အရေးကြီးအဆိုအား အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် ကြေညာချက်ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုလွှတ်တော်ရုံး

ကြေညာချက်အမှတ်(၄/၂၀၁၉) ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်)

ပြည်ထောင်စုလွှတ်တော်၏ ကြေညာချက်အမှတ် (၄/၂၀၁၉)

၁။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့၌ အောင်မြေသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက "နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာတွင် အဓိကကျသည့် ဥပဒေပြုရေးအာဏာတည်ရှိရာဖြစ်သော ပြည်ထောင်စုလွှတ်တော်၏ ကိုယ်စားလှယ်အဖြစ် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား (၃-၁၁-၂၀၁၉) ရက်နေ့တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတက်ရောက်ရန် လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ထားခြင်းသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင် အကြမ်းဖက်ခြင်းဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် ယခုကဲ့သို့ ဦးဝှေ့တင်းနှင့်တကွ ဝန်ထမ်းများ၊ အရပ်သားများကို ဖမ်းဆီးထားခြင်းမှ လုံခြုံစိတ်ချ အန္တရာယ်ကင်းရှင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးရန်တောင်းဆိုကြောင်း" အရေးကြီးအဆိုကို တင်သွင်းခဲ့ပါသည်။

၂။ အထက်ပါ အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ၈ ဦးတို့က ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုခဲ့ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်