အပူပိုင်းမုန်တိုင်း တန်ဘင်(Tembin) ကြောင့် ဖိလစ်ပိုင်တွင် ရေကြီးမြေပြိုမှုများ ဖြစ်ပေါ်လျှက်ရှိရာ သေဆုံးသူ ၉၀ အထိရှိလာ

မနီလာ ၂၃ ဒီဇင်ဘာ

ဖိလစ်ပိုင်မှာ တိုက်ခတ်လျှက်တဲ့ အပူပိုင်းမုန်တိုင်း တန်ဘင်(Tembin) ကြောင့် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားလျှက်ရှိရာမှာ သေဆုံးသူ ၉၀ ထိ ရှိပြီဖြစ်ပြီး  ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးလျှက်ရှိနေသေးကြောင်း ယနေ့ ထုတ်ပြန်ထားတဲ့ သဘာဝဘေးကာကွယ်ရေး ဗျူရိုသတင်းများအရ သိရပါတယ်။

သောကြာနေ့ကဖြစ်ပွားခဲ့တဲ့ ထိခိုက်သေဆုံးမှုတေအနက်အများစုဟာ မင်ဒါအိုကျွန်းက ဖြစ်တယ်လို့ သိရပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ မြေပြိုမှုဖြစ်ပွားခဲ့တဲ့ ရွာတွေကို အတိအကျ စာရင်းထုတ်နိုင်ဖို့ ကြိုးစားနေပြီး ဆက်သွယ်ရေးနဲ့ ဓာတ်အားလိုင်းတွေ ပြတ်တောက်နေကြောင်း သိရပါတယ်။

အပူပိုင်းမုန်တိုင်း တန်ဘင်(Tembin) ဟာ ဖိလစ်ပိုင်အနောက်တောင်ပိုင်းရှိ စုလုပင်လယ်ကနေ စတင်ဖြစ်ပေါ်လာခဲ့ပြီး တစ်နာရီကို မိုင် ၂၀ နှုန်းနဲ့ အနောက်ဘက်ကို ရွေ့လျားလျှက်ရှိပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးလုပ်သား၊ စေတနာ့ဝန်ထမ်း၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့၊ အပျက်အဆီးရှင်းလင်းရေးနဲ့ ဆက်သွယ်ရေးနဲ့ဓာတ်အားလိုင်းတွေ ပြုပြင်ဖို့ အားစိုက်လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဖိလစ်ပိုင်ဟာ နှစ်စဉ် မုန်တိုင်း အလုံး၂၀ခန့် ဝင်ရောက်လေ့ရှိပြီး သေဆုံးပျက်ဆီးမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ဖိလစ်ပိုင်အလယ်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ တိုက်ဖွန်းမုန်တိုင်း Kai-Tak ကြောင့် ၄၆ ဦးသေဆုံးခဲ့ပြီး ရက်အနည်းငယ်အကြာမှာ အပူပိုင်းမုန်တိုင်း တန်ဘင်(Tembin) ထပ်မံဝင်ရောက်လာတာဖြစ်ကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရပါတယ်။

ဘာသာပြန်-မိုးမမ