အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အရေပြားမှာ အင်ပျဉ်ထတာက လူတော်တော်များများ ကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ အရေပြား အင်ပျဉ်ထတဲ့ အခြေအနေချင်းက တစ်ခုနဲ့တစ်ခုမတူညီတတ်ကြပါဘူး။ ဒါပေမယ့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ ယားယံပြီး နေရခက်တာကတော့ အသေအချာပါပဲ။ ဒီလိုမျိုးအရေပြားမှာ အင်ပျဉ်ထတဲ့အခါ ဘယ်လိုလေးတွေ လုပ်ရင်သက်သာစေမလဲဆိုတာကို ပြောပြပေးပါရစေ။

အရေပြားမှာ အင်ပျဉ်ထတာခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာဖြစ်နိုင်ပါတယ်။ အရေပြားမှာ အင်ပျဉ်ထတဲ့အခါ နီမြန်းတာ၊ ယားယံတာတွေကတော့ တွေ့ရများတဲ့ အင်ပျဉ်ထတဲ့ လက္ခဏာတွေပါ။

အုတ်ဂျုံ

အုတ်ဂျုံက အရေပြားမှာ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ယားယံမှုတွေကို လျော့ပါးသက်သာစေနိုင်စွမ်း ရှိသလို ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ပျားလိုမျိုး အင်းဆက်ကိုက်ခံရတာကြောင့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ အုတ်ဂျုံက အသင့်တော်ဆုံးပါ။ အုတ်ဂျုံကို ရေနွေးလေးနဲ့ ၁၅ မိနစ် – မိနစ် ၂၀ စိမ်ပြီး အင်ပျဉ်ပေါ်ကိုလူးပေးရမှာပဲဖြစ်ပါတယ်။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်က အရေပြားပြဿနာ တော်တော်များများကို သက်သာစေနိုင်တယ်ဆိုတာကို တော်တော်များများ သိထားပြီးသား ဖြစ်မယ်ထင်ပါတယ်။ အင်ပျဉ်ထတဲ့အခါမှာလည်း အင်ပျဉ်ဖြစ်နေတဲ့နေရာကို ရှာစောင်းလက်ပပ်အသားနဲ့ ပွတ်ပေးလို့ရပါတယ်။ ရှားစောင်းလက်ပပ်က အနာကိုလည်းကျက်စေနိုင်ပါတယ်။

ပန်းသီးဗီနီကာ

အရေပြားပြဿနာတော်တော်များများအတွက် ပန်းသီးဗီနီကာကို သုံးလို့ရပါတယ်။ ဝက်ခြံထွက်တဲ့အခါမှာလည်း ပန်းသီးဗီနီကာကို အသုံးပြုပေးလို့ရပါတယ်။ ပန်းသီးဗီနီကာကို ဂွမ်းစလေးမှာစွတ်ပြီး အင်ပျဉ်ဖြစ်တဲ့နေရာကို လူးပေးမယ်ဆိုရင် အင်ပျဉ်ကြောင့် ယားယံတာကိုသက်သာစေမှာသေချာပါတယ်။

မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါကို အရေပြားပြဿနာ တော်တော်များများအတွက် အသုံးပြုလို့ရပါတယ်။ မုန့်ဖုတ်ဆော်ဒါက အရေပြားပြဿနာ ဖြစ်တဲ့နေရာတွေကို ခြောက်သွေ့အောင် လုပ်ဆောင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အင်ပျဉ်ထတဲ့နေရာတွေကို မုန့်ဖုတ်ဆော်ဒါ ရေဖျော်ပြီး လူးပေးပြီး ခြောက်အောင်ထားလိုက်ပါ ပြီးရင်တော့ ရေဆေးချလိုက်ပါ။ အရေပြားယားယံတာကိုသက်သာစေပါလိမ့်မယ်။

သံလွင်ဆီ

သံလွင်ဆီက အရေပြားကို အစိုဓာတ်ထိန်းပေးသလို အနာကျက်စေနိုင်တဲ့အပြင် အရေပြားကိုလည်း အသစ် ဖြစ်ပေါ်စေနိုင်ပါတယ်။ အရေပြားကို ချောမွေ့စေပြီး ယားယံမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။

ရေခဲကပ်ပေးပါ

ရေခဲကပ်ပေးတာကလည်း အင်ပျဉ်ကို တော်တော်သက်သာစေတဲ့ နည်းတစ်ခုပါ။ ရေခဲမရှိခဲ့ရင်လည်း ရေအေးဝတ် ကပ်ပေးလို့ရပါတယ်။ အအေးဓာတ်က အရေပြားယားယံတာကို လျော့ပါးသက်သာစေနိုင်ပါတယ်။

အုန်းဆီနဲ့လက်ဖက်ဆီ

အရေပြားမှာ ပွေးတို့ညှင်းတို့ ပေါက်တဲ့အခါမှာလည်း အရေပြားယားယံတာကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး အရေပြား ပြဿနာတွေကြောင့် အရေပြားနီမြန်းယားယံတာမျိုး ဖြစ်မယ်ဆိုရင် မှိုပိုးတွေကို သေစေနိုင်စွမ်းရှိတဲ့ လက်ဖက်ဆီတွေနဲ့ အုန်းဆီကိုရောစပ်ပေးပြီး လူးပေးလို့ရပါတယ်။

တမာရွက်

တမာရွက်က အရေပြားပြဿနာတွေကို တော်တော်လေးကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အရေပြားမှာ အင်ပျဉ်ထတဲ့အခါ တမာရွက်ကို ကြိတ်ခြေပြီးလူးပေးလို့ရပါတယ်။ ဒါကလည်း အင်ပျဉ်သက်သာစေမယ့် နည်းလမ်းတစ်ခုပါ။ ဝက်ခြံဖြစ်တဲ့သူတွေအနေနဲ့လည်း တမာရွက်ကို ကြိတ်ခြေပြီး ဝက်ခြံဖြစ်တဲ့နေရာမှာ လူးပေးလို့ရပါတယ်။ တမာရွက်က အရေပြားမှာ ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးနိုင်တဲ့အာ နိသင်ရှိပါတယ်။

ငှက်ပျောခွံ

အရေပြားအင်ပျဉ်ထတဲ့နေရာတွေကို ငှက်ပျောခွံနဲ့ပွတ်ပေးတာကလည်း အရေပြားပေါ်က ဓာတ်မတည့်မှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ အရေပြားပြဿနာတွေဖြစ်တဲ့ အရေပြားယားယံတာ၊ နှင်းခူဖြစ်တာနဲ့ ဝက်ခြံတွေ သက်သာစေဖို့အတွက်လည်း ငှက်ပျောခွံနဲ့ပွတ်ပေးလို့ရပါတယ်။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”

MDN