အရိုင်းစံပယ်

အောင်လင်း

ယမန်နေ့မှအဆက်

ပြိုင်ပွဲခန်းမတစ်ခုလုံးသည်  ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။  အကဲဖြတ်လူကြီးများသည် ပြူးကြောင်ကြောင်ဖြင့်  ကိုဘခက်အား  ဝိုင်း၍ ကြည့်ကြသည်။ ကိုဘခက်ကမူ စကားဆုံးသည်နှင့် တစ်ပြိုင်နက်   တယောကို   လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍  စင်မြင့်အစွန်းတွင်တင်၍ ရိုက်ခွဲလိုက် သည်။ ပြီးမှ ပြိုင်ပွဲခန်းမအတွင်းမှ တစ်လှမ်းချင်း ထွက်ခဲ့လေသည်။
ကိုဘခက်သည် ဒေါသစိတ်ဖြင့် ဦးတည်ရာမရှိ ထွက်လာခဲ့သည်။ သူ့အဖို့ သွားစရာ၊ နေစရာမရှိ။ တည်းအိမ်သို့ပြန်ရန်လည်း မျက်နှာမပြရဲတော့ချေ။
ကိုဘခက်သည် ခေါင်းငိုက်စိုက်ဖြင့် လျှောက်၍ လာမိသည်။  ထိုအတွင်း  ကားတစ်စီးသည် သူ့ နောက်မှ ကပ်၍ရပ်လိုက်သည်။ ကိုဘခက်သည် ရုတ်တရက် လှည့်၍ကြည့်လိုက်မိသည်။ ကားပေါ်မှ လူကြီး၏မျက်နှာကို    မြင်လိုက်ရသောအခါ သူ့မျက်နှာသည် အလိုလို တင်းမာ၍လာသည်။ 
စောစောကတွေ့ခဲ့သော  အကဲဖြတ်လူကြီးများ ထဲမှ မြင်ခဲ့ရသောမျက်နှာကို ကောင်းကောင်းမှတ်မိ လိုက်သည်။

ကားတွင်းမှ အသက်လေးဆယ်ကျော် ငါးဆယ် ခန့် လူကြီးတစ်ယောက်သည် ပြုံးချိုသောမျက်နှာ ဖြင့် သူ့အနားသို့ ရောက်၍လာသည်။
ကိုဘခက်သည်    ထိုလူကြီးမျက်နှာကိုပင် ကြာကြာမကြည့်နိုင်တော့ချေ။ မကျေမချမ်းသော စိတ်ဖြင့် မျက်နှာကိုလွှဲ၍ ဆက်၍လျှောက်ခဲ့လေ သည်။
“ဟေ့ .... သူငယ်၊ နေပါဦး .... ခဏ၊ ဦး စကား နည်းနည်းပြောပါရစေ”
ကိုဘခက်သည်  မျက်မှောင်ကိုကုတ်၍  ကြည့် လိုက်သည်။ ယခုတစ်ကြိမ်တွင် ထိုလူကြီး၏မျက်နှာ ကိုမြင်လိုက်ရုံဖြင့်    သူ၏ဒေါသစိတ်များသည် တဖြည်းဖြည်း ပြေ၍လာလေသည်။

“မောင်ရင် အခုဘယ်သွားမလို့လဲ”
“ဘယ်ရယ်လို့မဟုတ်ပါဘူး၊     ခြေထောက်က မညောင်းမချင်း လျှောက်သွားနေရမှာပဲ”
လူကြီးသည် သူ့အား အံ့သြဟန်ဖြင့် ငေးမော ကြည့်နေလိုက်သည်။ 
“ဟင် ... ဒါဖြင့် နေတော့ရော ဘယ်မှာနေသလဲ” 
“ကျွန်တော့်မှာ နေစရာအိမ် မရှိပါဘူး”
“ဟင် ... နေစရာမရှိဘဲ ရန်ကုန်မှာ ဘယ်လိုလုပ် နေသလဲ၊ နို့ ... နေပါဦး၊ မောင်က ဘယ်မြို့ကလဲ”
“မန္တလေးနဲ့ အနီးတစ်ဝိုက်မြို့ကပဲ၊ ပြိုင်ပွဲဝင်ချင် လွန်းလို့ စွန့်ပြီးလာတာ၊ ရန်ကုန်မှာ အသိလည်းမရှိ ဘူး၊ တည်းအိမ်လည်းမရှိ။  အရင်တော့ ပြိုင်ပွဲ 
အတွင်းရေးမှူး ဦးဘရီအိမ်မှာအိပ်တယ်။ ခုတော့ သူ့ဆီပြန်သွားလို့လည်း မကောင်းတော့ဘူး”
လူကြီးသည် ကိုဘခက်အား အကဲခတ်သလို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ သို့ကြည့်နေရင်း သူသည် ကိုဘခက်အား သနားလာဟန် ရှိလေ သည်။
“ကျုပ်မောင်ရင့်ရဲ့ တီးကွက်တီးဟန်တွေ အားလုံး ကြိုက်တယ်၊ မောင်ရင့်ကိုပဲ ကျုပ် အမှတ်အများဆုံး ပေးတာပဲ။ ဒါပေမဲ့ ရှစ်ယောက်နဲ့ တစ်ယောက်ဆို တော့ မောင်ရင် ဘယ်ရတော့မလဲ။ မောင်ရင့်ရဲ့ ပညာမာနကိုလည်း ကျုပ်သဘောကျတယ်”
ကိုဘခက်သည်  သူ့နားကိုသူ  မယုံနိုင်သလိုရှိ တော့သည်။ မတရားရှုံးခဲ့ရသောပွဲအတွက် ခံပြင်း ခဲ့သောစိတ်တို့သည်  ထိုလူကြီး၏စကားကြောင့် ပြေပျောက်သွားလေတော့သည်။ ကိုဘခက်သည် ဘာမျှပြန်မပြောနိုင်ဘဲ ငိုင်၍နေမိသည်။ လူကြီး ကား ကိုဘခက်ကို အကဲခတ်နေသလို ကြည့်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေဟန်ရှိသည်။ အတန် ကြာမှ တစ်ခုခုကို ဆုံးဖြတ်လိုက်ဟန်ရှိသည်။
“ကဲ ... မောင်ရင် မြို့ကိုမပြန်ခင် ကျုပ်ဆီမှာ အလုပ်လုပ်မလား၊ ကျုပ်မောင်ရင့်ကို နေစရာအခန်း လည်းပေးမယ်၊ လခလည်းပေးမယ်”
“ခင်ဗျား ... ကျွန်တော့်ကို အလုပ်ပေးမယ် ... ဟုတ်လား၊ ကျွန်တော်က အတီးအမှုတ်ကလွဲလို့ တခြားဘာမှမလုပ်တတ်ဘူး”
ကိုဘခက်၏စကားကိုပင် လူကြီးက သဘောကျ သွားဟန်ရှိသည်။ လူကြီးသည် ကိုဘခက်အား ပြုံး၍ ကြည့်လိုက်ရင်း ပခုံးကို အသာပုတ်လိုက်သည်။
“ကျုပ် လူကဲခတ်မညံ့ပါဘူး၊ မောင်ရင်ကလည်း ဒီအလုပ်ကလွဲလို့   တခြားအလုပ်ကိုလုပ်မယ့်သူ မဟုတ်ဘူးဆိုတာ ကျုပ် အကဲခတ်မိပါတယ်။ အခု မောင်ရင်လုပ်ရမှာလည်း ဒီအလုပ်ပါပဲ။ ကျုပ်အိမ်က ကလေးတွေကို စန္ဒရားနဲ့စောင်း သင်ပေးပါ။ ကျုပ် မောင်ရင်ကျေနပ်အောင်လည်း   လခကြည့်ပေးပါ့ မယ်”
ကိုဘခက်သည်  သူ့အဖြစ်ကိုပင်  သူမယုံနိုင် အောင်ရှိတော့သည်။ အမှန်၌ ရန်ကုန်ဆင်းလာခြင်း ကပင် သည်ပညာဖြင့် ထူးချွန်အောင် ကြိုးစားမည်  ဟူသောဇွဲဖြင့် ဆင်းလာခြင်းဖြစ်သည်။ ရန်ကုန်သို့ ဆင်းလာစဉ်ကမူ မျှော်လင့်ချက်ကလေးတစ်ခုဖြင့် စိတ်ကူးယဉ်ခဲ့မိသည်။ ရန်ကုန်ရောက်လျှင် ပြိုင်ပွဲ တွင်ဝင်၍နွှဲမည်။ ပြိုင်ပွဲကနေ နာမည်တစ်လုံးရ အောင်လုပ်မည်။ သည်နာမည်တစ်လုံးဖြင့် ရန်ကုန် ဂီတလောကတွင် ဝင်၍တိုးမည်။ နောက် ကျော် စောခြင်းကိုရအောင်ယူမည်။ 
ဤကား ကိုဘခက်၏စိတ်ကူးယဉ်ချက်ဖြစ်သည်။ သို့သော် ကနေ့တွေ့ရသော အဖြစ်အပျက်များက သူ စိတ်ကူးယဉ်ခဲ့သမျှကို ပျက်ပြားစေခဲ့သည်။
ထို့ကြောင့်လည်း   ရည်ရွယ်ချက်ကင်းမဲ့စွာ လျှောက်၍လာခဲ့မိသည်။ ယခုမူ မမျှော်လင့်သော အဖြစ်နှင့် ရင်ဆိုင်တိုးရပြန်သည်။ အစ၌ ထိုလူကြီး ပြောနေသောစကားများကိုပင်   မယုံနိုင်အောင် ရှိတော့သည်။ မယုံနိုင်သောစိတ်ဖြင့် သူ့မျက်နှာကို အကဲခတ်လိုက်ပြန်တော့လည်း  လူကြီး၏ တည် ကြည်ခံ့ညာသောဣန္ဒြေက သူ၏သံသယစိတ်ကို ပြေပျောက်သွားစေတော့သည်။
“ကျွန်တော့်စိတ်ကြိုက်      သင်ရမယ်ဆိုရင် ဦးအလုပ်ကို လက်ခံမယ်။ မသင်ရဘူးဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဘုရားပေါ်မှာပဲ စိတ်ချမ်းသာ ကိုယ် ချမ်းသာအိပ်ပြီး ပြန်စရိတ်ရအောင် တယောထိုးပြီး တောင်းမယ်”
လူကြီးသည် ကိုဘခက်စကားကို နားထောင်ရင်း အသံထွက်အောင်ရယ်လိုက်သည်။
“ကြိုက်တယ်ဟေ့.... အနုပညာသမားဆိုတာ ဒီလိုသတ္တိရှိမှ  ကျုပ်ကကြိုက်တာ၊  ဒီမှာမောင်ရင့် စိတ်ကြိုက်ပဲသင်ပါ။  ဦးတို့မတတ်လို့သာ ဆရာ ခေါ်ပြီးအသင်ခိုင်းတာပဲဟာ၊ ဘာမှဝင်စွက်စရာ မလိုပါဘူး။ မောင်ရင့်အဝတ်အစားတွေ သွားယူကြရ အောင်” 
လူကြီးသည် ကားတံခါးကိုဖွင့်၍ ကိုဘခက်အား ရှေ့မှဝင်စေပြီးလျှင် သူက နောက်မှဝင်၍ ထိုင်လိုက် သည်။
“ရန်ကင်းက မောင်ဘရီတို့အိမ်ကို မောင်းကွယ်”
လမ်းတစ်လျှောက်တွင် လူကြီးသည် စကားကို မနားတမ်းပြောလိုက်လာသည်။ ကိုဘခက်သည် လူကြီးပြောသမျှစကားကို လုံးဝမကြားတော့ချေ။ သူ့အတွေးနှင့်သူ နစ်နေတော့သည်။ ရန်ကင်းရောက် လျှင်  သူ့အဝတ်အစားများကို  ဝင်၍ယူရသည်။ တော်သေးသည်၊ ကိုဘရီက အိမ်သို့ပြန်မရောက် သေးချေ။
ကိုဘခက်သည်   သူ၏   မမျှော်မှန်းနိုင်သော ရှေ့ရေးကိုတွေး၍ ရင်လေးရမလို၊ အားတက်ရမလို ရှိတော့သည်။ အမှန်ကား သူ့ဘဝအတွက်  ‘မ’နှင့် ဆုံစည်းရန် အစပျိုးခဲ့ခြင်းကိုမူ လုံးဝပင် မတွေးခဲ့ ချေ။
ကိုဘခက်တို့စီးလာသော    ကားကလေးသည် အင်းလျားကန်ဘေးမှ ခြံတစ်ခုအတွင်းသို့ ဝင်၍ လာခဲ့သည်။ ကိုဘခက်သည် အပေါက်ဝမှ ဆိုင်းဘုတ် ကို သတိထား၍ ကြည့်လိုက်သည်။
“ ဦးကျော်ဒင်”
ကိုဘခက်သည် ဆိုင်းဘုတ်ကို ဖတ်လိုက်ရင်း ဦးကျော်ဒင်အား အကဲခတ်၍ ကြည့်လိုက်သည်။ ဦးကျော်ဒင်၏ ခံ့ညားသောမျက်နှာ၊ ထူထဲသော မျက်ခုံး .. စသည်တို့ကို အကဲခတ်ခြင်းအားဖြင့် တက်ကြွသူတစ်ယောက်ဖြစ်မည်ကို ခန့်မှန်းရလေ သည်။   ဆင်ဝင်ရှေ့သို့   ကားထိုးရပ်လိုက်သည်နှင့် တစ်ပြိုင်နက်    အတွင်းမှ    လူငယ်တစ်ယောက် သံတံခါးကို လာ၍ဖွင့်ပေးလေသည်။ ကိုဘခက်သည် လွယ်အိတ်ကိုယူ၍ ကားပေါ်မှ ဆင်းလိုက်သည်။
“ဟေ့ ... မောင်အေးရေ၊ ဒီအိပ်ရာလိပ် ယူသွား ပါကွ၊ ပြီးတော့ တို့စတိုခန်းကို ရှင်းလိုက်၊ ခုတင် တစ်လုံးချပြီး ပြင်ပေးလိုက်”
ကိုဘခက်သည် ဧည့်ခန်းပေါက်ဝတွင် ရပ်၍နေမိ သည်။ ဧည့်ခန်း အဆောင်အယောင်ကိုကြည့်ပြီး ဝင်ရမည်ကိုပင် ရွံ့နေသလိုရှိတော့သည်။
ဧည့်ခန်းအတွင်း၌ကား  ဦးကျော်ဒင်  ဝင်သွား သဖြင့် ဆူဆူညံညံရှိနေတော့သည်။
“ဟော ... ဒက်ဒီပြန်လာပြီ၊ ဟေ့ ... မွန်ရေ၊ ဒက်ဒီ ပြန်လာပြီဟေ့ ...”
“ဒက်ဒီက သိပ်နောက်ကျတာပဲ၊ သမီးတို့ ရုပ်ရှင် သွားမလို့၊ ဘာနာဒင်းပြနေတယ် ဒက်ဒီ၊ လက်မှတ် တောင် ဝယ်လို့ရပါ့မလားမသိဘူး”
“ဟေ့ ... ဗစ်တာက လက်မှတ်ဝယ်ခဲ့မယ် ပြော တယ်ကွ”
ကိုဘခက်သည် ဧည့်ခန်းပေါက်ဝတွင် ကျောပေး ရပ်နေရာမှ အသာလှည့်၍ကြည့်လိုက်သည်။ 
ဦးကျော်ဒင်သည်  ဆိုဖာပေါ်တွင် ထိုင်နေရာမှ ကိုဘခက်ကို လှမ်းကြည့်လိုက်သည်။
“ဟေ့ ... မောင်ဘခက်၊ လာလေကွာ ... လာပါကွ” မိန်းမပျိုနှစ်ယောက်သည် ကိုဘခက်ကို လှမ်း၍ ကြည့်လိုက်သည်။ ကိုဘခက်သည် အခန်းတွင်းသို့ တစ်လှမ်းချင်း ဝင်သွားလိုက်သည်။ ဦးကျော်ဒင်နှင့် မလှမ်းမကမ်းတွင် ရပ်လိုက်သည်။
မိန်းမပျိုလေးနှစ်ဦးက ဦးကျော်ဒင်နှင့် ကိုဘခက် ကို တစ်လှည့်စီ ကြည့်လိုက်သည်။
“ထိုင်ကွာ .... မောင်ဘခက်နဲ့ မိတ်ဆက်ပေးရ ဦးမယ်၊  ‘မ’ ရော ဘယ်သွားလဲ၊ ခေါ်စမ်း ... မော်”
မော်သည် ကိုဘခက်အား ပြောင်စပ်စပ်ကြည့် လိုက်ပြီးလျှင် အပေါ်ထပ်ဆီသို့ လှမ်း၍အော်လိုက် သည်။ 
“ ‘မ’ ရေ ...  ‘မ’  ... ဒက်ဒီခေါ်နေတယ်ဟေ့”
ကိုဘခက်သည် ဦးကျော်ဒင်အနီးမှ ဆိုဖာတွင် ဝင်၍ထိုင်လိုက်သည်။ ဦးကျော်ဒင်က သူ့သမီးများ ကို ပြုံး၍ကြည့်လိုက်သည်။
“ဟောဒါက သမီးအကြီးဆုံး မွန်၊ ဆေးကောလိပ် မှာ နောက်ဆုံးနှစ်ရောက်နေပြီ၊ သူက အငယ်ဆုံး မော်တဲ့။ ဥပစာ ပထမနှစ်မှာ တက်နေတယ်”
ကိုဘခက်သည်  မွန်နှင့်  မော်ကို အကဲခတ်၍ ကြည့်လိုက်မိသည်။  မွန်သည်  သေးသွယ်သော ကိုယ်လုံးရှိသည်။
ဆရာဝန်မလောင်းဟု ဆိုရသော်လည်း သူ့အသား အရေမှာ ဖျော့တော့ နွမ်းနယ်လှသည်။

သို့သော် မွန့်၏မျက်နှာကလေးကား ချစ်စရာ ကောင်းသည်။ မျက်လုံးကလေးများက ဝိုင်းစက် ကြည်လင်သည်။ ဝတ်စားပုံမှာလည်း ခပ်ရိုးရိုးပင်။
မော်ကား မွန်နှင့် ညီအစ်မဟု ဆိုရသော်လည်း ရုပ်ချင်းမဆင်လှပေ။
ဆက်လက်ဖော်ပြပါမည်။