အရိုင်းစံပယ်

အောင်လင်း

၂၄-၁၀-၂၀၂၂ ရက်မှအဆက်


မော့်မျက်နှာသည် ခါတိုင်းလိုမဟုတ်။ ‘မ’ ကိုသာ ဒေါသဖြင့်ကြည့်လိုက်သည်။ သို့ကြည့်နေရင်းမှလည်း     နှုတ်ခမ်းမဲ့ လိုက်သည်။    မော်သည် စက်ဆုပ်ရွံရှာ စရာကောင်းသော အရာတစ်ခုကို မြင်နေ ရသူကဲ့သို့ ‘မ’ ကို မဲ့ရွဲ့၍ကြည့်နေသည်။ မော်၏အကြည့်ကိုပင် ‘မ’ မှာ မခံမရပ် နိုင်အောင်ရှိတော့သည်။
မော်သည်  ‘မ’ ကို တစ်ချက်မျှ ရှုံ့မဲ့ ကြည့်လိုက်ပြီးလျှင်    အပေါ်ထပ်သို့  ခြေကိုဆောင့်၍တက်သွားသည်။   ‘မ’ သည်  မော်နောက်သို့  အပြေးကလေး လိုက်သွားခဲ့သည်။ ကိုဘခက်ကမူ အခန်း တွင်းသို့သာ   ခေါင်းငိုက်စိုက်ချ၍ ဝင်ခဲ့ သည်။
‘မ’ သည် အိပ်ခန်းတွင်းသို့ မရဲတရဲ ဝင်ခဲ့သည်။    သူ့ရင်ထဲ၌ကား လိပ်ပြာ တောင်ပံခတ်သလို     တဖျပ်ဖျပ်ခါ၍ နေတော့သည်။ မော်ကမူ မျက်စိကိုမှေး၍ လှဲနေလိုက်သည်။
‘မ’ ဝင်လာသည်ကို    သိသော်လည်း မျက်လုံးကို    ဖွင့်၍ပင်မကြည့်။    ဂရု              ထားဟန်လည်းမရှိ။   ဘလှသန်းထွန်း လက်ဆောင်ပေးထားသော ဓာတ်စက် ငယ်မှ ခပ်ကြွကြွတေးသံကို နားထောင် ရင်း ဒူးကို လှုပ်ယမ်း၍နေတော့သည်။
‘မ’ သည် မော့်ကိုရှင်းပြချင်သော်လည်း စကားကိုပင် မစရဲအောင်ရှိတော့သည်။ လက်ပူးလက်ကြပ် မြင်တွေ့သွားသော အဖြစ်အပျက်တစ်ခုကို    ဘူးခံ၍   ငြင်း၍ လည်းမရ။    ရှင်းပြ၍လည်း သဘော ပေါက်မည်မဟုတ်။ မော်သည် ကိုဘခက် လိုလူတစ်ယောက်ကို   ‘မ’ အထင်ကြီး သလို ကြီးချင်မှကြီးမည်။  ‘မ’ နားလည် သလို နားလည်ချင်မှလည်း နားလည် မည်။
ကိုဘခက်လို ဂီတဆရာတစ်ယောက် ၏အချစ်ကို    လက်ခံမိသည့်အတွက် မော့်အမြင်တွင် အထင်သေးစရာ ဖြစ်ချင် လည်းဖြစ်မည်။ ဤသည်ကို သဘော ပေါက်အောင် ရှင်းပြရန်ကား မလွယ်လှ ပေ။
မော်သည် ‘မ’ ကို တစ်ချက်မဲ့၍ကြည့် လိုက်ပြီးလျှင်    ဘေးစားပွဲပေါ်မှ ဓာတ်ပုံ အိတ်ကိုဆွဲ၍ အခန်းတွင်းမှ ခပ်ဆောင့် ဆောင့် ထွက်သွားတော့သည်။
‘မ’ သည် မော်ထွက်သွားသောအပေါက် ဆီသို့ စိုက်ကြည့်နေပြီးမှ      သက်ပြင်းကို လေးတွဲ့စွာ ချလိုက်သည်။
ဤမီးစသည်    တစ်နေ့ ‘မ’ ရင်ထဲတွင် ဝင်၍တောက်တော့မည်ကို     ‘မ’   က သိထားသော်လည်း ကြိုတင်ငြှိမ်းသတ် ရန်မူကား အစွမ်းမရဲရှိတော့သည်။

[ ၁၂ ]
ကိုခင်မောင်ကြည်သည်     မော်၏ စကားကို နားထောင်ရင်း မတွေးတတ် အောင်ရှိတော့သည်။ ရုပ်ရှင်ရုံကအထွက် တွင်    မော်က အရေးကြီးသော စကား တစ်ခွန်းပြောစရာရှိသည်ဟု ဆိုသည်။ အမှန်၌ ...    ကိုခင်မောင်ကြည်သည် ရုပ်ရှင်ကြည့်ရန် အစက မရည်ရွယ်ခဲ့ပေ။ သို့မရည်ရွယ်သော်လည်း      ရုံဝတွင် မော်တို့အသိုက်နှင့်     သွား၍တွေ့သည်။ မော်တို့အသိုက်      ဆိုသည်မှာလည်း မော်နှင့် ဘလှသန်းထွန်း၊ နောက် ဂရေစီ နှင့်  ယောက်ျားဖော်တစ်ယောက်သာ  ဖြစ်သည်။ 
ကိုခင်မောင်ကြည်ကို    တွေ့လျှင် မော်သည် ထိုစကားဖြင့် ရုပ်ရှင်အပြခိုင်း သည်။ ကိုခင်မောင်ကြည်က လက်မှတ် လေးစောင်ဝယ်ပေးမည်ဟု   ဆိုသည်ကို ပင် မော်က လက်မခံ။ ကိုခင်မောင်ကြည် ပါကြည့်ရမည်ဟု    အကျပ်ကိုင်တော့ သည်။
“ကိုကိုကြည်ကို    အရေးကြီးတဲ့စကား တစ်ခုပြောမယ်။    ကိုကိုကြည်ပါ  အတူ ကြည့်ပါ။   အထွက်ကျ မော်တို့ လူစုခွဲပြီး တစ်နေရာသွားကြတာပေါ့”
မော်ပြောမည့်စကားကို ခင်မောင်ကြည် စိတ်ဝင်စားသည်။     ထို့ကြောင့်လည်း ရုပ်ရှင်ကို မကြည့်ချင်ဘဲ     ဝင်၍ကြည့် ရတော့သည်။ ရုပ်ရှင်ကို ဝင်ကြည့်နေရ သော်လည်း     ကိုခင်မောင်ကြည်သည် စိတ်မပါချေ။ မော်ပြောမည့်စကားကို သာ စိတ်ဝင်စားနေသည်။
ရုပ်ရှင်ရုံမှထွက်သောအခါ    မော်က သူ့အသိုက်နှင့်ခွဲ၍ ကိုခင်မောင်ကြည်၏ ကားနှင့် လိုက်ခဲ့သည်။ ဘလှသန်းထွန်း ကမူ ကျေနပ်ပုံမရချေ။ ကားထွက်ခါနီး ၌ပင် မော်တို့ကားနားသို့လာ၍ စကားနာ ထိုးသွားသေးသည်။
“ ည ဘယ်မှာရှိမလဲ။     လင်းယုန်ပျံ ဟိုတယ်မှာ ကိုယ်တို့ရှိမယ်။ လာခေါ် ရမှာလား”
“နေပါစေ၊ ကနေ့ မော် အပြင်မထွက် တော့ဘူး။ ကိုကိုကြည်နဲ့ ကိစ္စရှိတယ်”
ဘာလဲ ... သိပ်လျှို့ဝှက်တဲ့ကိစ္စလား၊ ကိုယ်မသိစေချင်ရင်လည်း မလာတော့ပါ ဘူးကွာ။    ဒါပေမဲ့ အဖော်ကွဲတဲ့လူဟာ ကျားကိုက်ခံရတတ်တယ်နော်”
ဘလှသန်းထွန်းက ခပ်ချိတ်ချိတ်ပြော သွားသော်လည်း ကိုခင်မောင်ကြည်ကမူ မကြားချင်ယောင် ဆောင်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ့အတွက် တစ်ချက် ခုတ် နှစ်ချက်ပြတ်ဆိုသလို သည်ညအဖို့ ကပွဲတွင် အဖော်ရသည်ကပင် ကျေနပ်မိ သည်။
အမှန်၌ ခင်မောင်ကြည်သည် ကနေ့ ည သီးသန့်ကပွဲတစ်ခုအတွက်    အတွဲ လိုက် လက်မှတ်နှစ်စောင်ကို    ဝယ်ထား သည်။ အစက ပက်ဂီကြိုင်ကို ရည်မှန်း ထားသည်။ ပက်ဂီကြိုင်ကို မတွေ့ရသော အခါ ကိုခင်မောင်ကြည်မှာ အတော်ပင် စိတ်ပျက်မိသည်။   ပက်ဂီကြိုင်သည် အကဝိုင်းတွင် ကျော်ကြားသူဖြစ်သည်။
အထူးသဖြင့် နိုင်ငံခြားသားများနှင့် အတွဲများသည်။  နိုင်ငံခြားသားများ အသည်းစွဲ ပက်ဂီကြိုင်ကို ကြက်မြီး ပါတီတစ်ခုတွင် ကိုခင်မောင်ကြည်နှင့် မိတ်ဖွဲ့ခဲ့ရသည်။   ထိုစဉ်ကပင် ကိုခင် မောင်ကြည်သည် ပက်ဂီကြိုင်အား သဘောကျခဲ့သည်။ အမေရိကန်ကြိုက် ပေါင်တံရှည်     သွယ်သွယ်ကားကား ထွားထွားယားယားရှိလှသော    ပက်ဂီ ကြိုင်အား   တစ်ခါတွဲကလိုက်ရပြီးလျှင် နောက်တစ်ကြိမ်တွေ့ဖို့ အခွင့်အရေးကို သာ စောင့်နေမိသည်။
ယခု ပက်ဂီကြိုင်နှင့် ချိန်းထားပြီးမှ လွဲရသောအခါ ကိုခင်မောင်ကြည် စိတ် ထဲတွင် မခံချိမခံသာ ဖြစ်မိတော့သည်။
ထိုအချိန်မျိုးတွင်   မော်နှင့်တွေ့ရ သဖြင့် ကိုခင်မောင်ကြည်အဖို့ အနည်းငယ် သက်သာရာရလေသည်။
ကိုခင်မောင်ကြည်မှာ သူ့အတွေးနှင့် သူ   ကားကို   မောင်းလာသော်လည်း မော်က ဘေးမှ သီချင်းတအေးအေးနှင့် လိုက်၍လာသည်။   ကားကလေးသည် ကုက္ကိုင်းအနီးမှ ခြံတစ်ခြံထဲသို့ တိုးဝင် လိုက်လေသည်။
“ဘယ်သွားမှာလဲ ကိုကိုကြည်”
မော်က   သူရောက်ဖူးသောနေရာဖြစ် သော်လည်း မသိဟန်ဆောင်၍ မေးလိုက် သည်။ ကိုခင်မောင်ကြည် ဝင်လာခဲ့သော နေရာမှာ ကုက္ကိုင်းလမ်းဆုံမရောက်ခင် ခြံတစ်ခြံဖြစ်သည်။
“ဒါက မစ္စတာရှားမားတို့ခြံပဲ။   သူ့ အဖေက ကန်ထရိုက်တာ။ သူက အင်ဂျင် နီယာ။  ကိုယ်တို့နဲ့  ကျောင်းတုန်းက တစ်ဆောင်တည်းပဲ။ အခုတော့ ဒီကောင် တွေက သိပ်ကြီးပွားနေတာ။    နောက် ဆောက်တဲ့ အဆောက်အအုံတွေဆိုရင် သူတို့ တော်တော်များများ   ဆောက်ရ တယ်။ ဟိုရောက်တော့ မော်တွေ့ရမယ်။ ကပွဲဥယျာဉ်ဟာ သိပ်လှတာပဲ”
ဒါဖြင့် မော်တို့တော့ မရောက်ဖူးတဲ့ နေရာကို  ရောက်ရဦးမှာပေါ့နော် ...ဇိမ်ပဲကွ
မော်သည်    ကျေနပ်အားရဟန်ဖြင့် လက်ခုပ်တီးလိုက်သည်။ 
ကိုခင်မောင်ကြည်က သီချင်းတစ်ပုဒ် ကို ခပ်တိုးတိုး ဆိုလိုက်လေသည်။
Seventeen Seventeen
Cool and solid seventeen
Young enough to dance and sing.
သီချင်း၏အဓိပ္ပာယ်မှာ   ဆယ့်ခုနစ် အရွယ် ကျစ်လျစ်အေးမြပုံ၊ အကနှင့် အဆိုအတွက်    အသက်ငယ်သေးပုံ၊ အချစ်၏ ကြင်နာမှုအတွက် ရပ်တည်နိုင် စွမ်းမရှိပုံ စသည်တို့ကို ဖွဲ့ဆိုထားသော သီချင်းတစ်ပုဒ်ဖြစ်သည်။  မော်သည် ကိုခင်မောင်ကြည်ဆိုသော  သီချင်းကို နားထောင်ရင်း နှုတ်ခမ်းကလေးစူလာ သည်။
“မကြိုက်ပေါင်၊     ဒီသီချင်းကို  မော် သိပ်မုန်းတာပဲ။  တကယ့်ဘဝနဲ့  မအပ် ဘူး။  ခုခေတ်က ဆယ့်ခြောက်နှစ်ဆိုရင် ဘဝအကြောင်းကို    အားလုံးနားလည်  နေကြပြီ။ ကတယ်ဆိုတာလည်း တကယ် တော့  မကောင်းတဲ့အလုပ်မှ မဟုတ်ဘဲ။ ဒါကို ငယ်တဲ့လူရော မကရဘူးလား”
မော်သည်    ခင်မောင်ကြည်ဆိုသော သီချင်းနှင့် ရန်ဖြစ်နေပြန်သည်။ ကိုခင် မောင်ကြည်က ပြုံးလိုက်ရင်း အိတ်ထဲမှ စီးကရက်ဘူးကို ထုတ်လိုက်သည်။ မော် က အလိုက်သိစွာ စီးကရက်ဘူးကိုယူ၍ ကိုခင်မောင်ကြည်အတွက်   တစ်လိပ် မီးညှိလိုက်သည်။ ပြီးတော့လည်း ပါးစပ် တွင် တပ်၍ပေးလိုက်သည်။
ပြီးမှ  သူ့အတွက်  တစ်လိပ်ညှိပြီး လူကြီးဟန်ဖြင့် ဟန်ပါပါခဲလိုက်သည်။
မစ္စတာရှားမားတို့ခြံထဲသို့ ဝင်လာ သောအခါ ကိုခင်မောင်ကြည်ပြောသည့် အတိုင်းပင်     မော်သည်အံ့ဩဝမ်းသာ ဖြစ်နေသည်။ သီးသန့်ကပွဲဖြစ်သည့် အတိုင်း လူသိပ်များပုံမရချေ။ သို့သော် ခြံဘေးတွင် ဆိုက်ထားသောကားများမှာ တစ်သောင်းကျော်ကားသည် အညံ့ဆုံး လောက်ဖြစ်သည်။ ကိုခင်မောင်ကြည် သည် ကားကို တစ်နေရာတွင်ရပ်ပြီးလျှင် ဦးစွာဆင်းလိုက်သည်။   ပြီးမှ မော့်ကို တံခါးဖွင့်ပေးသည်။  မော်က ကိုခင်မောင် ကြည်၏လက်ကို တွဲ၍လိုက်ခဲ့သည်။ ကိုခင်မောင်ကြည်နှင့် မော်တို့ ဝင်သွား သောအခါ အပေါက်ဝမှ မစ္စတာရှားမား ကပင် ဆီးကြိုဧည့်ခံလေသည်။
“ဟဲလို ... ကိုခင်မောင်ကြည်၊ ကြွပါ ခင်ဗျာ .... ကြွပါ။ ပက်ဂီတစ်ယောက်ရော မပါဘူးလား” 
“မပါလာဘူးဗျာ၊     ပက်ဂီကိုစောင့် နေတာ ချိန်းတဲ့နေရာမှာမရှိဘူး။ စထရင်း ဟိုတယ်နဲ့   ကလပ်တစ်နေရာရာမှာ ရောက်နေရောပေါ့။ ဪ .. မစ္စတာ ရှားမားကို မိတ်ဆက်ပေးရဦးမယ်။ သူက ထရီဆာကျော်ဒင်၊     မြန်မာနာမည်က တော့ မော်တဲ့။ ဝတ်လုံတော်ရ ဦးကျော်ဒင် ရဲ့ အငယ်ဆုံးသမီးလေ၊     မော်...သူက မစ္စတာရှားမား”
ကိုခင်မောင်ကြည်သည်   မိတ်ဆက် ပေးလိုက်သော်လည်း နှစ်ယောက်သား မှာ ထုံးစံအတိုင်း လက်ဆွဲနှုတ်ဆက်ခြင်း မပြုဘဲ ပြုံးစိစိဖြင့် ကြည့်ကြသဖြင့် ကိုခင်မောင်ကြည်ပင်    ကြောင်၍သွား သည်။
ဆက်လက်ဖော်ပြပါမည်။