အရိုင်းစံပယ်

အောင်လင်း

၅-၁၀-၂၀၂၂ ရက်နေ့မှအဆက်
ဗစ်တာနှင့် အိုင်အက်စီအထိ ဘာသာတူဖြစ်သော် လည်း နောက်ပိုင်းတွင် ကိုယ်သန်ရာဘာသာကို ဆက်၍ လိုက်ခဲ့ကြသည်။ ဗစ်တာက ဘီအက်စီ အင်ဂျင်နီယာဘက်သို့ ဆက်လိုက်ခဲ့သည်။ ကိုခင် မောင်ကြည်က ရိုးရိုးဘီအက်စီကိုသာယူပြီးနောက် နိုင်ငံခြားတွင် နောက်ထပ်ဒီဂရီတစ်ခုယူရန် ကြိုးစား ခဲ့သည်။
အမှန်တော့ ကိုခင်မောင်ကြည်သည် ယခုအချိန် လောက်နှင့် ပြန်လာလိမ့်ဦးမည်ဟု ‘မ’ စိတ်ထဲတွင် မမျှော်လင့်ခဲ့ပေ။ အချိန်များသည် ကုန်လွယ်လှ သည်။ တကယ်ဆိုတော့လည်း လေးနှစ်ဆိုသော အချိန်သည် ကုန်ဆုံးပြီးမှ ပြန်တွေးကြည့်လျှင် ဘာမျှကြာလိုက်သည်ဟု မထင်လိုက်ရပေ။ ‘မ’ သည် ကိုခင်မောင်ကြည် ပြန်ရောက်သည်ဆိုသည်နှင့် တစ်ပြိုင်နက် နောက်ကြောင်းများကို ပြန်၍တွေး လိုက်မိသည်။ မော်က ‘မ’ ၏လက်ကို အတင်းဆွဲ လိုက်သည်။ 
“လာလေ... ‘မ’ ရဲ့၊ ဘာတွေများ တွေးနေတာလဲ၊ လာပါဆို”
မော်သည် ‘မ’ ၏လက်ကိုဆွဲ၍ အောက်ထပ်သို့ အတင်းခေါ်သွားလေသည်။
‘မ’ သည် မော်ဆွဲသည့်နောက်သို့ လိုက်ခဲ့သည်။ တစ်ဆစ်ချိုးလှေကားအကွေ့သို့ ရောက်သောအခါ ဧည့်ခန်းအလယ်တွင် ဦးကျော်ဒင်နှင့် ဒေါ်ခင်မျိုးသန့် တို့နှင့် စကားပြောနေသော ကိုခင်မောင်ကြည်ကို တွေ့ရသည်။
မော်သည် အရင်ပြေးဆင်းနှင့်ပြီးလျှင် ကိုခင် မောင်ကြည်အား နှုတ်ဆက်လိုက်သည်။
“ဟေး...ကိုကိုကြည်”
ကိုခင်မောင်ကြည်သည် စကားကိုဖြတ်လိုက်ပြီး လျှင် မော့်ကို တအံ့တသြကြည့်လိုက်သည်။
ပြီးမှ လက်နှစ်ဖက် ရှေ့သို့ဆန့်တန်းလိုက်ပြီးလျှင် မော့်ကို ဆီးကြိုလိုက်သည်။
မော်ကလည်း ကလေးငယ်ကဲ့သို့ ကိုခင်မောင်ကြည် ရှိရာသို့ အပြေးသွားလိုက်သည်။
နှစ်ယောက်ဆုံမိသောအခါ   ကိုခင်မောင်ကြည် သည် မော့်ကိုဖက်၍ မြှောက်လိုက်ပြီးလျှင် ပတ်ချာ လှည့်လိုက်သည်။ သို့လှည့်လိုက်ရင်း အသံဝါကြီး ဖြင့် ရယ်လိုက်ပြန်သည်။
လေးငါးပတ်မျှ      လှည့်လိုက်ပြီးသောအခါ ကိုခင်မောင်ကြည်သည်     မော့်ကို   အောက်သို့ ပြန်ချလိုက်ပြီးလျှင် ခြေဆုံးခေါင်းဆုံး ကြည့်လိုက် သည်။
“ဟေ့ ... မော်က တကယ့်အပျိုကြီးဖားဖားကြီး ဖြစ်နေပါလားဟင်။   အရင်တုန်းက   နှပ်ချေးတွဲ လောင်းနဲ့၊ ခုတော့ တကယ့်အပျိုကြီးပဲဟေ့။ လမ်း တွေ့ရင် မှတ်မိမှာတောင်မဟုတ်ဘူး”
ကိုခင်မောင်ကြည်သည် ပြောရင်း အသံဝါကြီးဖြင့် ရယ်လိုက်ပြန်သည်။
မော်က ကိုခင်မောင်ကြည်၏ လက်မောင်းကို ဖက်တွယ်ထားလိုက်ရင်း ပြန်၍ ရန်တွေ့လိုက်သည်။
“အမယ်...မော့်ကိုပြောတယ်၊ ကိုကိုကြည်ကတော့ တကယ့်အမေရိကန်ကြီးကျနေတာပဲ။ မြန်မာစကား တောင်မပီတော့ဘူး”
ကိုခင်မောင်ကြည်သည် မော်၏ခေါင်းကလေးကို ခပ်ဖွဖွပုတ်လိုက်ရင်း လှေကားမှ တစ်လှမ်းချင်း လျှောက်လာသော ‘မ’ ကို လှမ်းကြည့်လိုက်သည်။
ကိုခင်မောင်ကြည်၏အကြည့်ကြောင့် ‘မ’သည် ခြေလှမ်းများပင် တုံ့၍သွားလေသည်။
ကိုခင်မောင်ကြည်ကမူ ‘မ’ ကို ကြည့်ရင်း ပြုံးလိုက်သည်။ ‘မ’ ရှိရာသို့ တစ်လှမ်းချင်း လျှောက် ၍လာသည်။
ပြီးမှ ‘မ’ ၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ရင်း ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
“ဟေး ... မိရွှေမကတော့  သိပ်မပြောင်းလဲဘူး။ အရင်လို လုံးလုံးကျစ်ကျစ်ပဲနော်။ အရပ်နည်းနည်း ရှည်ထွက်လာတယ်။ ‘မ’ ဘာလို့ ကိုယ့်ဆီ စာမရေး လဲ”
‘မ’ သည် ရှက်အမ်းအမ်းဖြင့် နောက်သို့ တစ်လှမ်း မျှဆုတ်လိုက်မိသည်။
သည်တော့မှလည်း    ကိုခင်မောင်ကြည်သည် သူ့လက်များကို  ရုပ်လိုက်သည်။  
‘မ’ ကမူ  ဣန္ဒြေရရပင် ပြန်၍နှုတ်ဆက်လိုက်သည်။
‘မ’ ကိုကိုကြည်ကို အမှတ်ရပါတယ်။ စာမထည့် တာက စာမေးပွဲနီးနေလို့ မထည့်တာပါ။ စာမေးပွဲက ကနေ့မှပဲပြီးတယ်”
“ဪ... ဒါဖြင့်လည်း  ခွင့်လွှတ်ရတာပေါ့ဗျာ။ မိရွှေမကတော့ ညီအစ်မသုံးယောက်ထဲမှာ တစ်ပုံ စံပဲ။ ငယ်ငယ်ကလည်း လူကြီးဆန်တယ်၊ အခု လည်း လူကြီးလိုပဲ။ မဟုတ်ဘူးလား အန်တီ။ အန်တီ့ သမီးတွေထဲမှာ  အန်တီနဲ့မတူတာ  မိရွှေမတစ် ယောက်ပဲ”
ကိုခင်မောင်ကြည်သည် ဒေါ်ခင်မျိုးသန့်ဘက်သို့ လှည့်၍ပြောလိုက်ပြန်သည်။
ဒေါ်ခင်မျိုးသန့်က   ကိုခင်မောင်ကြည်ပြောလိုက် သောစကားကို  အနူးအညွတ်  ထောက်ခံလိုက်လေ သည်။
“ဟုတ်တယ်ကွဲ့၊   ‘မ’   တစ်ယောက်ကတော့ သူ့အဖေဘက်ပါတယ်။  ခုထိ  လူတောထဲကို မဝင် သေးဘူး”
ဦးကျော်ဒင်က သတင်းစာဖတ်နေရာမှ ဒေါ်ခင်မျိုး သန့်ကို လှမ်း၍ကြည့်လိုက်သည်။
“ဟ ... ငါ့တူတာ ကောင်းတာပေါ့၊ မင်းနဲ့တူရင် ခုကတည်းကိုက  ဖဲဝိုင်းတို့၊  မြင်းဝိုင်းတို့၊  ကပွဲတို့ ရောက်နေရောပေါ့”
“အမယ် ကပွဲရောက်တာ ဘာဖြစ်လဲ။ လူထဲ မတိုးတဲ့လူဟာ ဘယ်တော့မှ လူရာမဝင်ဘူး။ ကပွဲ ဆိုတာ မိတ်ရှာတဲ့နေရာရှင့်...သိရဲ့လား”
“မိတ်ရှာတဲ့နေရာဆိုရင်  ကောင်းတာပေါ့ဗျာ။ မိတ်လိုက်တဲ့နေရာဖြစ်နေမှ အဟမ်း”
“တော်စမ်း...  တော်စမ်း၊  ရှင်နဲ့စကားပြောလို့ အပေါက်မတည့်ဘူး။  မောင်ကြည်နှယ်... မင်းဦး လေးက လူ့ဂွစာကွဲ့”
ဒေါ်ခင်မျိုးသန့်သည်  ဦးကျော်ဒင်အား  စကား ဖြတ်၍  ကိုခင်မောင်ကြည်နှင့်  ဆက်၍ပြောလိုက် သည်။ ကိုခင်မောင်ကြည်ကလည်း ဒေါ်ခင်မျိုးသန့် နှင့် အချီအချညီအောင် စကားကို ပါးနပ်စွာ ပြောင်း လိုက်သည်။
“အန်ကယ်နဲ့   အန်တီတို့ရဲ့   ရန်ပွဲကလေးကို နားမထောင်တာကြာလို့ ကျွန်တော်ကတော့ ပြန်ပြီး အဆန်းဖြစ်နေတယ်။ ကဲ ... မော်နဲ့ ‘မ’ တို့ကို လက် ဆောင်ပေးရမယ်”
ကိုခင်မောင်ကြည်သည် သူ၏လက်ဆွဲသားရေ အိတ်ထဲမှ ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်ပြီး စားပွဲ ပေါ်သို့ တင်လိုက်သည်။
ပြီးမှ မော်နှင့် ‘မ’ အတွက် လက်ဆောင်များကို တစ်ခုစီ ဝေ၍ပေးလိုက်သည်။
“ရော့...ဒါကတော့   မော့်အတွက်   အင်္ကျီစရယ်၊ နားဆွဲရယ်၊ ဖဲပြားရယ်  နားဆွဲကနော် ဟောလီး ဝုဒ်မှာ   ခေတ်စားနေတဲ့   နားဆွဲကွ။ မြန်မာလို ရွှေသပျစ်ခိုင်လို့ခေါ်တယ်။   ကပွဲမှာဆွဲရင် သိပ်လှ တယ်။ မီးနဲ့ဆိုရင် အရောင်မျိုးစုံထွက်တယ်။ ‘မ’ တို့ကတော့ ကိုယ်က အကြောင်းသိပြီးသား။ ‘မ’ ဖို့ နာရီပုံလှလှလေး ရွေးဝယ်ခဲ့တယ်။ ‘မ’က ငွေရောင် မကြိုက်ဘူးဆိုတော့   ရွှေရောင်ကို    ရွေးဝယ် လာခဲ့တယ်။ ကိုယ့်ဆီကို စာမရေးပေမယ့် ကိုယ် ကတော့ အမှတ်ရပါတယ်ကွ ... မိရွှေမရဲ့”
ကိုခင်မောင်ကြည်  ‘မ’  ၏ပခုံးစွန်းကို ပုတ်လိုက် ရင်း  စလိုက်သည်။
‘မ’ ကမူ အလိုက်သင့်ပြီးရင်း ကိုခင်မောင်ကြည် ပေးသော လက်ဆောင်များကို ကိုင်၍ကြည့်နေမိ သည်။
“ဟေ့ ... မောင်ကြည်၊ အန်တီ့ဖို့ရော ... ငါမှာတာ မပါရင်တော့ အသိပဲ”
“ပါပါတယ် အန်တီရာ၊ ဘယ်မေ့မလဲ။ အန်တီ့ဖို့ ပလတ်စတစ်ဖဲထုပ်ပါတယ်။ အန်ကယ်ဖို့ ဆေးတံ၊ ကဲ ... ကျွန်တော်ပါတာ ကုန်ပြီ။ အန်တီတို့က ကော်ဖီလေး မုန့်လေး ကျွေးဖို့ကျန်တော့တယ်”
“အို...ဟုတ်ပါရဲ့၊  မော်တို့က  မေ့လို့ပါနော်။ မောင်အေးရေ...မောင်အေး၊ ကော်ဖီဖျော်ဟေ့ ... မုန့်ရောအစုံချဟေ့”
မော်သည် နောက်ဖေးခန်းသို့ ဝင်၍ စီစဉ်လိုက် သည်။   ကိုခင်မောင်ကြည်သည် ‘မ’ လက်ထဲမှ နာရီကိုယူလိုက်ပြီးလျှင် ‘မ’ ၏ ညာဘက်လက် ပေါ်တွင် ကပ်၍ကြည့်လိုက်သည်။
ပြီးမှ ‘မ’ ပတ်ထားသော နာရီအဟောင်းကို ဖြုတ် လိုက်ပြီး   သူဝယ်ထားသော   အသစ်ကို  ပတ်ပေး လိုက်သည်။
ကိုခင်မောင်ကြည်၏   အပြုအမူကြောင့် ‘မ’ မှာ မနေတတ်မထိုင်တတ် ရှိတော့သည်။
ကိုခင်မောင်ကြည်သည် ‘မ’ ကို အရိပ်တကြည့် ကြည့်နှင့် ကျေနပ်ဟန်ရှိနေသည်။
ဒီပုံစံကလေးမှ မိရွှေမနဲ့လိုက်တာ။ ‘မ’  ရဲ့ လက် က   အသားပြည့်တယ်   မဟုတ်လား။ အန်တီတို့ ဝယ်ပေးတဲ့ မန်ကျည်းစေ့လောက်ရှိတဲ့ နာရီလေးနဲ့ ဘယ်လိုက်မလဲ။  ခုပုံစံဟာ ‘မ’ လက်နဲ့ အတော်ပဲ။ ကြည့်လို့ပိုလှလာတယ်”
‘မ’ သည် မျက်နှာမထားတတ်တော့ချေ။ ကိုခင် မောင်ကြည် ပတ်ပေးထားသော ရွှေနာရီကလေးကို သာ လက်တစ်ဖက်ဖြင့် ဖုံးထားလိုက်သည်။
“အမယ်လေး ... မင်းညီမက ချေးအများသား။ ဘယ်အရောင်ဆို ဘာကြောင့်၊ ဘယ်ပုံက ကလက် တယ်၊ ဘယ်ပုံက ဆန်းလွန်းတယ်နဲ့ မဝယ်ဖြစ် တာပဲများတယ်။  ခုနာရီဟာ  မွန် ငယ်ငယ်ကတည်း ကပတ်တဲ့နာရီ။ မွန်တို့၊ မော်တို့ အသစ်ဝယ်ပေမယ့် သူက ချေးများနေတာနဲ့ မဝယ်ဖြစ်ဘူး”
ကိုခင်မောင်ကြည်သည်  ‘မ’  ကိုသာ ရွှန်းရွှန်း စားစား ပြုံး၍ကြည့်နေတော့သည်။
ပြီးမှ   ကလေးငယ်ကိုမေးသလို  မေးလိုက်ပြန် သည်။
“ကဲ .. အခုရော ချေးများဦးမှာလား။ ဒါပဲနော် ... ကိုယ်ဝယ်ပေးတာကိုပတ်မှ ကျေနပ်မယ်။ အဟောင်း ကြီး ပြန်ပတ်ထားရင်တော့ စိတ်ဆိုးမှာ”
ကိုခင်မောင်ကြည်က ငယ်ငယ်ကလိုပင် ရင်းရင်း နှီးနှီး ပြောဆိုဆက်ဆံခြင်းဖြစ်သော်လည်း ‘မ’ အဖို့ ရာတွင် အနေရအထိုင်ရ ခက်နေတော့သည်။
တော်သေးပေသည်။
မော်သည် နောက်ဖေးမှ  ခုန်ပေါက်၍ထွက်လာကာ ကိုခင်မောင်ကြည်၏လက်ကို ဆွဲခေါ်လိုက်သည်။
“ကဲ ... ကော်ဖီသောက်ရအောင်၊ လာ ... မော် ကိုယ်တိုင်ဖျော်လာတာ”
ကိုခင်မောင်ကြည်သည် မော်ဆွဲရာနောက်သို့ ပါသွားလေသည်။ ‘မ’ ကမူ နောက်မှ ခပ်ဖြည်းဖြည်း လိုက်သွားသည်။
“ကဲ ...ဒီမှာထိုင်၊ မော်ငှဲ့ပေးမယ်၊ ကြိုက်တဲ့မုန့်စား” 
မော်က   ကိုခင်မောင်ကြည်ကိုပင်  ကလေးလို သြဇာပေးလိုက်သည်။
ကိုခင်မောင်ကြည်သည်   မော်အမိန့်ပေးသည့် အတိုင်းပင် နာခံလိုက်သည်။
ဆက်လက်ဖော်ပြပါမည်။