အပူပိုင်းမုန်တိုင်း PABUK (36W) ဖြတ်သန်းမည့် ရက်ပိုင်းအတွင်း ကော့သောင်းခရိုင်အတွင်းရှိ ပင်လယ်ကျွန်း အပန်းဖြေခရီးစဉ်များ ရပ်နားထားမည်

ကော့သောင်း  ၂   ဇန်နဝါရီ

ကော့သောင်းခရိုင်အတွင်း ပင်လယ်ကျွန်းများသို့ အပန်းဖြေခရီး ထွက်ခွာမည့်ခရီးစဉ်များကို ဇန်နဝါရီ ၃ ရက်မှစတင်ကာ ရပ်နားထားကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

18

ထိုသို့ အပန်းဖြေခရီးစဉ်များ ရပ်နားထားရခြင်းမှာ တောင်တရုတ်ပင်လယ်၊ ဗီယက်နန် ကမ်းလွန်ပင်လယ်ပြင်၌ ဖြစ်ပေါ်လျက်ရှိသော အပူပိုင်းမုန်တိုင်း PABUK(36W) သည် အနောက်၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းနှင့် မြိတ်မြို့များအနီးမှ ဖြတ်ကျော်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ မိုးလေဝသ သတင်းထုတ်ပြန်ချက်များအရ ယခုလို့ ရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။

17

အဆိုပါ မုန်တိုင်းသည် ကော့သောင်းမြို့ကို ဖြတ်သန်းစဉ် ဇန်နဝါရီ ၄ ရက် ညနေပိုင်းမှစ၍ ဇန်နဝါရီ ၅ ရက် မွန်းလွဲချိန်အထိ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်းများ ဖြစ်လာနိုင်ခြေရှိကြောင်း၊ မိုးလေဝသသတင်း ထုတ်ပြန်ချက်များအရ မြို့နေပြည်သူများ သတိပြုနေထိုင်ကြရေးနှင့် ကော့သောင်းခရိုင်အတွင်း ပင်လယ်ကျွန်းများရှိ ဟိုတယ်ရီဆော့များသို့ အပန်းဖြေအလည်အပတ်ခရီး ပို့ဆောင်ပေးနေသည့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများအနေဖြင့် အဆိုပါရက်ပိုင်းအတွင်း လုပ်ငန်းများ ရပ်နားထားကြရေး၊ ပင်လယ်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများ ပင်လယ်ပြင်သို့ မထွက်ခွာကြရေး ဒေသတာဝန်ရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။ 

ကျော်စိုး(ကော့သောင်း)

16