အသားလုံး‌၊ အသားချောင်းများနှင့် အစာအဆိပ်သင့်အန္တရာယ်

ပေါက်ပေါက်

 

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် ထိုင်းနိုင်ငံထုတ် ကောင်းဘွိုင်အမှတ်တံဆိပ်ပါ အသားချောင်းစားမိ၍ ဖေဖော်ဝါရီ ၈ ရက်က  ကလေးတစ်ဦး အသက်သေဆုံးခဲ့ပြီး ၁၅ ဦး ထက်မနည်း အရေးပေါ် ဆေးရုံတင်ခဲ့ရသည်။ ထိုင်းနိုင်ငံထုတ် စာသားပါ ကောင်းဘွိုင်အမှတ်တံဆိပ် အသားချောင်းထုပ်များကို ဘုရားသုံးဆူမြို့ ရပ်ကွက် (၁) နှင့် သဘာဝရွာတို့တွင် ဝေငှပေးခဲ့ရာမှ ကလေးများ စားသုံးမိပြီးနောက် ဗိုက်အောင့်၊ မူးဝေမှုဖြစ်လာပြီး အသက်ရှူကျပ် လာသည့်အတွက် ဘုရားသုံးဆူမြို့ဆေးရုံ၌ အရေးပေါ်ဆေးကုသမှုခံကြရသည်။ အဆိုပါ ထိုင်းစာသားပါသည့် အသားချောင်း ကုန်အမှတ် တံဆိပ်ကို ဖေဖော်ဝါရီ ၇ ရက်က ထိုင်းအစိုးရ၏ တာဝန်ရှိသူများက စားသုံးရန်မသင့်ဟု အသိပေးထုတ်ပြန်ထားပြီး မြန်မာနယ်စပ်ဘက်တွင် မည်သို့တင်သွင်းလာသည်ကို မသိရပေ။

 

ထို့ပြင် ရှမ်းပြည်နယ်တွင်လည်း ထိုင်းနိုင်ငံထုတ် ဟော့ဒေါ့စားမိရာမှ ကလေးငယ်အချို့၌ အစာအဆိပ်သင့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မေ ၉ ရက် ညနေ ၅  နာရီခန့်ကလည်း ဒဂုံမြို့သစ် (အရှေ့ပိုင်းမြို့နယ်)  ရွာသာကြီး ဘူတာအနီးရှိ  ရပ်ကွက်အတွင်း ဈေးပေါပေါဖြင့် လာရောက်ရောင်းချသည့် အသားလုံး၊ အသားချောင်းများကို စားသုံးမိရာမှ လူ ၅၀ ကျော်  အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့်  နယ်စပ်မှ  တရားမဝင်တင်သွင်းလာသည့်  အသားချောင်းများကို ရောင်းဝယ်ဖောက်ကား သူများအား အရေးယူသွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ဖေဖော်ဝါရီ ၈ ရက်တွင် အသိပေးကြေညာခဲ့သည်။ FDA ၏ ထောက်ခံချက်မရှိဘဲ နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသော အသားချောင်းများ စားသုံးမိပြီး ဘေးဥပဒ်ဖြစ်ပွားနေသည်ကို တွေ့ရှိရသောကြောင့် စားသုံးသူ ပြည်သူများအနေဖြင့် အဆိုပါ  အသားချောင်းများကို စားသုံးခြင်းမပြုရန်နှင့် ရောင်းဝယ်ဖောက်ကားသူများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကလေးများအတွက် အသက်အန္တရာယ်ရှိသော အစားအသောက်

 

ဖော်ပြပါ ဖေဖော်ဝါရီလအတွင်း ကလေးများတွင် အသက်အန္တရာယ်အထိ ကျရောက်နိုင်သည့် အစားအသောက်နှင့် ဆက်စပ်နေသော Acquired methemoglobinaemia ဟုခေါ်သည့် ရောဂါတစ်မျိုး တွေ့ရှိလာရကြောင်း ကလေးအထူးကု ဆရာဝန်ကြီးတစ်ဦးကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ Fast Food များတွင် ကြာရှည်ခံအောင် အသုံးပြုသည့် နိုက်ထရိတ် (Nitrate) ပါဝင်မှုများသော ကြက်အူချောင်း၊ ဝက်အူချောင်း၊ အကင် အစားအစာ များကို စားသုံးမိသည့် ကလေးများတွင် အဆိုပါရောဂါအတွေ့များလာ ကြောင်း သိရသည်။

 

ပုံမှန်နေကောင်း ကျန်းမာနေသည့် ကလေးတစ်ဦးတွင် အစာစား မိပြီး ရုတ်တရက် ခြေဖျားလက်ဖျားများ ပြာလာခြင်းမျိုး လက္ခဏာဖြစ် တတ်ခြင်း၊ ပြင်းထန်ပါက ကလေးမှာ ရုတ်တရက်မောခြင်း၊ တက်ခြင်း၊ မှိန်းလွန်းခြင်း၊ သတိလစ်ခြင်း၊ နှလုံးခုန်နှုန်း မမှန်ခြင်းမျိုး ဖြစ်တတ်ပြီး အသက်သေဆုံးသည်အထိ  ဖြစ်နိုင်ပါသည်။ အစားအသောက်များတွင် ကြာရှည်ခံအောင်သုံးသည့် Nitrate သည်  ဟီမိုဂလိုဘင်  (Hb) ကို mebHb ပုံစံသို့ ပြောင်းသွားစေပြီးနောက် ယင်း  mebHb  သည် ပုံမှန်လုပ်ရမည့် သွေးထဲက အောက်ဆီဂျင်ကို လိုအပ်သည့်နေရာသို့ မပို့ပေးနိုင်ခြင်း၊ သွေးထဲတွင် အောက်ဆီဂျင်များနေသော်လည်း အသုံး မချနိုင်သည့်အတွက် ခန္ဓာကိုယ်တွင် အောက်ဆီဂျင်ပြတ်တောက်သွား သည့်အတိုင်း Hypoxia ခံစားရခြင်းဖြစ်ကြောင်း ဆေးပညာရှင်များက သုံးသပ်သည်။

 

ထို့ကြောင့် မိမိတို့ကလေးများတွင် အဆိုပါလက္ခဏာများ တစ်စုံ တစ်ရာတွေ့ရှိပါက နီးစပ်ရာဆေးခန်းမှ ဆရာဝန်နှင့် အမြန်ဆုံး ပြသ သင့်ပါသည်။ အန္တရာယ်ရှိသော နိုင်ငံခြားမှလာသည့် ကြက်အူချောင်း၊ ဝက်အူချောင်း၊ အကင်များ  စားခြင်းကိုလည်း အထူးရှောင်ရှားသင့် ပါသည်။ ထို့ပြင် ကြက်အူချောင်း၊ ဝက်အူချောင်းများ၊ အသားလုံး၊ အသားပြား၊ အသားခြောက်၊ ဟော့ဒေါ့များထဲ၌ အသားကို တာရှည်ခံ စေရန်အတွက် ဆိုဒီယမ်နိုက်ထရိတ်ဓာတုပစ္စည်းများကိုလည်း ထည့် သွင်းထားသောကြောင့်  ကင်ဆာရောဂါအမျိုးမျိုး ဖြစ်စေသကဲ့သို့ ကင်ဆာဝေဒနာသည်များ စားသုံးမိပါက ကင်ဆာအဖုအကျိတ်များကို လျင်မြန်စွာ ကြီးထွားပျံ့နှံ့လာစေနိုင်ပါသည်။

 

FDA ၏ ထုတ်ပြန်ချက်

 

ဧပြီ ၁ ရက်ကလည်း ကျန်းမာရေးဝန်ကြီးဌာန  လက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က စားသုံး ရန်မသင့်သော အစားအသောက်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် အသိပေးကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ကြေညာချက်၌ ထိုင်းနိုင်ငံထုတ် ကြက်အူချောင်း၊ ဟော့ဒေါ့(အနီ)၊ အသားချောင်း (အနီ)၊ အသားလုံး (ပန်းရောင်)၊ ငါးတို့ဟူး၊  ဗီယက်နမ်စတိုင် ပုစွန်ကြက်အူချောင်း အပါအဝင် စုစုပေါင်းပစ္စည်း ၂၁ မျိုးကို ဓာတ်ပုံအမှတ်တံဆိပ်များနှင့်တကွ ဖော်ပြကာ သတိပေးထားသည်။ ၎င်းပစ္စည်းများတွင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ခွင့်ပြု အစားအသောက် ထပ်ဖြည့်ပစ္စည်းများ သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားသည်ကို တွေ့ရှိရကြောင်း၊ အကယ်၍ ၎င်းအစားအစာများကို စားသုံးမိပါက ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီး ရွယ်အိုများအနေဖြင့် လတ်တလောတွင် မျက်လုံးနှင့် အရေပြားယားယံ ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်းတို့ ခံစားရနိုင်သည့်အပြင် ရေရှည်တွင် အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း၊ ထို့ကြောင့် ယင်းအစားအစာ ၂၁ မျိုးကို စားသုံးခြင်းမပြုကြရန် အသိ ပေးထားပါသည်။

 

ထို့ပြင် အစားအသောက်ထုတ်လုပ်သူများသည် အစားအသောက်များတွင်  သုံးစွဲရန်ခွင့်ပြု အစားအသောက် ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏ အတွင်းသာ အသုံးပြုကြရန်၊ ဖြန့်ဖြူးရောင်းချသူများသည် ဖော်ပြပါ အစားအသောက်များကို ဖြန့်ဖြူးရောင်းချခြင်း မပြုကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈ (က) အရ အရေးယူမည်ဖြစ်ကြောင်း FDA က ထုတ်ပြန် ထားပါသည်။

 

အစားအစာ ဘေးကင်းလုံခြုံမှု သတိပြု

 

လူ့ဘဝတွင် ဘေးကင်းပြီး အာဟာရပြည့်၀သော အစားအစာများ စားသုံးနိုင်ရေးသည် ကျန်းမာရေးကို မြှင့်တင်ရန်အတွက် အဓိက သော့ချက်ဖြစ်သည်။ အစားအစာ ဘေးကင်းရေးသည် ထုတ်လုပ်မှုမှ ရိတ်သိမ်းခြင်း၊ စီမံဆောင်ရွက်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ပြင်ဆင်ခြင်းနှင့် စားသုံးခြင်းအထိ ပါဝင်သည်။  အစားအသောက် ဘေးကင်းလုံခြုံမှုမရှိခြင်းသည် အစားအသောက်များ၌ ဗက်တီးရီးယား ပိုးများ၊ ဗိုင်းရပ်စ်ပိုးမွှားများနှင့် ကူးစက်ရောဂါပိုးမွှားများ ပါဝင်နေမှု၊ ဓာတုဓာတ်ကြွင်းများ ကျန်ရှိနေမှု၊  ကိုင်တွယ်စားသုံးသူများ လက်သန့်ရှင်းရေး အားနည်းမှုတို့ကြောင့် ဖြစ်သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကမ္ဘာတစ်ဝန်းတွင် အန္တရာယ် ရှိသော ဗက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ ကပ်ပါးပိုးများ၊ ဓာတုပစ္စည်း များပါရှိသော အစားအစာများသည် ဝမ်းပျက်ခြင်းမှ ကင်ဆာအထိ အမျိုးမျိုးသောရောဂါပေါင်း ၂၀၀ ကျော်ကို ဖြစ်စေနိုင်ကြောင်း၊ ခန့်မှန်း ခြေ လူဦးရေ သန်း ၆၀၀ ခန့် (သို့မဟုတ်) လူ ၁၀ ဦးလျှင် တစ်ဦးနှုန်း သည် မသန့်ရှင်းသော အစားအစာကို စားသုံးမိသဖြင့် နာမကျန်းဖြစ်မှု နှင့် နှစ်စဉ်လူပေါင်း ၄၂၀၀၀၀ သေဆုံးနေကြရကြောင်း ဆိုထားသည်။

 

မြန်မာနိုင်ငံနှင့် ဘေးကင်းလုံခြုံသော အစားအသောက်ဖြစ်ရေး

 

မြန်မာနိုင်ငံတွင် အများပြည်သူတို့ နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေကြ ရသည့်ကိစ္စတစ်ရပ်မှာ အစားအသောက်များ၌ ကူးစက်ရောဂါ ပိုးမွှား များပါဝင်နေမှု၊ စားသောက်ကုန်များ၌ ခွင့်မပြုသော ဆိုးဆေးနှင့်ဓာတု ဆေးဝါးများ ထည့်သွင်းအသုံးပြုမှုတို့ကြောင့် အစာအဆိပ်သင့်မှုများ ဖြစ်ကာ မကူးစက်တတ်သောရောဂါများ ဖြစ်ပွားလေ့ရှိသည့် ပြဿနာ ဖြစ်သည်။ အချို့သော စားသောက်ကုန်များသည် စားသုံးရန် မသင့် လျော်ကြောင်း၊ ယုံကြည်စိတ်ချရမှု မရှိကြောင်း သိရှိနေသော်လည်း အများပြည်သူအချို့မှာ ရွေးချယ်စရာမရှိဖြစ်ကာ မျက်စိမှိတ်ဝယ်ယူ စားသုံးနေကြသည့်အတွက် အဆိုပါ အစားအစာများ၏ ဆိုးကျိုးကို ခံစားကြရခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် လွန်ခဲ့သော  နှစ်အနည်းငယ်အတွင်း အသင့် စားသုံးနိုင်သော  အကင်မျိုးစုံ  စားသုံးမှု  ပိုများလာသည်။ ဒေသ အနှံ့အပြားရှိ စားသောက်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များတွင် အလွယ်တကူ ရရှိနိုင်သည့် အသားလုံး၊ အသားပြား စသည်ဖြင့် စားချင် စဖွယ်ပုံစံအမျိုးမျိုးဖြင့် ခင်ကျင်းပြသထားသည်ကို တွေ့မြင်ကြရမည် ဖြစ်သည်။ သို့ရာတွင် အဆိုပါ အစားအစာများတွင် မည်သည့်အသား အမျိုးအစားကို အသုံးပြုထားမှု၊ ကြာရှည်ခံဆေးများ၊ အရောင်တင် ဆေးများ၏ အချိုးအစားပါဝင်မှု၊ သက်ဆိုင်ရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ခွင့်ပြုချက်၊ ထောက်ခံချက်ရရှိမှု စသည့် စားသုံးသူဆိုင်ရာ သတင်းအချက်အလက်များ ပြည့်စုံစွာ ဖော်ပြထား ခြင်း မရှိပေ။

 

အချုပ်အားဖြင့်ဆိုသော်  မြန်မာနိုင်ငံသည်  ကမ္ဘာလုံးဆိုင်ရာ အစားအစာဘေးအန္တရာယ်ကင်းရှင်းမှု အညွှန်းကိန်းတွင် နိမ့်ကျနေဆဲ ဖြစ်ရာ အစားအသောက်များ ဘေးကင်းမှုဆိုင်ရာ စံနှုန်းများအတိုင်း လိုက်နာစေရေးကို  ထိရောက်စွာ အကောင်အထည်မဖော်နိုင်ပါက အမျိုးသားကျန်းမာရေးစနစ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ကာ နိုင်ငံ့စီးပွား ဖွံ့ဖြိုးမှုကိုလည်း များစွာနှောင့်နှေးစေမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင်  အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုစနစ်များ အားနည်းခြင်းနှင့် တည်ဆဲဥပဒေများကို အကောင်အထည်ဖော်ရာ၌ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်းတို့မှာ အစားအသောက် ဘေးကင်း လုံခြုံမှုအတွက် အဓိက စိန်ခေါ်မှုများ ဖြစ်နေသည်။ မသန့်ရှင်းသော အစားအစာသည် အများပြည်သူတို့၏ ကျန်းမာရေးနှင့် လူမှုစီးပွားရေး ကို ခြိမ်းခြောက်လျက်ရှိပါသည်။

 

သို့ပါ၍ တာဝန်ရှိသူများအနေဖြင့် အများပြည်သူတို့ အစားအစာများ  ဘေးကင်းလုံခြုံမှုရှိစေရန်အတွက်  စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များကို အလေးထား အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ စားသုံးသူများကလည်း FDA ၏ အခါအားလျော်စွာ ထုတ်ပြန်ထားသည့် စားသုံးရန်မသင့်သော အစားအသောက်များနှင့် ပတ်သက်၍ အများပြည်သူသို့ အသိပေးကြေညာချက်များကို စဉ်ဆက် မပြတ် သတိထားဖတ်ရှုကာ စားသုံးခြင်းမပြုဘဲ အထူး ရှောင်ရှားကြစေ လိုပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။ ။