အသစ်တွေကို အားပေးတဲ့အနေနဲ့ အရင်ဆုံးလာကြည့်ပြီး မှဝေဖန်ပေးကြဖို့ ပြောလိုက်တဲ့ မုဒြာရဲ့ ခေါ်သံရုပ်ရှင်ဇာတ်ကားမှ သရုပ်ဆောင် လှယဉ်ကျေး

မန္တလေး ၁၆ မတ်

 

ယနေ့ မန္တလေးမြို့နဲ့ ရန်ကုန်မြို့တို့တွင်ရှိသည့် JCGV ရုပ်ရှင်ရုံများတွင် စတင်ရုံ တင်ပြမည့်မုဒြာရဲ့ ခေါ်သံရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင်လှယဉ်ကျေးနှင့် မန္တလေး အခြေစိုက် မီဒီယာတို့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ မေးမြန်းဖြစ်တဲ့အထဲက အချို့ကို ကောက်နုတ် ဖော်ပြထားသည်။

 

မေး။    ။ဒီဇာတ်ကားမှာ ပါဝင်ဖြစ်ခဲ့ ပုံလေး ပြောပေးပါ။

 

ဖြေ။    ။ ၂၀၁၂ ခုနှစ် Loral’s မှာ တက်ရင်းနဲ့ ၂၀၁၄ ခုနှစ်မှာ မခရစ္စတီးနားခီတို့ဆီမှာ အော်ဒီရှင်အခွင့်အရေးရခဲ့တယ်။ ညီမတို့လို အသစ်တွေအတွက် အခွင့်အရေးအများကြီးရခဲ့တယ်။

 

မေး။    ။ခုလိုအောင်မြင်မှုရလာလိမ့်မယ်လို့မျှော်လင့်ထားလား ။

 

ဖြေ။    ။မျှော်လင့်မထားဘူး။ ညီမကလုပ်ချင်တာပဲရှိတယ်။ ၂၀ဝ၃ ကနေ ၂၀ဝ၉ အထိလုပ်တယ်။ ဝါသနာပါတာက သရုပ်ဆောင်လုပ်တယ်။ ခဏနားတယ်။ အဲဒီကနေ အနုပညာအလုပ်ကို လုပ်ချင် တယ်ဆိုပြီး ဒီလိုအခွင့်အရေးကိုရခဲ့တာပါ။

 

မေး။    ။မအူဝဲတို့နဲ့လဲ ရုပ်ရှင်ကားရိုက်ထားတယ်နော်။

 

ဖြေ။    ။မုဒြာခေါ်သံအရင်ရိုက်ပြီးမှ ၂၀၁၅ ခုနှစ်မှာ မအူဝဲတို့နဲ့ “မောင့်အိမ်သူ”ဆိုတဲ့ ဇာတ်ကား ကိုရိုက်တာပါ။

 

မေး။    ။ဒီဇာတ်ကားနဲ့ပတ်သက်လို့ဘယ်လိုအမှတ်တရတွေရှိခဲ့လဲ။

 

ဖြေ။    ။အမှတ်တရတွေကတော့အများကြီးပဲ။ ခရီးသွားရင်းနဲ့အဆင်မပြေတာတွေလည်းရှိတယ်။ ငိုရတာတွေလည်းရှိတယ်။ အားလုံးညှိညှိနှိုင်းနှိုင်းနဲ့ရိုက်ခဲ့ကြတာပါ။ အခက်ခဲတွေအများကြီးရှိတယ်။ production ပိုင်းမှာငွေကြေးမလုံလောက်လို့ ခဏရပ်လိုက်ရတာရှိတယ်။ ဘယ်လိုဖြစ်လာမလဲဆိုတာ မသိပဲနဲ့ ယုံကြည်မှုတစ်ခုတည်းနဲ့အားလုံးလုပ်ခဲ့ကြတာပါ။

 

မေး။    ။ ဇာတ်ကားရုံမတင်ခင်ထွေလာကို Facebook မှာတင်တော့ ညီမလေးအပေါ်ဝေဖန်မှုလေး တွေရှိခဲ့တယ်။အဲဒီအပေါ်မှာညီမလေးအနေနဲ့ ဘယ်လိုခံစားရလဲ။

 

ဖြေ။    ။ ကိုယ့်ကိုယ်ကိုယ်လှတယ်လို့လည်း မခံယူထားပါဘူး။ လူမှုကွန်ရက်မှာပြောဆိုလာတဲ့အခါ လူတစ်ယောက်အနေနဲ့ခံစားချက်တော့ ရှိတယ်။ ဒါပေမယ့် ညီမက သရုပ်ဆောင်ချင်တဲ့အတွက် ဒီကာ ရိုက်တာက သရုပ်ဆောင်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ပီပြင်ဖို့အတွက် ဂုဏ်ယူစွာနဲ့ပဲ လုပ်ခဲ့ပါ တယ်။

 

မေး။    ။ လက်တလောအနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီးပြောပေးပါအုံး။

 

ဖြေ။    ။လက်တလောမှာတော့ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားနဲ့ အရမ်းကိုအလုပ်ရှုပ်နေပါတယ်။ မန္တလေးပြီးသွားရင် ၁၆ ရက်ကစပြီးရုံတင်မှာဖြစ်တဲ့အတွက် ရန်ကုန်မှာလက်မှတ်ထိုးမယ်။ နယ်တွေကိ ုတောက်လျှောက်သွားမယ်ဆိုတော့ ၂၃ ရက်နေ့လောက်အထိဖြစ်မယ်။

 

မေး။    ။ပရိတ်သတ်ကို စကားလက်ဆောင်ပြောပေးပါအုံး။

 

ဖြေ။    ။ဒီဇာတ်ကားမှာကြိုးစားထားပါတယ်။ အခက်ခဲတွေလည်းအများကြီးရှိပါတယ်။ အသစ်တွေကို အားပေးတဲ့အနေနဲ့ အရင်ဆုံးလာကြည့်ပြီးမှ ကောင်းသည်ဆိုးသည်ဝေဖန်ပေးကြပါလို့။

 

 

အိမို့မို့ခိုင်