အရှေ့တောင်အာရှရဲ့ ငွေကြေးဖောင်းပွမှုအမြင့်ဆုံး လာအိုနိုင်ငံ

 

ထွန်းကျော်

 

၂၀၂၂ ခုနှစ် အရှေ့တောင်အာရှရဲ့ ငွေကြေးဖောင်းပွမှုခန့်မှန်းချက် ဟာ ၃ ဒသမ ၇ ရာခိုင်နှုန်းမှ ၄ ဒသမ ၇ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာခဲ့တယ်လို့  အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ နောက်ဆုံးသတင်း ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်ပါတယ်။

 

ငွေကြေးဖောင်းပွမှုအမြင့်ဆုံးနိုင်ငံ

 

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ လာအိုနိုင်ငံဟာ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။  ဇွန်လအထိ တစ်နှစ်ပြီးတစ်နှစ် ငွေကြေးဖောင်းပွမှုနှုန်းဟာ မှတ်တမ်းတင်ရလောက်တဲ့ပမာဏ ၂၃ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ၂၀၂၂ ခုနှစ် အာရှဖွံ့ဖြိုးရေးသုံးသပ်ချက် နောက်ဆက်တွဲပါ အချက်အလက်များအရ သိရပါတယ်။

 

လာအိုနိုင်ငံအပြင် တခြားအာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေရဲ့ ဇွန်လအထိ တစ်နှစ်ပြီးတစ်နှစ် ငွေကြေးဖောင်းပွမှုနှုန်းဟာလည်း မြင့်တက်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ ၇ ဒသမ ၇ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံဟာ ၃ ဒသမ ၄ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံဟာ ၆ ဒသမ ၁ ရာခိုင်နှုန်းနဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ၄ ဒသမ ၃ ရာခိုင်နှုန်း ငွေကြေးဖောင်းပွလာကြပါတယ်။

 

အာဆီယံရဲ့ငွေကြေးဖောင်းပွမှုဟာ ဆက်လက်မြင့်နိုင်

 

ထို့အပြင် အာရှဖွံ့ဖြိုးရေးဘဏ်က နောက်နှစ်မှာလည်း အာဆီယံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၃ ဒသမ ၁ ရာခိုင်နှုန်းမှ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာမယ်လို့ သုံးသပ်ထားပါတယ်။

 

နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာတဲ့ အဓိကအကြောင်းကတော့ စွမ်းအင်၊ အစားအသောက်ဈေးနှုန်းများနဲ့ ကုန်စည်စီးဆင်းမှု ကမောက်ကမ ဖြစ်ခြင်းကြောင့်ဖြစ်ပါတယ်။

 

၂၀၂၂ ခုနှစ်အတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၃ ဒသမ ၆ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

 

ငွေကြေးဖောင်းပွမှု၊ စွမ်းအင်ဈေးနှုန်းနဲ့ လူနေမှုစရိတ်

 

ထို့အတူ တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံအတွက် ၂၀၂၂ ခုနှစ် ငွေကြေးဖောင်းပွမှုနှုန်း ခန့်မှန်းချက်ကတော့ ၃ ဒသမ ၃ ရာခိုင်နှုန်းမှ ၆ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်လာနိုင်ပြီး ၂၀၂၃ ခုနှစ်မှာတော့ ၂ ဒသမ ၂ ရာခိုင်နှုန်းမှ ၂ ဒသမ ၇ ရာခိုင်နှုန်းအထိ ဆက်လက် မြင့်တက်လာနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ကြိုတင်ခန့်မှန်း ထားပါတယ်။

 

မြင့်တက်လာတဲ့ ငွေကြေးဖောင်းပွမှုခန့်မှန်းချက်ဟာ စွမ်းအင်ဈေးနှုန်းမြင့်တက်လာခြင်းနဲ့ လူနေမှုစရိတ်စက ကြီးမြင့်ခြင်းနဲ့ ဆက်စပ်နေပါတယ်။

 

ငွေကြေးဖောင်းပွမှုကို အဓိကဖြစ်စေတဲ့အချက်များ

 

လာအိုနိုင်ငံမှာဆိုရင် စားသုံးသူဈေးနှုန်း အညွှန်းကိန်းဟာ အစိုးရရဲ့ မျှော်မှန်းထားတဲ့နှုန်းထက် အများကြီး မြင့်တက်နေပါတယ်။ ဓာတ်ငွေ့နဲ့ လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်း၊ သွင်းကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာခြင်း၊ လာအိုငွေ (ကစ်ပ်) တန်ဖိုးကျဆင်းလာခြင်း စတဲ့အချက်တွေဟာ ငွေကြေးဖောင်းပွမှုကို အဓိကဖြစ်စေတဲ့ အချက်များဖြစ်တယ်လို့ လာအိုစာရင်းအင်းဗျူရိုရဲ့ နောက်ဆုံးအစီရင် ခံစာအရ သိရပါတယ်။

 

ထိန်းညှိဖို့သဘောတူ

 

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အစိုးရအစည်းအဝေးမှာ ဝန်ကြီးအဖွဲ့ဝင်တွေနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ ငွေကြေးလဲလှယ်မှုနှုန်းကို တစ်သမတ်တည်းဖြစ်ဖို့နဲ့ တည်ငြိမ်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် လုံလောက်သော လောင်စာဆီရရှိရေးနဲ့ ဈေးကွက်အတွင်း ရောင်းချနေတဲ့ ကုန်စည်များရဲ့ ဈေးနှုန်းများကို ထိန်းညှိဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။

 

စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရ

 

မည်သို့ပင်ဆိုစေ အရှေ့တောင်အာရှရဲ့ စီးပွားရေးကတော့ လောင်စာဆီဈေးနှုန်းကြီးမြင့်မှု၊ ကမ္ဘာ့အတိုးနှုန်းနိမ့်ကျမှု၊ ဆက်လက်ဖြစ်ပေါ်နေသော ကုန်သွယ်မှုနဲ့ ထောက်ပံ့ပို့ဆောင်ရေး အဟန့်အတားများကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

စီးပွားရေးလုပ်ငန်းငယ်များဒဏ်ပိုခံရမယ်

 

ဒီအချက်များဟာ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်ရဲ့ တချို့သော စီးပွားရေးဆိုင်ရာ အလားအလာများကို ကျဆင်းစေပါတယ်။ ထို့အပြင် စီးပွားရေးလုပ်ငန်းငယ်တွေဟာ ကုန်စည်စီးဆင်းမှု အဟန့်အတားများနဲ့ လောင်စာဆီဈေးနှုန်း မြင့်မားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ငွေကြေးဖောင်းပွမှုတွေရဲ့ ဒဏ်ကို အလူးအလဲခံရဦးမှာဖြစ်ပါတယ်။   လာအိုနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေရဲ့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုကတော့ အမြင့်ဆုံးဖြစ်ပါတယ်။

 

အရှိန်ယူရဦးမယ်

 

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှုန်းမြင့်မားမှုနဲ့အတူ ဒေသတွင်း စီးပွားရေးဟာ အလားအလာရှိတဲ့ ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ဖို့ ရုတ်တရက်ကြီး မဖြစ်နိုင်သေးသလို အရှိန်လည်း ယူရဦးမှာဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ မတူဘဲ အရှေ့တောင်အာရှရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုခန့်မှန်းချက်ကို အာရှဖွံ့ဖြိုးရေးသုံးသပ်ချက် (အေဒီအို) ရဲ့ ၂၀၂၂ ခုနှစ်ခန့်မှန်းချက် ၄ ဒသမ ၉ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ အနည်းငယ်ပြန်လည်ပြင်ဆင်ထားပါတယ်။  အေဒီအိုရဲ့ ၂၀၂၃ ခုနှစ် ခန့်မှန်းချက်မှာတော ၅ ဒသမ ၂ ရာခိုင်နှုန်းအထိ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။

 

ငွေကြေးဖောင်းပွမှုဖြစ်အောင် တွန်းအားပေး

 

သေးငယ်တဲ့စီးပွားရေးလုပ်ငန်းတွေမှာတော့ လောင်စာဆီဈေးနှုန်းမြင့်တက်ခြင်း၊ ငွေလဲလှယ်မှုတန်ဖိုးကျဆင်းခြင်းက ငွေကြေး ဖောင်းပွမှုတွေဖြစ်အောင် တွန်းအားပေးနေသလိုပါပဲ။ အထူးသဖြင့်လာအိုနိုင်ငံမှာဆိုရင်တော့ ဒီလိုအခြေအနေကို သတိထားရမှာဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုဟာ အာရှအလယ်ပိုင်း၊ မွန်ဂိုလီးယား၊ ပါကစ္စတန်၊ သီရိလင်္ကာနဲ့ လာအိုနိုင်ငံတို့မှာ ဂဏန်းနှစ်လုံးအဆင့်မှာ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။

 

 ကိုးကား - ဗီယန်ကျင်းတိုင်းမ်