိ ဖြစ်စေနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်မေမေတွေ မစားသင့်ပါဘူး။ နောက်တစ်ချက်က နာနတ်သီးမှာ bromelain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်နေတာကြောင့် သားအိမ်ကျုံ့ဆန့်မှုကို ဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ လုံးဝမစားသင့်ပါဘူး။

(၂) သင်္ဘောသီး

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေပါတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မေမေတို့အတွက်တော့ မသင့်တော်ပါဘူး။ ခန္ဓာကိုယ်အပူချိန်ကို တိုးစေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ စားသုံးဖို့ မသင့်တော်ပါဘူး။ သင်္ဘောသီးမှာပါတဲ့ အစေးက သားအိမ်ကြွက်သားတွေကို ကျုံ့ဆန့်စေနိုင်ပြီး ကိုယ်ဝန်ပျက်ကျစေနိုင်သလို သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ သင်္ဘောသီးစိမ်းရော၊ အမှည့်ကိုပါ မစားသင့်ပါဘူး။

(၃) စပျစ်သီး

ကိုယ်ဝန်ဆောင်ချိန်မှာ အစိမ်းရောင်စပျစ်သီးကိုရော ခရမ်းရောင် စပျစ်သီးကိုပါ မစားသင့်ပါဘူး။ ဒါ့အပြင် စပျစ်ဝိုင်ကိုလည်း မသောက်သင့်ပါဘူး။ စပျစ်သီးမှာပါတဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ resveratrol  ဒြပ်ပေါင်းက ကိုယ်ဝန်ဆောင်မိခင်တွေအတွက်တော့ အဆိပ်အတောက်ပါ။ စပျစ်သီးရဲ့ အသားက အစာကြေဖို့ခက်သလို အက်ဆစ်ပါဝင်မှုလည်းများတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေကို ကိုယ်ဝန်ဆောင်ကာလ ပျို့အန်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေကို ဖြစ်စေနိုင်ပါတယ်။

(၄) မန်ကျည်းသီး

မန်ကျည်းသီးက ဗီတာမင် C ကြွယ်ဝတဲ့အသီးတစ်မျိုးပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေကတော့ မစားသင့်ပါဘူး။ ဗီတာမင် C ကြွယ်ဝမှုက သာမန်ချိန်မှာ ကောင်းပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေမှာတော့ ဗီတာမင် C လိုတာထက်များနေတာ ကိုယ်တွင်းမှာ progesterone ဟော်မုန်းထုတ်လအတ်မှုကို ကျဆင်းစေပြီး ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲကလေးမွေးတာ၊ သန္ဓေသားဆဲလ်တွေကို ထိခိုက်ပျက်စီးတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ မန်ကျည်းသီးစိမ်းရော အမှည့်ကိုပါ မစားရင်အကောင်းဆုံးပါ။

(၅) ဖရဲသီး

ဖရသီးက ပုံမှန်အားဖြင့်ကတော့ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးတာပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မေမေတို့ အနေနဲ့ ဖရဲသီးစားမယ်ဆိုရင် ဘေဘီလေးကို အဆိပ်အတောက်တွေနဲ့ ထိတွေ့မိနိုင်ခြေပိုများသွားစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ထားရချိန်မှာ ဖရဲသီးမစားပါနဲ့။

 

ဒီအသီးတွေစားပေးပါ

ကိုယ်ဝန်ဆောင်မေမေတွေ စိတ်ကြိုက်စားလို့ရတဲ့ အသီးတွေက

(၁) လိမ္မော်သီး

ရေဓာတ်ပြည့်ဝနေစေမှာပါ။ ဖောလိတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သန္ဓေသားရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို  အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဗီတာမင် C ပါဝင်နေတာကြောင့် ဆဲလ်တွေထိခိုက်ပျက်စီးမှုမရှိအောင်ကာကွယ်ပေးပါတယ်။ သံဓာတ်စုပ်ယူမှုလည်း ကောင်းစေနိုင်ပါတယ်။

(၂) ပန်းသီး

ရင်သွေးလေးရဲ့ ကိုယ်ခံအားကိုတိုးစေနိုင်ပြီး ဘေဘီလေးသန်မာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ပန်းသီးမှာ ဗီတာမင် A၊ ဗီတာမင် E၊ ဗီတာမင် D နဲ့ ဇင့်တို့ပါဝင်နေတာကြောင့် မေမေရော ကလေးကိုပါကျန်းမာစေနိုင်မှာပါ။

(၃) ပန်းသစ်တော်သီး

ဖောလစ်အက်ဆစ်နဲ့ဗီတာမင် C ကြွယ်ဝတာကြောင့် မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။
(၄) သြဇာသီး

သြဇာသီးမှာ ဘေဘီလေးရဲ့ မျက်လုံး၊ ဆံပင်။ အရေပြားနဲ့ ခန္ဓာကိုယ်တစ်ရှုးတွေကို ကြီးထွားစေနိုင်ဖို့လိုအပ်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် C တို့ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတို့ စားပေးသင့်တဲ့ အသီးတစ်မျိုးပါ။

(၅) သလဲသီး

ကယ်လ်ဆီယမ်၊ ဖောလိတ်၊ သံဓာတ်၊ ပရိုတင်း၊ ဗီတာမင် C တို့ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ စားပေးသင့်တဲ့ အသီးတစ်မျိုးပေါ့။

(၆) ထောပတ်သီး

အခြားသစ်သီးတွေထက် ဖောလိတ်ပိုမိုကြွယ်ဝတဲ့ အသီးတစ်မျိုးပေါ့။ ထောပတ်သီးမှာ ဗီတာမင် C၊ ဗီတာမင် B၊ ဗီတာမင် K၊ အမျှင်ဓာတ်၊ ကိုလင်း၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေသလို သံဓာတ်လည်းကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ ဦးနှောက်နဲ့အာရုံကြောကို ဖွံ့ဖြိုးစေနိုင်ပါတယ်။ ဘေဘီလေးကို မှတ်ဉာဏ်ကောင်းစေမှာ အသေအချာပါ။

(၇) သရက်သီး

သရက်သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် အစာကြေစေနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကိုကာကွယ်ပေးပါတယ်။ ရောဂါပိုးတွေ ကူးစက်ခံရမှုကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ 

(၈) စတော်ဘယ်ရီ

ဗီတာမင်၊အမျှင်ဓာတ်နဲ့ဖောလိတ်တို့ကြွယ်ဝစွာပါဝင်နေသလို မဂ္ဂနိ့နဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝတာကြောင့် ဘေဘီလေးကို အရိုးတွေကြံ့ခိုင်ဖွ့ဖြိုးစေနိုင်မှာပါ။

အသီးကြိုက်တဲ့ လေဒီဗိုက်တို့အနေနဲ့ ကိုယ်ဝန်ဆောင်ထားရချိန်မှာ အခုပြောပြခဲ့တာလေးတွေကို သတိထားကြဖို့တိုက်တွန်းပါရစေ……

 

ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”