အရိုးတစ်ခုကျိုးပြီးသွားရင် ဘယ်လိုပြန်ဆက်လဲ။

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အရိုးကျိုးသွားတယ်ဆိုတဲ့ ပြဿနာဟာ ပြင်းထန်ပြီး အင်မတန်မှ စိတ်ရှုပ်စရာကောင်းတဲ့ ပြဿနာတစ်ခုပါ။ သွားလာ လှုပ်ရှားလို့လည်းမရ၊ နာကလည်းနာ၊ ကျောက်ပတ်တီးကြီးနဲ့တစ်ချိန်လုံး အံသေနေရတဲ့ အဖြစ်ကိုဘယ်သူမှ မလိုချင်ပါဘူး။ ဒါပေမယ့်လည်း အခန့်မသင့် တစ်ခုခု ထိခိုက်မိလို့ ဖြစ်လာခဲ့ပြီဆိုရင် ဘယ်တတ်နိုင်ပါ့မလဲ။ ကျောက်ပတ်တီးလေးစည်းပြီး ပြန်ဆက်မယ့်အချိန်ကိုပဲ စောင့်နေရတော့တာပေါ့ ။ အဲဒီအခါကျရင် ကျိုးသွားတဲ့ အရိုးတစ်ခုက ဘယ်လိုဘယ်ပုံပြန်ဆက်မှာလဲ ဘယ်လောက်ကြာမှာလဲဆိုတာ သိချင်လာကြပြီမလား ။ ။

ပြန်ဆက်မယ့်အကြောင်း မပြောခင် အရိုးကျိုးပုံကျိုးနည်းအကြောင်း အရင်ပြောပြပေးချင်ပါတယ်။

အရိုးကျိုးသွားပြီဟေ့ဆို

အရေပြားကို အရိုးဖောက်ထွက်လာပြီးကျိုးတာလား အထဲမှာပဲကျိုးတာလား
လုံးဝ ထက်ပိုင်းကျိုးသွားတာလား၊ ဆက်နေသေးလား

နေရာလွဲသွားတာလား အက်သွားတာလားဆိုပြီး အရင်စဉ်းစားရပါတယ်။
ဒါတွေပေါ်မူတည်ပြီး ခွဲစိတ်ရမလား၊ ဒီတိုင်း ပတ်တီးနဲ့ ပျောက်မှာလား၊ စတီးချောင်းထည့်ရမှာလား သိနိုင်မှာ ဖြစ်ပြီး ပြင်းထန်မှုအလိုက် အရိုးပြန်ဆက်တဲ့အချိန်လည်း ကြာသွားတတ်နိုင်ပါတယ်။ နောက်ပြီး လူနာရဲ့ အသက်၊ စားသောက်နေထိုင်မှု ပုံစံတွေပေါ်မူတည်ပြီးလည်း အရိုးပြန်ဆက်တာ ကွာခြားသွားနိုင်ပါတယ် ။ ။

ကျိုးသွားတဲ့ အရိုးတစ်ချောင်း ဘယ်လိုပြန်ဆက်လဲ ။ ။

အဆင့် (၁)

ထိခိုက်ဒဏ်ရာ ရပြီးပြီးချင်း နာရီပိုင်းလေးအတွင်းမှာတင် အရိုးဆက်ခြင်းလုပ်ငန်းစတင်ပါတယ်။ ကျိုးသွားတဲ့နေရာပတ်လည်မှာဖူးရောင်လာပြီး ကျိုးသွားတဲ့ အရိုးအပိုင်းစတွေရှင်းဖို့နဲ့ ပိုးတွေသတ်ဖို့ ခုခံအားက ဆဲလ်တစ်ချို့ လွှတ်ပါလိမ့်မယ်။ နောက်ပြီး ကျိုးသွားတဲ့နေရာမှာ သွေးလည်ပတ်မှုကောင်းနေမှာဖြစ်လို့ အဲဒီနေရာက ပူနေပါလိမ့်မယ်။ ဒီ အဆင့်က ၁ ပတ်က နေ ၂ ပတ်လောက်အထိကြာတတ်ပါတယ်။

အဆင့် (၂)

အရိုးကျိုးပြီး  ၄ ရက်ကနေ ၂၁ ရက် လောက်ကြာတဲ့အခါ အရိုးပတ်လည်မှာ soft callus လို့ခေါ်တဲ့ ကျီးပေါင်းလေးတွေ တက်နေတာကို တွေ့ရတတ်ပါတယ်။ အရိုးလောက်မမာပေမယ့် သွေးခဲတွေလောက်လည်း မပျော့တဲ့ ကျီးပေါင်းအစိုင်အခဲလေးပါ။ အရိုးကျိုးသွားတဲ့ ပြဿနာတိုင်း Callus ပေါ်ကိုပေါ်လာပါတယ်။ သူရဲ့တာဝန်က ကျိုးသွားတဲ့ အရိုးလေး ပုံစံတစ်ကျပြန်ဖြစ်စေဖို့ အပြင်ကနေထိန်းထားပေးရတဲ့ တာဝန်ပါ။ တကယ်လို့ အဲဒီအချိန်ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေလုပ်မိလိုက်ရင် callus လေးကွဲသွားပြီး အရိုးပြန်ဆက်တာ အစက ပြန်စနေရပါလိမ့်မယ်။

အဆင့် (၃)

အရိုးကျိုးပြီး ၂ ပတ်လောက်အကြာမှာ osteoblasts လို့ခေါ်တဲ့ အရိုးအသစ်ဖြစ်မေယ့် ဆဲလ်လေးတွေ စပြီး အလုပ်လုပ်ရပါပြီ။ ဒီအဆင့်ရောက်ရင်တော့ အပေါ်မှာ ပြောထားတဲ့ soft callus ကျီးပေါင်းအပျော့လေးက အရိုးလောက်နီးနီးမာသွားပြီး hard callus ကို ပြောင်းသွားပါလိမ့်မယ်။ ဒီ အဆင့်က အရိုးကျိုးပြီး ၆ပတ်ကနေ ၁၂ ပတ် လောက်အတွင်းမှာ ပြီးသွားမှာ ဖြစ်ပါတယ်။

အဆင့် (၄)

ဒီအဆင့်ကတော့ အရိုးပြန်ဆက်ခြင်းရဲ့ နောက်ဆုံးအဆင့် bone remodeling (ပုံစံပြန်ချခြင်း) အဆင့်ပါ။ ဒီအဆင့်မှာ တာဝန်ရှိသူတွေကတော့ osteoclasts လို့ခေါ်တဲ့ အရိုးဆဲလ်လေးတွေ ဖြစ်ပြီး အရိုးပြန်ဆက်တုန်းက မညီမညာဖုထစ်နေတဲ့ အရိုးမျက်နှာပြင်တွေကို သူက ပြန်ချောမွေ့စေမှာ ဖြစ်ပါတယ်။ ဒီအဆင့်ရဲ့ ကြာချိန်ကတော့ အရိုးကျိုးပြီး ၁ နှစ် အတွင်းဖြစ်နိုင်သလို တစ်ချို့ဆို ၉ နှစ်လောက်အထိ ပုံမှန်အရိုးအတိုင်းပြန်ဖြစ်ဖို့ စောင့်ရတတ်ပါတယ်။

ဘယ်လိုအချိန် ဆို ဆရာဝန်ဆီပြန်သွားဖို့လိုအပ်မလဲ ။ ။

ကျိုးသွားတဲ့ အရိုးပတ်လည်က အရေပြားတွေ ပြာနှမ်းလာတာ

လက်ချောင်းလေးတွေ ခြေချောင်းလေးတွေ လှုပ်ရှားလို့မရတာ

နာကျင်တဲ့ ဝေဒနာ ပိုပိုဆိုးလာတာ

ကျောက်ပတ်တီးကွဲသွားတာ၊ ပတ်တီးအရမ်းတင်းနေတာ

ပိုးဝင်သလိုဖြစ်သွားပြီး အနာကနေ အရည်တွေထွက်နေတာ၊ ပြည်တည်နေတာနဲ့
ခြေလက်တွေ ထုံကျင်သလိုမျိုး အပ်နဲ့ထိုးသလို စူးစူးကလေးဖြစ်နေတာမျိုးတွေ ရှိခဲ့ရင် ဆရာဝန်ဆီ ပြန်သွားပြဖို့ အသေအချာကြီးကို လိုအပ်ပါတယ်။ ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”