အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူ (၁၀) မျိုး

မတော်တဆထိခိုက်မိတာတွေ၊ ထိခိုက်ဒဏ်ရာတွေကြောင့် အရိုးအဆစ်တွေကို ထိခိုက်နိုင်တယ်လို့ သိထားကြပါတယ်။ ဒါပေမယ့် ဒီအချက်တွေကြောင့်လည်း အရိုးထိခိုက်နိုင်တယ်ဆိုတာ Hello ဆရာဝန် ပရိသတ်တို့ သိကြရဲ့လားနော် –

ကိုယ်အလေးချိန် ဝန်ပိတာ

အရိုးတွေကို ချိတ်ဆက်ပေးထားတဲ့ အဆစ်တွေဟာ လေးလံတဲ့ဝန်ကို ထမ်းပိုးရတာ သိပ်မခံနိုင်တတ်ကြပါဘူး။ ဝန်အပိဆုံးက ဒူးပါပဲ။ အရွတ်တွေကိုပျက်ယွင်းစေပြီး ခါး၊ တင်ပါးဆုံနဲ့ ခြေကျင်းဝတ်တို့ကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒီလိုဖြစ်စေတဲ့အကြောင်းရင်းထဲမှာ ကိုယ်အလေးချိန်များခြင်းက ရှေ့ကပါဝင်တာမို့ ထိန်းသင့်ပါတယ်။

ဖုန်းပဲအမြဲနှိပ်နေတာ


ဖုန်းလေးကိုင်ပြီး တစ်ချိန်လုံးနှိပ်နေမယ်ဆိုရင်တော့ လက်ချောင်းအဆစ်တွေ ပြဿနာတက်ပါလိမ့်မယ်။ လက်မအရွတ်တွေထိခိုက်နိုင်တယ်၊ ဖုန်းကိုကြည့်လွန်းလို့ လည်ပင်းဇက်ကြောနဲ့ပခုံးအတွက်လည်း မကောင်းပါဘူး။


ဒေါက်မြင့်ဖိနပ်အမြဲစီးတာ


ဒေါက်မြင့်ဖိနပ်စီးထားတာ လှပေမယ့် ခြေထောက်ကို ဖြောင့်တန်းနေစေဖို့ ပေါင်ကြွက်သားတွေက ပိုအလုပ်လုပ်ရပါတယ်။ ဒေါက်ကမြင့်လေ ဒူးမှာ ဖိအားပိုများစေတယ်။ အမြဲ သို့မဟုတ် ကြာကြာစီးထားမယ်ဆိုရင် အဆစ်နာရောဂါဖြစ်လာနိုင်ခြေကို တိုးစေပါတယ်။


လက်ဆစ်ချိုးတာ


ဖျောက်ဖျောက်နဲ့ လက်ဆစ်ချိုးလိုက်ရတာကို သဘောကျကြပါတယ်။ တချို့လူကြီးတွေ သတိပေးသလို ကျိုးတာ၊ အဆစ်လွဲတာတော့မဖြစ်စေနိုင်ပေမယ့် အကျင့်ပါလာရင် လက်ကိုရောင်ရမ်းစေတာ၊ လက်ရဲ့ဆုပ်အားလျော့နည်းစေတာတွေ ဖြစ်လာစေနိုင်ပါတယ်။


အိတ်အကြီးကြီးလွယ်တာ


အိတ်အလေးကြီးတွေလွယ်ထားတာ၊ ဆွဲတာတွေက ဇက်ကြောနဲ့ပခုံးကြော၊ အဆစ်တွေနာကျင်မှုကို ဖြစ်စေတဲ့အကြောင်းရင်းတွေပါ။ ပခုံးမှာ အလေးအပင်ဖြစ်စေရာကနေ ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်စွမ်းနဲ့ လမ်းလျှောက်ပုံကို ပျက်ယွင်းစေနိုင်ပါတယ်။ တစ်ဖက်ပဲသန်လို့ တစ်ဖက်ပဲ တောက်လျှောက်ဝန်ပိစေမယ်ဆို အရိုးအဆစ်ဝေဒနာတစ်ခုခုဖြစ်လာနိုင်ပါတယ်။


မှောက်အိပ်တာ


မှောက်အိပ်တာက ဟောက်တာတော့ သက်သာစေနိုင်ပေမယ့် ကျောရိုးကိုတော့ ဖိအားဖြစ်စေနိုင်ပါတယ်။ ဦးခေါင်းကိုလည်း ပက်လက်အိပ်တာထက် ပိုပြီးလိမ်ခေါက်စေ၊ ဆွဲဆန့်ထားသလို ဖြစ်စေတာကြောင့် တခြားအဆစ်နဲ့ကြွက်သားတွေအပေါ် ဖိအားဖြစ်စေပါတယ်။


အကြောမလျှော့တာ


လေ့ကျင့်ခန်းလုပ်လုပ်မလုပ်လုပ် အကြောလျှော့တာတော့လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ အကြောလျှော့တာက အကြောအခြင်တွေကို ပျော့ပျောင်းစေတယ်၊ အဆစ်တွေကို လှုပ်ရှားရလွယ်စေတယ်၊ ကြွက်သားတွေလှုပ်ရှားမှု ပိုကောင်းစေတယ်။ တောင့်တင်းနေတဲ့ အရိုးအဆစ်တွေကို အတင်းလှုပ်ရှားစေမယ်ဆိုရင် ကိုယ်လက်လှုပ်ရှားမှုအကျိုးကိုရမယ့်အစား ထိခိုက်မှုပါ ရလာပါလိမ့်မယ်။


ကောင်းကောင်းမအိပ်တာ


အိပ်စက်ခြင်းက သင့်အဆစ်တွေကို ထိခိုက်နိုင်တယ်ဆိုတာ အံ့ဩကောင်းအံ့ဩပါလိမ့်မယ်။ သုတေသနအရ ညဘက်ကောင်းကောင်းမအိပ်ခဲ့ရရင် အဆစ်နာဝေဒနာရှိသူတွေမှာ နာကျင်မှု ပိုခံစားရတတ်တယ်လို့ ဆိုပါတယ်။


နေပုံထိုင်ပုံ ပုံစံမကျတာ


မတ်တပ်ရပ်တဲ့အခါ လက်ပြင်ကုန်းပြီး ထိုင်တဲ့အခါ ခန္ဓာကိုယ်က ပုံစံမကျတာမျိုးတွေက ကြာလာရင် ထိခိုက်စေနိုင်ပါတယ်။ ခုံမှာပဲထိုင်ထိုင်၊ ကားပေါ်မှာပဲထိုင်ထိုင် ကိုယ်နေဟန်ထားမှန်ကန်မှ ကြွက်သားနဲ့အဆစ်တွေကို ဝန်မပိစေမှာဖြစ်ပါတယ်။

 

ရေးသားသူ Yun Sandi Nan Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win