အရိုင်းစံပယ်

အောင်လင်း

 

ကိုဘခက်သည် ‘မ’ ကိုသာငေး၍ ကြည့်နေမိသည်။ အမှန်တော့ ‘မ’ သည် သူ့လိုပင်  အပေါ်ယံ လူ့အဖွဲ့အစည်းကြား မှ တစ်ညတာအားဖြင့် ထွက်ပြေးလာခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း  ကိုဘခက်သည် ‘မ’ ကို ပိုမိုလေးစားမိသည်။ ‘မ’ ၏ စိတ်ထားကို မြတ်နိုးမိသည်။ ကိုဘခက် သည် ‘မ’ ပြေးဝင်သွားသောအိမ်ကြီးကို အတန်ကြာမျှ မော့ကြည့်နေမိသည်။

 

သို့ကြည့်နေရင်းမှ သည်အိမ်ကြီး အတွင်း အိပ်မက်လို ရောက်လာပုံများ ကို ပြန်၍တွေးမိသည်။ ဦးကျော်ဒင်သည် သူ၏ကျေးဇူးရှင် ဖြစ်သည်။ ‘မ’ သည် သူ၏တပည့်မ ဖြစ်သည်။ အမှန်တော့ သည်အိမ်ကြီး အတွင်းတွင် ကိုဘခက်သည် ဦးကျော်ဒင်နှင့် ‘မ’ ကို အထူးသဖြင့် ခင်မင် လေးစားမိသည်။ ဦးကျော်ဒင်သည် ရိုးသားသည်။ ပွင့်လင်းသည်။ သူ့ဘဝကိုသူ အပြစ်ကင်းကင်းဖြင့် ပျော်အောင် နေတတ်သူဖြစ်သည်။ ‘မ’ သည် သိမ်မွေ့သော မိန်းကလေးတစ်ဦး ဖြစ်သည်။သည်းခံနိုင်စွမ်းရှိသည့် အတွင်းစိတ်ဓာတ် မာကျောသူတစ်ဦးဖြစ်သည်။ ဂီတပညာကို လေးစားသူ ဖြစ်သည်။ သို့ဖြစ်၍လည်း သည်အိမ်တွင်း၌ အိမ်သားငါးဦးရှိသည့်အနက် ကိုဘခက်သည် ဦးကျော်ဒင်နှင့် ‘မ’ ကိုသာ အထူး ခင်မင်လေးစားမိခြင်း ဖြစ်ပေမည်။

 

ကျန်လူများကား ကိုဘခက်နှင့် စိတ်သဘောချင်း အဟပ်ဝေးနေပေလိမ့်မည်။ ဒေါ်ခင်မျိုးသန့်သည် လင့်လုပ်စာကို ထိုင်၍ဖြုန်းနေသူဖြစ်သည်။ အိမ်ထောင့် ဝတ္တရားကို ဘာမျှပြန်၍ ကြည့်ရှု ထိန်းသိမ်းသူလည်း မဟုတ်ပေ။

 

မော်သည် ဒေါ်ခင်မျိုးသန့်၏ ခြေရာကို နင်းမည့်သူကလေး ဖြစ်သည်။ အမေထက် ကဲချင်သာကဲမည်၊ လျော့မည့်သူကား မဟုတ်ပေ။ သူတို့နှင့်စာလျှင် မွန်တစ်ယောက်ကမှ တော်ပေလိမ့်ဦးမည်။ သို့သော် မွန်သည် မာနကြီးသူ ဖြစ်သည်။ သူ့အလုပ်ကလွဲလျှင် တခြားအလုပ်ကို အထင်သေးတတ်သူဖြစ်သည်။ သူ့ယုံကြည်ချက်ကလွဲလျှင် တခြားသူ၏ယုံကြည်ချက်ကို စိတ်ဝင်စားလိုသူ မဟုတ်ပေ။

 

ကိုဘခက်သည် အိမ်ကြီးကိုကြည့်ရင်း သည်အိမ်ကြီးအတွင်းမှ လူများ၏ စိတ်သဏ္ဌာန်ကို စဉ်းစား၍ ကြည့်လိုက် မိသည်။ ပြီးမှ သည်လူငါးဦးအတွင်းတွင် မိမိက မည်သို့ဆက်ဆံနေထိုင်သွားရ မည်ကိုလည်း စဉ်းစားလိုက်မိသည်။

 

‘မ’ တို့အခန်းဆီမှ မီးမှိတ်၍သွားသည်။ ပြီးမှ မီးရောင်ပြာလဲ့လဲ့ကလေး လင်း၍လာပြန်သည်။ အိမ်ရှေ့တွင် ကားတစ်စီးသာဆိုက်ထားသည်ကို တွေ့ရသည်။ လူသံကား မကြားရတော့ချေ။ ကိုဘခက်သည် အခန်းဆီသို့ ခပ်ဖြည်း ဖြည်းလျှောက်ခဲ့သည်။ သူ့အခန်းမှာ နောက်ဖေးစတိုခန်းတစ်ခုနှင့် ကပ်လျက်ရှိသည်။ စတိုခန်းနောက်တွင် မီးဖိုဆောင်သာရှိတော့သည်။ ကိုဘခက်နေသောအခန်းမှာ အိမ်ရှေ့လှေကားပေါက် မှဝင်လည်း ရသည်။ ဘေးတံခါးမှဝင်၍ လည်း ရသည်။

 

ထို့ကြောင့်လည်း ကိုဘခက် ဘေးပေါက်မှထွက်၍ ဘေးပေါက်မှ ပြန်ဝင်ခဲ့ ခြင်းဖြစ်သည်။ ကိုဘခက်သည် အပေါက်ဝသို့ ဝင်မည်အပြုတွင် စတိုခန်းဘေးဆီမှ တိုးတိုးအသံကလေးများကို ကြားလိုက်ရသည်။ ကိုဘခက်သည် ခြေလှမ်းကို အသာကြွ၍နင်းလိုက်လျှင် သူ့အခန်းတံခါးကို ကွယ်၍ကြည့်လိုက်သည်။ စတိုခန်းဘေးတွင် မည်းမည်းသဏ္ဌာန် နှစ်ခုကို မြင်နေရသည်။

 

“ဂျော်နီ...ကိုယ့်ကို ဒီလိုမလုပ်ပါနဲ့ ကွယ်”

 

ကိုဘခက်သည် လေသံမျှကြားရသော အသံရှင်ကို ရုတ်တရက် ဝေခွဲ၍မရနိုင်အောင် ရှိတော့သည်။ ဂျော်နီ...ကိုယ်ပြောတာ မရဘူးလား၊ လွှတ်ပါကွာ။ လက်ကို ကိုင်မထားပါနဲ့၊ ကိုယ်ကြောက်တယ်...သိလား”

 

“အိုကွာ...မော်ကလည်း ဘာကြောက် တာလဲ။ မော့်ကို ကိုယ်ချစ်တယ် သိလား”

 

“ဟင့်အင်း...ဟင့်အင်း၊ မော်ကြောက်တယ်၊ ချစ်ရင် နောက်မှပြော...”

 

နောက်နေ့အထိမစောင့်နိုင်ဘူး၊ ခုပြောမယ်၊ မော်ကိုယ့်ကိုချစ်လားဟင် ...ပြောစမ်း၊ ကိုယ်ကဖြင့် မော့်ကိုချစ်ရ တာ ရူးတော့မယ်။ ကဲ...”

 

“အို...”

 

ကိုဘခက်သည် ဆက်၍နားမထောင် ရဲတော့ပေ။ အခန်းတံခါးကို တအား ဆောင့်၍ပိတ်လိုက်သည်။ ထိုခဏပင် မော်၏အလန့်တကြား အော်သံကလေးသဲ့သဲ့ကို ကြားလိုက်ရသည်။

 

“အို...လွှတ် ဂျော်နီ ... မော်သွားတော့ မယ်၊ ဂွတ်နိုက် ... ”

 

စတိုခန်းတံခါးကို ပိတ်လိုက်သော အသံကို ကြားလိုက်ရသည်။  ကိုဘခက်သည် ခုတင်ပေါ်သို့ ခြေပစ် လက်ပစ် လှဲလိုက်သည်။ သူ့မျက်လုံးထဲတွင်ကား ဘောင်းဘီဖင်ကျပ်နှင့် ရာမဇာတ်ထဲမှ မျောက် ကလေးကိုသာ မြင်ယောင်နေမိတော့သည်။  မော်သည် အခန်းတွင်းသို့ ခပ်ဖြည်း ဖြည်းဝင်လာခဲ့သည်။ သူ့ရင်ထဲတွင် တထိတ်ထိတ်ခုန်နေသည်။ အခန်းဝသို့ ရောက်သည့်တိုင်အောင် ရုတ်တရက် မဝင်ရဲပေ။

မွန်နှင့် ‘မ’တို့၏ အရိပ်အခြည်ကို ကြည့်လိုက်သည်။ ပြီးမှ အခန်းတွင်းသို့ ခြေကို ခပ်ဖော့ဖော့နင်းကာ ဝင်ခဲ့သည်။

 

အိပ်ရာပေါ်တွင် ခြေချလိုက်သောအခါ သူ့ရင်အုံကလေးမှာ ကြွချည် နိမ့်ချည် ဖြစ်နေသည်။ မောသလိုလို ဟာသလိုလိုရှိနေသည်။ ငိုချင်သလိုလည်း ဖြစ်မိသည်။ မော်သည် သူ့စိတ်ကိုသူ ငြိမ်အောင် ထိန်းလိုက်သည်။ မွန်သည် ခြင်ထောင်ကို ဆွဲ၍မလိုက် ပြီးလျှင် မော့်ကိုကြည့်လိုက်သည်။ မော်က ခေါင်းမြီးခြုံ၍ တစ်ဖက်သို့ စောင်းအိပ်လိုက်သည်။

 

“ ‘မ’ ရေ မင်း မနေ့ညက ဘယ်ပျောက် နေလဲ” ‘မ’သည် သူ့အတွေးနှင့်သူ နစ်မျောနေ ရာမှ မွန့်ဘက်သို့ ငဲ့၍ကြည့်လိုက်သည်။

 

“‘မ’ အထဲမှာနေရင်း မူးနောက်နောက် ရှိတာနဲ့ ပန်းခြံထဲဆင်းပြီးနေတာ”

 

“အမယ်...မော်သိတယ်၊ ဆရာ ကိုဘခက်နဲ့ အပြင်မှာ စကားပြောနေ တာမဟုတ်လား”

 

မော်သည် စောင်ကိုလှပ်ရင်း ခေါင်းထောင်၍ မေးလိုက်သည်။ ‘မ’ ကမူ ခပ်အေးအေးပင် ပြန်၍ဖြေလိုက်သည်။

 

“အေးလေ... ဟုတ်သားပဲ၊ ဆရာ ကိုဘခက်နဲ့တို့ ဂီတအကြောင်း ဆွေးနွေး နေတာ”

 

“ဂီတအကြောင်း ဆွေးနွေးနေတယ်ဆိုတော့ တော်သေးတာပေါ့နော်”

 

မော်က ခပ်ငေါ့ငေါ့လေသံဖြင့် ‘မ’ ကို နောက်လိုက်သည်တွင် မွန်က ဝင်၍ ဟန့်လိုက်သည်။

 

“မော် ... မင်း အရူးချေးပန်းစကားတွေ လျှောက်မပြောစမ်းနဲ့။ ‘မ’ဟာ မင်းထက် အသက်လည်းကြီးတယ်၊ စဉ်းစားဉာဏ် လည်းရှိတယ်။ မင်းစကားပြောရင် သတိထားပြော”

 

မော်သည် စောင်ကို ခေါင်းမြီးခြုံ၍ ပြန်လှဲချလိုက်သည်။

 

‘မ’ သည် မော့်ကို စိတ်ဆိုးရန်ပင် သတိမရနိုင်ပေ။ သူ့အတွေးနှင့်သူ ဝင်စားနေမိသည်။

 

“မွန် ...”

 

“ဟင်...”

 

“မွန်တို့ လက်ထပ်ခါနီးပြီနော်”

 

“ရှေးလဆန်းပဲ၊ ဘာလိုတော့လဲ”

 

‘မ’ သည် မွန်၏ရှေ့ရေးကို အဆုံးအစ မရှိ တွေးနေမိသည်။ မွန့်အတွက် သူပေး လိုသော အကြံဉာဏ်ကို ပေးသင့် မပေးသင့် စဉ်းစားနေစဉ်မှာပင် မော်က ‘မ’ စကားကို ဖြတ်လိုက်သည်။

 

“ဟေ့ ... မွန်၊ မွန့်ကို မော်တစ်ခုမေးမယ်၊ ဗစ်တာ့ကို မင်းချောတယ်လို့ ထင် သလား”

 

“ဘာလဲ... မင်းသိချင်တဲ့ ချောတယ် ဆိုတာ”

 

“ချောတယ်ဆိုတာ ကြည့်ကောင်းတာကို ပြောတာပေါ့။ ကိုယ့်မျက်စိထဲမှာ လှပြီး ချစ်စရာကောင်းတာဟာ ချောတာ ပေါ့”

 

“ကဲ... မင်း ဘယ်လိုထင်လဲ၊ ဗစ်တာ့ကို မင်း ချောတယ်ထင်သလား၊ အရုပ်ဆိုး တယ်ထင်သလား။ မွန်.... စိတ်မဆိုးကြေးနော်၊ မော်တော့ ဗစ်တာ့ကို ချောတယ်လို့ မထင်ဘူး။ နှာခေါင်းပွတယ်၊ နဖူးကျယ်လွန်းတယ်၊ မျက်ခုံးထူတယ်။ ကြည့်ရတာ တစ်မျိုး ကြီးပဲ၊ ကြည့်လို့မရဘူး”

 

“အေး ... မွန်ကတော့ ဒါကိုက ယောက်ျားပီသတယ်လို့ ထင်တယ်။ ဒါပေမဲ့ မွန် သူ့ကိုချစ်တာ ရုပ်ချောလို့ မဟုတ်ဘူး။ ရုပ်ဟာကြည့်မရအောင် အရုပ်မဆိုးရင် ပြီးတာပဲ။ ယောက်ျား တစ်ယောက်ကို ရွေးတဲ့နေရာမှာ ဥပမာ အရည်အချင်းသုံးခုလောက်ကို မူတည် ပြီးရွေးရင် ရုပ်ဟာ တတိယပဲ။ အရေး ကြီးတာက ကိုယ်နဲ့ စိတ်သဘောထား ချင်း တိုက်ဆိုင်ဖို့ရယ်၊ ဒီယောက်ျားကို ယူလိုက်တဲ့အတွက် ကိုယ့်အဆင့်အတန်း ဟာ ခုထက် မနိမ့်ကျရဘူး။ ဒါထက်သာ မြင့်လာရမယ်ဆိုတဲ့ အာမခံချက်ရှိရမယ်။ ပြီးတော့ ကိုယ့်လွတ်လပ်ခွင့်ကို လိုက် လျောမယ့်လူ ဖြစ်ရမယ်။ ဒါဟာ အရေး ကြီးဆုံးပဲ၊ ဒီလိုလူမျိုးကိုယူမှ ကိုယ့်ဘဝ ဟာ စိတ်ချမ်းသာမယ်”

 

မော်သည် နေရာမှထ၍ ထိုင်လိုက်သည်။  မွန်ပြောသောစကားများမှာ သူ့အသိ နှင့် သဘောပေါက်၍ မရရှာပေ။ မော်သည် မွန်၏ခုတင်ခြေရင်းတွင် ဝင်၍ထိုင်လိုက်ပြီးလျှင် ခြင်ထောင် ဆွဲတင်လိုက်သည်။

 

“ဟုတ်တယ် မွန်၊ မွန်ပြောတာတွေကို မော် အားလုံး သဘောမပေါက်ပေမယ့် မော်နားလည်တာကိုပြောမယ်။ ရုပ်ချောတယ်၊ မချောဘူးဆိုတာ မိန်းကလေးတစ်ယောက်အတွက် ကျိန်းသေတွက်လို့မရဘူး။ ဂျော်နီ့ကို မော်လေ အစက လုံးလုံးကြည့်မရဘူး။ ပါးစပ်ကပြဲသေး၊ မျက် ပေါက်က မှေးသေး၊ ပြီးတော့လည်း ပြောင်စပ်စပ်နဲ့ သိပ်မုန်းစရာကောင်းတာပဲ။ ခုတော့ ဂျော်နီဟာလေ...”

 

“ဟဲ့... မော်၊ နင် ဘယ်လိုဖြစ်တာလဲ၊ ဒုက္ခတော့ဖြစ်ကုန်ပြီ ‘မ’ ရေ၊ ‘မ’.. မင်းညီမကို လာမေးစမ်း”

 

မွန်သည် မော့်၏ပခုံးကလေးကို လှုပ်ခါရင်း မေးလိုက်လေသည်။

 

မော်က သူ့မျက်နှာကို လက်ဝါးလေးဖြင့်အုပ်၍ ရယ်နေတော့သည်။ ‘မ’ သည် သက်ပြင်းကို အသာချလိုက်မိသည်။

 

“ဘာမေးစရာလိုလဲ မွန်၊ ဂျော်နီ့ကို သူကြိုက်နေတာပဲဖြစ်မှာပေါ့”

 

မော်က ရုတ်တရက် ခေါင်းကိုမော့ လိုက်ပြီး ‘မ’ ကို ဒေါသဖြင့် ကြည့်လိုက်သည်။

 

ဆက်လက်ဖော်ပြပါမည်။