အသိအမြင် ဗဟုသုတဆင်ခြင်ပွားတိုး

ဗာဟုသစ္စဉ္စ အကြားအမြင်ဗဟုသုတတိုးပွားခြင်းသည် မင်္ဂလာတရားပင်ဖြစ်သည်။ ကြီးပွားချမ်းသာကြောင်းဖြစ်သော လောကီ၊ လောကုတ္တရာ အကြားအမြင် ဗဟုသုတများခြင်းသည် ဗာဟုသစ္စဥ မင်္ဂလာမည်ပါပေ သည်။ ထို့ကြောင့် အကြားအမြင်ဗဟုသုတပွားတိုးအောင် နေ့စဉ်ကျင့်ကြံကြိုးကုတ် အားထုတ်သင့်သည်။

အသိအလိမ္မာ အတတ်ပညာဗဟုသုတဟူသည် အသက်ထက်ဆုံး၊ လူ့ဘဝကာလပတ်လုံး ကြည်လင်အေးမြ ချမ်းသာခွင့်ရရေးအတွက် အသိပညာဗဟုသုတများကို သင်ကြားနာယူ မှတ်သားနေရခြင်းဖြစ်သည်။ ပညာဗဟုသုတသည် မိမိဘဝတစ်ခုလုံးအတွက် ဝမ်းစာဖြစ်သည်။ မိမိဘဝ ရေရှည်ကောင်းမြတ်ရေးအတွက် ကိုယ်ခံဆေးဝါးကောင်းတစ်ခွက်နှင့်လည်း တူပါပေ၏ဟု ရှေးရှေးပညာရှိများက မှတ်တမ်းတင်ခဲ့သည်။

ဗဟုသုတပညာတို့ကိုဆည်းပူးသည့်အခါ မှတ်မှတ်သားသား လေ့လာ လိုက်စား၍ နေ့ရောညပါ အခါမလပ် အပတ်တကုတ်ကြိုးစားအားထုတ်လုံ့လပြုကြရသည်။ ဗဟုသုတပညာ အလိုရှိသူတိုင်းသည် ဗဟုသုတရှိသူများထံ ချဉ်းကပ်နိုင်မှသာ မိမိရရှိလိုသော ဗဟုသုတများ ဧကန်ရရှိနိုင်သည်။ မိမိတို့အတွက် ဗဟုသုတပညာရရှိရေးတွင် ဗုဒ္ဒတရားတော်ပါ အင်္ဂုတ္တရ နိကာယ်၊ စတုက္ကနိပါတ်လာနည်းလမ်းလေးသွယ်ဖြင့် ချ ဉ်းကပ်ဆည်းပူးသင့်သည်။

ယင်းနည်းလမ်းလေးသွယ်သည်ကား ဦးစွာသပ္ပုရိသ သံသေဝဟူသည့်ဗဟုသုတပညာကြွယ်ဝသူများအား ရှာမှီးချဉ်းကပ်ခြင်းပင်ဖြစ်သည်။ ဗဟုသုတပညာ ရှာမှီးလိုသူများသည် အသိပညာဗဟုသုတြွယ်ဝသူများထံ ချဉ်းကပ်မှသာ မိမိအလိုရှိသော ဗဟုသုတများကို ရရှိနိုင်ပေသည်။ ဗဟုသုတပညာရှိသူများနှင့် လွဲနေလျှင်ကား မိမိရယူလိုသော ဗဟုသုတ များနှင့် လွဲနေဦးမည်ဖြစ်သည်။

ဒုတိယအချက်ကား သဒ ̈မ္မဿဝနဟူသည့် ဗဟုသုတပညာရှိသူများ၏ ဟောပြောပို့ချချက်များကို မှတ်သားနာခံတတ်ရန်ဖြစ်သည်။ ဗဟုသုတ အလိုရှိသူများသည် ဗဟုသုတရှိသူများ၏ ဟောပြောပို့ချချက်များကိုမှတ်သားနာယူခြင်းမရှိပါက မိမိရရှိလိုသော ဗဟုသုတတို့နှင့် အလှမ်းဝေး နေဦးမည် ဖြစ်သည်။ ထိုသို့မှတ်သားနာယူရာ၌ ယောနိသောမနသီကာရ ဖြစ်ဖို့ အထူးလိုအပ်ပေသည်။

ယောနိသောမနသီကာရဟူသည် ဗဟုသုတရှိသူများ၏ ဟောပြော ပို့ချချက်များအပေါ် သင့်တင့်သောအားဖြင့် တွေးခေါ်သုံးသပ် ဆင်ခြင်တတ်ရန်ဖြစ်သည်။ ဗဟုသုတရှိသူများ၏ ဟောပြောပို့ချချက်များအပေါ် သင့်၏၊ မသင့်၏ တွေးခေါ်စဉ်းစားတတ်ရန်နှင့် မသင့်သောအားဖြင့် တွေးခေါ် မိပါက အကျိုးပေးကောင်းသော ဗဟုသုတနှင့်အလှမ်းဝေးမည်ဖြစ်သည်။

ထို့ထက်ဆိုးသည်ကား ဆန့်ကျင်ဘက်တွေးခေါ် မိသဖြင့် အထက်သို့မဆန်ဘဲအောက်သို့ စုန်ဆင်းရတတ်သည့်အဖြစ်နှင့် ကြုံတွေ့နိုင်သည်ကိုသတိပြုရမည် ဖြစ်သည်။ နောက်ဆုံးအချက်သည်ကား ဓမ္မာနုဓမ္မပဋိပတ္တိဖြစ်ပြီး မှန်ကန်သောနည်းလမ်းကိုညွှန်ပြသည့် ဆရာ၏နည်းကျကျ လိုက်နာကျင့်သုံးတတ်ရေးပင်ဖြစ်သည်။ မျက်မှောက်ကာလတွင် အသိပညာဗဟုသုတ ရှာမှီးဖွယ်ရာများမှာ များပြားလှသည်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူသည့် ဆရာသုံးမျိုးတို့မှာ လောကမျက်နှာစာတွင်ပေါများလှသည်။ ဤလူ့ဘောင်လောကနှင့်ပတ်သက်၍ ဟောပြောပို့ချမှုများမှာလည်း စုံလင်လှသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး ကဏ္ဍပေါင်းစုံ စုံလင်လှသည်။

 

သို့ဖြစ်ရာ အသိပညာဗဟုသုတအမျိုးမျိုးတို့ကို လက်လှမ်းတမီအလွယ်တကူရရှိနေသော မျက်မှောက်ကာလဝယ် ပညာဗဟုသုတ ရှာမှီး လိုသူများအနေဖြင့် သပ္ပုရိသသံသေဝနှင့် သဒ ̈မ္မဿဝန နည်းလမ်းနှစ်သွယ်ဖြင့် မှတ်သားနာယူ ရှာမှီးရမည်ဖြစ်ပြီး ယောနိသောမနသီကာရနှင့် ဓမ္မာနုဓမ္မပဋိပတ္တိနည်းလမ်းနှစ်သွယ်ဖြင့် တွေးခေါ်သုံးသပ်ချဉ်းကပ်ကြရမည်ဖြစ်ပါကြောင်း။ ကြေးမုံ