အသောကဓမ္မစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်

ကျောက်တန်းမြို့နယ်ရှိ အသောကရာမပရိယတ္တိစာသင်တိုက်အတွင်း တည်ထားကိုးကွယ်ပူဇော်လျက်ရှိသော အသောက ဓမ္မစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဒီဇင်ဘာလ ၂၁ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ အဆိုပါစေတီတော်မြတ်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီတွင် စေတီတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ သစ်သီးများအား ဆွမ်းတော်ကြီးတင် လှူဒါန်းကြပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့ အရုဏ်တက်ချိန်တွင် စေတီတော်မြတ်ကြီးအား ဆွမ်းပွဲ ၁၀၀၀ ဆက်ကပ်လှူဒါန်းကာ နံနက် ၁၀ နာရီတွင် သံဃာတော်ရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား စတုဒီသာ ဧည့်ခံကျွေးမွေးမည်ဖြစ်သည်။ ထို့နောက် နေ့လည် ၁ နာရီခွဲတွင် ကောင်းမှုကုသိုလ် လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေကြကာ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ် ၂၅ ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူဒါန်းသွားကြမည်ဖြစ်ရာ အလှူရှင်များကြွရောက် လှူဒါန်းနိုင်ကြကြောင်း သိရသည်။

 

ကျော်ဆန်းမြင့် (ပြန်/ဆက်)